The Kaladan Post
၂၀၂၅ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့
စစ်ကောင်စီလက်အောက် ရေစကြိုပြည်သူ့စစ်မှုထမ်း ဥပဒေအရ မတရား စစ်မှုထမ်းရန် ခေါ်ဆောင်ခံရပြီး ရေစကြိုမြို့ ခလရ ၂၅၆. ၂၅၇. ၂၅၈ မှာ တာဝန်ထမ်းဆောင်နေကြသော စစ်မှုထမ်းတပ်သားသစ် ၃ ဦး သည် မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေပြု Southern YSO PDF ထံ အလင်းဝင်လာကြောင်း အဖွဲ့တာဝန်ခံ အောင်အေးမှ ထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန် ချက်အရ ဧပြီလ ၂၄ ရက်နေ့ ရေစကြိုမြို့၊ ခလရ ၂၅၇ မှ စစ်မှုထမ်းတပ်သား ကိုချစ်စမ်းကိုသည် MA 1 သေနတ်ကို ယူဆောင်လာပြီး အလင်းဝင်လာကြောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် ရေစကြိုမြို့ ခလရ ၂၅၆ တပ်မှ တပ်သား မြင့်စိန်သည် ၅ ဒသမ ၅၆ ကျည် ၅၀၀ နှင့်အတူ ပြည်သူ့ရင်ခွင်သို့ အလင်းဝင် ရောက်လာကြောင်းနှင့် ၂၆ ရက်နေ့တွင် ခလရ ၂၅၈ မှ တပ်သား ကိုစည်သူကျော်သည် လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၅ ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၁၀၂ တို့နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ဝင်လာကြခြင်းဖြစ်ကြောင်း သိရပါသည်။
အဆိုပါ စစ်မှုထမ်း တပ်သားသစ်များ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်မှုနှင့် ပတ်သက်ပြီး CDM ဗိုလ်ကြီး ကောင်းသူဝင်း မှ သုံးသပ်ရာတွင် “မိမိဆန္ဒများနှင့် စစ်တပ်ထဲဝင်သူတွေ မဟုတ်ဘဲ အတင်းအကြပ် စုဆောင်းထားသူများဖြစ်တဲ့အတွက် အခွင့်အရေးရှိရင် ရှိသလို ထွက်ပြေးဖို့ ပြင်ဆင်နေကြမှာပဲ၊ အခု ထွက်ပြေးတဲ့သူက နည်းသေးတယ်လို့ ပြောရမယ်၊ နောက်ဆို ဒီထက်မက ထွက်ပြေးလာမယ့် သူ ပိုများလာနိုင်တယ်” ဟု The Kaladan Post သို့ သုံးသပ်ပြောကြားသည်။
“မိမိဆန္ဒများနှင့် စစ်တပ်ထဲဝင်သူတွေ မဟုတ်ဘဲ အတင်းအကြပ် စုဆောင်းထားသူများဖြစ်တဲ့အတွက် အခွင့်အရေးရှိရင် ရှိသလို ထွက်ပြေးဖို့ ပြင်ဆင်နေကြမှာပဲ၊ အခု ထွက်ပြေးတဲ့သူက နည်းသေးတယ်လို့ ပြောရမယ်၊ နောက်ဆို ဒီထက်မက ထွက်ပြေးလာမယ့် သူ ပိုများလာနိုင်တယ်”
အဆိုပါဖြစ်စဉ်နှင့်ပတ်သပ်ပြီး ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးဌာနက တရားဝင်ထုတ်ပြန်ချက် မရှိသေးသလို အသေးစိတ် အချက်အလက်များ သိရှိနိုင်ရေးအတွက် The Kaladan Post မှ တရားဝင် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သတင်းတင်ဆက်သည့် အချိန်ထိ အကြောင်းပြန်ဆိုခြင်းမရှိသေးပေ။