ဖေဖေါ် ၁၄
The Kaladan Post
ဂျာမနီနိုင်ငံ အဓိပတိ Friedrich Merz က စည်းမျဉ်းအခြေပြု ထိန်းညှိတည်ဆောက်ထားသည့် ကမ္ဘာ့အခင်းအကျင်းသည် ဆက်လက်တည်တံ့နေမည်မဟုတ်တော့ကြောင်း သတိပေးပြောကြားလိုက်သည်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသော Munich Security Conference ဖေဖော်ဝါရီ ၁၃ ရက် အဖွင့်မိန့်ခွန်းတွင် မားဇ်က ယနေ့ခေတ်တွင် အင်အားကြီးနိုင်ငံများက ကိုယ်ပိုင်အကျိုးစီးပွားအတွက် မူဝါဒများကို ချယ်လှယ်လိုသည့် လမ်းကြောင်းသို့ ရောက်ရှိလာကြောင်း၊ ထိုအခြေအနေအောက်တွင် နိုင်ငံများ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာများသည် အာမခံချက်မရှိတော့ကြောင်း ပြောကြားခဲ့သည်။
မားဇ်က ဥရောပနိုင်ငံများအနေဖြင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် အခြေအနေများအတွက် လိုအပ်မည့် စီးပွားရေးနှင့် စစ်ရေးရင်းနှီးမြှုပ်နှံမှုများကို ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အစဉ်အလာမဟာမိတ်ဖြစ်သည့် အမေရိကန်နှင့်လည်း သဘောထားကွဲလွဲမှုများ နက်ရှိုင်းလာနေကြောင်း ဝန်ခံခဲ့သည်။
အထူးသဖြင့် NATO အဖွဲ့ဝင် ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို အမေရိကန်က စစ်ရေးအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ထိန်းချုပ်နိုင်ကြောင်း အမေရိကန်သမ္မတ Donald Trump က ခြိမ်းခြောက်ပြောဆိုခဲ့မှုနောက်ပိုင်း ညီလာခံ ကျင်းပခြင်းဖြစ်သည်။ ထရမ့်က နောက်ပိုင်းတွင် ဂရင်းလန်ကို အမေရိကန်ပိုင်နက်အဖြစ် သိမ်းယူရေးကိစ္စအပေါ် လက်ရှိအချိန်တွင် လက်လျှော့ထားသည့် သဘောမျိုး ပြန်လည်ပြောဆိုခဲ့သည်။
ညီလာခံတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio လည်း တက်ရောက်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် “ပထဝီဝင်နိုင်ငံရေး ခေတ်သစ်” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။
မားဇ်က မိန့်ခွန်းအတွင်း ကမ္ဘာ့စည်းမျဉ်းအခြေပြု စနစ်သည် အကောင်းဆုံးအချိန်တွင်တောင် ပြီးပြည့်စုံမှု မရှိခဲ့ကြောင်း၊ ယခုအခါတွင်မူ ထိုစနစ်၏ တည်ရှိမှုကိုယ်တိုင် မမြင်ရတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု သုံးသပ်ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပအကြား အမြင်ကွဲလွဲမှုများ ရှိနေကြောင်းကိုလည်း မားဇ်က ထည့်သွင်းပြောကြားခဲ့ပြီး၊ အမေရိကန် ဒုသမ္မတ J. D. Vance သည်လည်း ယခင်နှစ် မြူးနစ်ညီလာခံတွင် အလားတူ အမြင်ကွဲလွဲမှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရည်ညွှန်းခဲ့သည်။
ထို့ပြင် ဥရောပသည် ကုန်သွယ်ခွန် တိုးမြှင့်ခြင်းနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒများထက် လွတ်လပ်သည့် ကုန်သွယ်ရေးစနစ်ကို ယုံကြည်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို ထိန်းသိမ်းကာကွယ်ရန် အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။
သို့ရာတွင် ဆယ်စုနှစ်များတိုင် တည်တံ့ခဲ့သော အတ္တလန္တိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးကို လက်လွှတ်မထားလိုကြောင်း၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် အမေရိကန်ကို တိုက်တွန်းကြောင်း မားဇ်က အထူးထည့်သွင်းပြောကြားခဲ့သည်။
နောက်ဆုံးတွင် ဥရောပနိုင်ငံများအတွက် နျူကလီးယားကာကွယ်ရေးဆိုင်ရာ စီမံချက်များကို ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဆွေးနွေးထားကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပါ။ ပြင်သစ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်များအနက် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။
ယခုနှစ် Munich Security Conference တွင် ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ပြီး ဥရောပကာကွယ်ရေးနှင့် အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအနာဂတ်တို့ကို အဓိက ဆွေးနွေးကြသည်။
သတင်းရင်းမြစ် – BBC News
ဓာတ်ပုံ – EPA