ဖေဖေါ် ၂၀

The Kaladan Post

ဆူဒန်နိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း အစုလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ လူမျိုးသုဉ်း သတ်ဖြတ်မှုမြောက်သည့် ဝိသေသလက္ခဏာများ တွေ့ရှိရကြောင်း United Nations (UN) ၏ အချက်အလက် ရှာဖွေရေး မစ်ရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

UN မစ်ရှင်၏ အဆိုအရ ဆူဒန် အစိုးရစစ်တပ်နှင့် တိုက်ခိုက်နေသော Rapid Support Forces (RSF) တပ်ဖွဲ့များသည် နိုင်ငံအနောက်ပိုင်း ဒါဖာဒေသရှိ El Fasher မြို့ကို သိမ်းယူချိန်တွင် အလွန်ဆိုးရွားသည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့ကြောင်း သိရသည်။ RSF သည် မြို့ကို ၁၈ လကြာ ဝန်းရံပိတ်ဆို့ထားပြီးနောက် အောက်တိုဘာလကုန်ပိုင်းတွင် ဝင်ရောက် သိမ်းယူခဲ့ခြင်းဖြစ်သည်။

UN အချက်အလက် ရှာဖွေရေး မစ်ရှင်၏ မှုခင်းပညာရှင် မိုနာ ရစ်ရှ်မာဝီက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားရာ၌ စုဆောင်းရရှိထားသည့် အထောက်အထားများအရ RSF သည် မြို့ကို ကာလရှည် ပိတ်ဆို့ထားကာ လူသားချင်း စာနာမှု အကူအညီများ ဝင်ရောက်ခွင့်ကို တားဆီးခဲ့သဖြင့် ဒေသခံများ အငတ်ဘေး ရင်ဆိုင်ရစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် မြို့သိမ်းယူပြီးနောက် အစုလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ အဓမ္မ ပျောက်ကွယ်စေမှုများနှင့် စနစ်တကျ သိက္ခာချ အရှက်ခွဲမှုများကို ကျူးလွန်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

မစ်ရှင်၏ သုံးသပ်ချက်အရ RSF ၏ လုပ်ရပ်များသည် ဒေသတွင်း ဇာဟာဝါနှင့် ဖားရ် လူမျိုးစုများကို ပစ်မှတ်ထား၍ ပျက်စီးပျောက်ကွယ်စေရန် ရည်ရွယ်သည့် အလားအလာများ တွေ့ရှိရပြီး လူမျိုးစုတစ်ခုအား ပစ်မှတ်ထား သတ်ဖြတ်မှု၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အကြီးအကျယ် ဖြစ်စေမှု၊ လူမျိုးစု၏ ပိုင်ဆိုင်မှုနှင့် အသိုက်အမြုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု စသည့် လူမျိုးသုဉ်း သတ်ဖြတ်မှု ဝိသေသ အနည်းဆုံး သုံးချက်နှင့် ကိုက်ညီနေကြောင်း ဖော်ပြထားသည်။

မစ်ရှင်အဖွဲ့ဝင်များသည် El Fasher မြို့အတွင်းသို့ ကိုယ်တိုင် ဝင်ရောက်စစ်ဆေးခွင့် မရခဲ့သော်လည်း မျက်မြင်သက်သေများနှင့် အသက်ရှင်ကျန်ရစ်သူများ အပါအဝင် လူပေါင်း ၃၂၀ ကျော်အား အင်တာဗျူး ပြုလုပ်ခဲ့ပြီး မှန်ကန်ကြောင်း အတည်ပြုထားသည့် ဗီဒီယိုများနှင့် ဂြိုဟ်တုဓာတ်ပုံများကိုလည်း အထောက်အထားအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

ဆူဒန်တွင် အစိုးရစစ်တပ်နှင့် RSF တို့အကြား အာဏာအလွန်ဆွဲမှုများမှ စတင်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် ဧပြီလမှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သည့် ပြည်တွင်းစစ်အဖြစ် ပြောင်းလဲခဲ့သည်။ စစ်ပွဲကာလတလျှောက် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း နှစ်ဖက်စလုံးမှ အပြန်အလှန် စွပ်စွဲမှုများလည်း ဆက်လက် ထွက်ပေါ်နေသည်။

Source – BBC

Photo – The New York Times