‌ရေဦးမြို့အနီး ရွှေကျီးမင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး

ဇန်န ၁၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်ဘက်အထွက်ရှိ ရွှေကျီးမင်းဂိတ် (ယခင်ကုန်စုံဆိုင်တည်ရာ)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ရက် မနက်၅နာရီခန့်က ရေဦးကော်လံစစ်ကြောင်း ဦးဆောင်ပြီး တော်လှန်ရေးပူးပေါင်း တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၄ က ထုတ်ပြန်သည်။ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်တစ်ဦး အပါအဝင် အနည်းဆုံး ၉ ဦး သေဆုံးခဲ့ကြောင်း ရေဦးကော်လံ စစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ ဂိတ်အတွင်း ကျန်ရှိ နေသော စစ်ကောင်စီတပ်သားများမှာ ဆိုင်ကယ်ဖြင့် ရေဦးမြို့ထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။ ထို့အပြင် ပွိုင့် ၅ တင်လာသော ကားတစ်စီးကိုလည်း ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ယာဉ်မောင်းသူ ကျည်ထိမှန်သေဆုံးပြီး ကားတိမ်းမှောက်ကာ ကားပေါ်ပါ စစ်ကောင်စီတပ်သား ၄ ဦး ထပ်မံ သေဆုံးခဲ့သည်။ စုစုပေါင်း စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဤ တိုက်ခိုက်မှုကို ရေဦးကော်လံ စစ်ကြောင်း ဦးဆောင်ပြီး ရွှေဘိုခရိုင် တပ်ရင်း (၁၁)၊ (၁၄)၊ (၂၄) နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖြစ်သည်။

စစ်တပ်၏ရွေးကောက်ပွဲ အောင်မြင်မှုကို နိုင်ငံတကာ အံ့ဩဟု ဇော်မင်းထွန်း ပြောဆို

ဇန်န ၁၃
The Kaladan Post
စစ်ကိုင်းတိုင်း ရေဦးမြို့အနီး တိုက်ပွဲများနှင့် တိုက်ဆိုင်နေချိန်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဒုတိယ အဆင့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့ရာ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲ၏ အောင်မြင်မှုနှင့် မဲပေးသူ အရေအတွက်ကို အံ့ဩနေကြသည်ဟု စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ Popular News မှ မေးမြန်းမှု အပေါ် ဇော်မင်းထွန်းက နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များ လာရောက်လေ့လာခဲ့ပြီး ပွင့်လင်းမြင်သာ စွာ ထုတ်ပြန်ခဲ့ကြသည်။ သူက မြန်မာနိုင်ငံအခြေစိုက် သံရုံးတာဝန်ရှိသူများကို နိုင်ငံတကာ စောင့်ကြည့် သူအဖြစ် ရည်ညွှန်းပြီး မဲရုံများတွင် တန်းစီမဲပေးနေမှု၊ မဲပေးစက်များ၏ ပွင့်လင်းမြင်သာမှုကို အံ့ဩခဲ့ ကြောင်း ထပ်လောင်း ဖော်ပြခဲ့သည်။ သို့သော် ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ် စားလှယ် တွမ်အင်ဒရူးက ဇန်နဝါရီ ၉ ရက်တွင် ဤရွေးကောက်ပွဲကို “အတုအယောင် လုပ်ရပ်” ဟု ခေါ်ဆိုကာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပယ်ချရန် တိုက်တွန်းခဲ့သည်။ သူက “နိုင်ငံရေး အကျဉ်းသားများ ထောင်ပေါင်းများစွာ ချုပ်နှောင်ခံထားရပြီး ယုံကြည်ရသော အတိုက်အခံပါတီများ ဖျက်သိမ်းခံထားရသည့် အခြေအနေတွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်” ဟု ပြောကြားခဲ့သည်။ နိုင်ငံတကာ မီဒီယာများနှင့် လေ့လာသူအများစုကလည်း ဤရွေးကောက်ပွဲကို အတုအယောင်ဟု ယူဆကာ ၂၀၂၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက မဲပေးသူ အရေအတွက် အလွန်နည်းပါးခဲ့သည်ဟု ထောက်ပြနေကြသည်။

ငဖဲမြို့နယ်တွင် ကျောင်းသားလက်ရုံးတပ်တော်ထံ စစ်သား ၁၃ ဦး အလင်းဝင်ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်

