ဇွန် ၂၃၊ ၂၀၂၆

The Kaladan Post

 

ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုင်ရာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲတွေ ပြီးဆုံးသွားပြီးနောက် အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်ဘက်က ရက်ပေါင်း ၆၀ ကြာ ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။ ဒီလို ဖြေလျှော့ပေးလိုက်တာနဲ့အတူ ဒေသတွင်း ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်အရ လက်ဘနွန်နိုင်ငံမှာလည်း တိုက်ခိုက်မှုတွေ သိသိသာသာ ငြိမ်သက်လာတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ကာတာပိုင် Buergenstock အပန်းဖြေစခန်းမှာ တနင်္လာနေ့အစောပိုင်းက ပြီးဆုံးခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ကြားဝင်စေ့စပ်ပေးတဲ့ ပါကစ္စတန်နဲ့ ကာတာနိုင်ငံတို့ရဲ့ ပြောကြားချက်အရ နှစ်နိုင်ငံအကြား အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုကို ရက်ပေါင်း ၆၀ အတွင်း ရယူနိုင်မယ့် လမ်းပြမြေပုံတစ်ခုကို သဘောတူညီနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ကြား လက်ဘနွန်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် ယန္တရားတစ်ခုကိုလည်း သဘောတူညီခဲ့ကြပါတယ်။ မဟာဗျူဟာမြောက် ဟော်မုဇ် (Hormuz) ရေလက်ကြားမှာ ကုန်တင်သင်္ဘောတွေ ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် ဆက်သွယ်ရေးလိုင်းတစ်ခု ဖွင့်လှစ်ဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသဘောတူညီချက်အရ အီရန်ရဲ့ စီးပွားရေးကို ပြန်လည်ကုစားပေးမယ့် ပထမဆုံးခြေလှမ်းအနေနဲ့ လာမယ့် သြဂုတ်လ ၂၁ ရက်နေ့အထိ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးထားမယ်လို့ [အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန] က ထုတ်ပြန်ထားပါတယ်။ ဒီအတွက်ကြောင့် အီရန်အနေနဲ့ ရေနံနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခွင့်နဲ့ ငွေပေးချေမှု လက်ခံခွင့်တွေ ရရှိလာမှာဖြစ်ပြီး တနင်္လာနေ့မှာတော့ ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောတွေ ပြန်လည်သွားလာလာတဲ့အတွက် ကမ္ဘာ့ရေနံဈေးနှုန်း ၃ ရာခိုင်နှုန်းခန့် ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က “ကျွန်တော်တို့အနေနဲ့ အောင်မြင်တဲ့ နောက်ဆုံးသဘောတူညီချက်တစ်ခုအတွက် အလွန်ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါရီ (Esmaeil Baghaei) ကတော့ နျူကလီးယားကိစ္စရပ်တွေကို ဆွေးနွေးရခြင်းမရှိသေးသလို ဘာကတိကဝတ်မှလည်း အသစ်မပေးထားဘူးလို့ နိုင်ငံပိုင် IRNA သတင်းဌာနကို ဖြေကြားထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ “အကယ်၍ အီရန်အနေနဲ့ သူတို့ရဲ့ သဘောတူညီချက်အတိုင်း မလိုက်နာဘူးဆိုရင်၊ ဒါမှမဟုတ် အပြုအမူတွေ မကောင်းဘူးဆိုရင်တော့ ကျွန်တော်လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ။ ပိတ်ဆို့မှုရုပ်သိမ်းလိုက်လို့ ပြန်ရလာမယ့် ငွေကြေးတွေဟာလည်း ကျွန်တော်တို့ တောင်သူတွေဆီကိုပဲ သွားမှာပါ။” လို့ သတိပေးပြောဆိုထားပါတယ်။ သို့သော်လည်း အီရန်ဗဟိုဘဏ်ဥက္ကဋ္ဌ အဗ္ဗဒေါနာဆာ ဟမ်မာတီ (Abdolnaser Hemmati) ကတော့ အဲဒီလို ကန့်သတ်ချက်မျိုး မရှိဘဲ ပိတ်ဆို့မခံရတဲ့ အခြားကုန်စည်တွေကို ဝယ်ယူသုံးစွဲနိုင်တယ်လို့ တုံ့ပြန်ထားကြောင်း Tasnim သတင်းဌာနက ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးနဲ့ လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေး အခြေအနေတွေဟာ စနေနေ့ညပိုင်းကတည်းက အတော်လေး တည်ငြိမ်နေခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြင်းထန်စွာခံခဲ့ရတဲ့ နာဘာတီယာ (Nabatieh) မြို့က ဆေးရုံအုပ်ကြီး ဟာဆန် ဝါဇနီ (Hassan Wazni) က “ကျွန်တော် အခြေအနေတွေကို နေ့စဉ်စောင့်ကြည့်နေပါတယ်။ အချိန်အများစုကတော့ ဆေးရုံမှာပဲ အိပ်ဖြစ်နေတာပါ။ အခုရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကတော့ စစ်ပွဲစကတည်းကဆိုရင် အကြာဆုံးပါပဲ။” လို့ ရိုက်တာသတင်းဌာနကို မှတ်ချက်ပြုထားပါတယ်။

လက်ဘနွန်စစ်ပွဲကြောင့် လူပေါင်း တစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အချို့မှာ နေရပ်စတင်ပြန်လာနေကြပြီဖြစ်သော်လည်း အများစုကတော့ စိုးရိမ်ပူပန်နေကြဆဲဖြစ်ပါတယ်။ အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အင်္ဂါနေ့မှာတော့ ဝါရှင်တန်ဒီစီမှာ ဆွေးနွေးပွဲအသစ်တစ်ခု ထပ်မံစတင်ဖို့ ရှိနေပါတယ်။ သက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် ဆွေးနွေးပွဲတွေကိုတော့ ဒီတစ်ပတ်အတွင်း ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း Source: Reuters