ဇန်န ၁၃

The Kaladan Post
မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာလမ်းမကြီး တဝိုက်ရှိ စစ်ဆင်ရေး နယ်မြေတွင် ပြီးခဲ့သည့် နှစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး အလင်းဝင်ခိုလှုံလာခဲ့ကြောင်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံး တပ်တော်က ထုတ်ပြန်သည်။ ထိုသို့ အလင်းဝင်လာသူများကို ယခုအခါ တပ်တော်၏ ရဲဘော်များ အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိပြီး သူတို့၏ ကျွမ်းကျင်မှုနှင့် အလိုက်သင့် မူဝါဒနှင့်အညီ တာဝန်များ ပြန်လည်ချထားပေးထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါ နယ်မြေအတွင်း တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၁၆ ဦးကိုလည်း နိုင်ငံတကာ စစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထား ကာ ကောင်းမွန်စွာ ဆက်ဆံနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိ စစ်ကောင်စီတပ် မှာ အထက်က ခိုင်းသမျှ အမှားအမှန် မခွဲခြားနိုင်ပဲ လုပ်နေရတဲ့ တပ်သားကစလို့ အဆင့်ဆင့် အရာရှိ တွေ အနေနဲ့ အချိန်မနှောင်းခင် အမှန်တရားဘက်ကို ရည်တည်၊ ပြည်သူကို မျက်နှာမူပြီး ဘက်ပြောင်းခို လှုံကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ် ဟု ကျောင်းသားလက်ရုံးတပ်တော် အထွေထွေ အတွင်းရေးမှူး ၂ နွေညိမ်းက ပြောဆိုသည်။ ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် အဖိနှိပ်ခံ လူထုကို မျက်နှာမူကာ တော်လှန်ရေး တာဝန်ထမ်းဆောင်လိုသူ မည်သူမဆို အတူတိုက်ပွဲဝင်ရန် လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

BGF မှ KNA ဘက်တံဆိမ်ပြောင်းသည့် စခန်းနှစ်ခုကို စစ်တပ်က လေကြောင်းဗုံးကျဲသဖြင့် KNA စစ်သား ၁ ဦး သေဆုံး

ဇန်န ၁၃
The Kaladan Post
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မြောက်ပိုင်း သိုက်တောရွာ နှင့် ဥဒေါင်းရွာအနီး ရှိ ယခင် BGF စခန်း ၂ ခု ကို ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၃:၂၅ နာရီခန့်က စစ်တပ်က တိုက်လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ KNA ဘက်တံဆိပ်ပြောင်းသွားသော စစ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ထို့ပြင် ဗုံးကျဲမှုကြောင့် အရပ်သား ၂ ဦး နှင့် KNA တပ်ဖွဲ့ဝင် ၂ ဦး ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကရင်စစ်ရေး အရင်းအမြစ်တစ်ဦးက စခန်းကို တမင်ဗုံးကျဲတာ ဖြစ်ပြီး BGF မှ KNA ဘက်ပြောင်းလဲမှုကို မကျေနပ်လို့ ယူဆရပြီး မှားယွင်း ကျဲချခြင်း မဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ ဇန်နဝါရီ ၁ ရက်တွင် BGF တပ်ဖွဲ့အချို့ (အထူးသဖြင့် တပ်နယ် ၂ နှင့် ၃) က KNA အဖြစ် ဘက်တံဆိပ်ပြောင်းလဲ ဖွဲ့စည်းပြီးနောက် စစ်တပ်က ဇန်နဝါရီ ၂ ရက်တွင် ပူးတွဲ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို ပြန်လည်ခေါ်ယူခဲ့ကြသည်။ ထို့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်က စစ်ရေး လုံခြုံရေး အထူး သတိပြုရန် ညွှန်ကြားခဲ့ပြီး ယခုလို လေကြောင်း တိုက်ခိုက်မှုများ စတင်လာခြင်း ဖြစ်သည်။

မဲပေးသူနည်းပါးပြီး အရှက်တကွဲဖြစ်စေသည့် စစ်တပ်‌ရွေးကောက်ပွဲကို အာဆီယံနှင့် နိုင်ငံတကာက ပယ်ချရန် SAC-M တိုက်တွန်း

ဇန်န ၁၃
The Kaladan Post
မြန်မာစစ်ကောင်စီက ကြံ့ဖွတ်ပါတီ (USDP) အနိုင်ရရှိရန် အတုအယောင်အကွက်ချ စီစဉ်ထားသော ရွေးကောက်ပွဲကို ဆက်လက်ကျင်းပရန် ကြိုးပမ်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) က ထောက်ပြပြီး အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယတိပြတ် ငြင်းပယ်ရန် တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ ပထမ အဆင့်သည် လူသူကင်းမဲ့ မြို့ပြလမ်းများ၊ မဲရုံများတွင် မဲပေးသူ အလွန်နည်းပါးမှု၊ မဲရုံဖျက်သိမ်းမှု များနှင့် ဆန့်ကျင်ကန့်ကွက်မှုများကြားတွင် အရှက်တကွဲ ဖြစ်ခဲ့ကြောင်း SAC-M က ဆိုသည်။ ပြည်သူများက စစ်အုပ်စုနှင့် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ငြင်းပယ်ထားပြီး ဖြစ်သည်ဟု SAC-M အဖွဲ့ဝင် Yanghee Lee က ပြောဆိုသည်။ ပထမအဆင့်သည် စစ်အုပ်စု၏ လူတကာရယ်စရာ ဖြစ်ကြောင်း ပေါ်လွင်စေရုံသာ ဖြစ်ပြီး အာဆီယံနှင့် နိုင်ငံတကာအစိုးရများက ဤအလိမ်အညာ ရွေးကောက်ပွဲကို ယတိပြတ် ငြင်းပယ်ပြီး တရားဝင် ဒီမိုကရေစီ အစုအဖွဲ့များနှင့် ဆက်ဆံသင့်သည် ဟု ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲသည် စစ်အုပ်စု၏ ကိုယ်ပွားပါတီ ကြံ့ဖွတ်ပါတီ အောင်နိုင်ရေး အတွက် တမင်ချမှတ်ထားသော လုပ်ဇာတ်ဖြစ်ကြောင်း၊ လူထုထောက်ခံမှု အများဆုံး ရရှိထားသော နိုင်ငံရေးပါတီများ (အထူးသဖြင့် NLD) ကို ပိတ်ပင်ထားပြီး ဒီမိုကရေစီ ခေါင်းဆောင်များ ကို အကျဉ်းချထားကြောင်း SAC-M က ရှင်းပြသည်။ နိုင်ငံတကာက ဤလုပ်ရပ်ကို ချက်ချင်း အဆုံး သတ်ရန်၊ လက်နက်နှင့် ငွေကြေး စီးဆင်းမှု ပိတ်ဆို့ရန်၊ စစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ ရာဇဝတ်မှုများ အတွက် တရားစီရင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ထို့ပြင် စစ်ကောင်စီ၏ ရက်စက်မှုများ တွင် ပါဝင်မှု မဖြစ်စေရန်နှင့် မြန်မာပြည်သူများ၏ တရားဝင် ဒီမိုကရေစီ ဆန္ဒများနှင့် အတူ ရပ်တည် ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းနေသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တရားဝင် အင်အားစုများကို ပံ့ပိုးရန် SAC-M က ဆက်လက် တောင်းဆိုထားသည်။

မင်းတုန်း-သရက်လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

ဇန်န ၁၃
The Kaladan Post
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှ သရက်မြို့သို့ ရွေးကောက်ပွဲ အတုအယောင် မဲပုံးများ ပို့ဆောင်ရန် နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်လာသော စစ်ကောင်စီ စစ်ကြောင်းကို သရက်ခရိုင် အမှတ်(၄) တပ်ရင်း (PDF) က ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲသည် မင်းတုန်းမြို့နယ် သဖန်းကိုင်းရွာအနီး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်း အင်အား ၂၀၀ ကျော်ပါဝင်ကာ မိုင်းဆွဲ ကနဦး တိုက်ခိုက်မှုကြောင့် ၁၅ မိနစ် ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရွေးကောက်ပွဲ အပိုင်း(၂) အတွက် ပြီးခဲ့တဲ့လ တွေကတည်းက မင်းတုန်းတွင် အင်အားဖြည့်ခဲ့ပြီး သရက်တွင် အပိုင်း(၁) လုပ်ခဲ့ပြီး ဇန်နဝါရီလ အပိုင်း(၂) ကျ မင်းတုန်းနှင့် ကံမတွင် လုပ်ဆောင်နေသော်လည်း မြို့ပေါ်နှင့် နီးစပ်သော ရွာအချို့တွင်သာ လုပ်နိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆို သည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အတုအယောင်ကို အင်အားအလုံးအရင်းဖြင့် ဆောင်ရွက်နေချိန် တွင် မဲပုံးပို့ဆောင်ရေး လမ်းကြောင်းကို ကြိုတင် ရှင်းလင်းရန် စစ်ကြောင်း ထိုးလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

လယ်ဒို-မူးမြို့နယ်များတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဇန်န ၁၃
The Kaladan Post
ပဲခူးတိုင်း လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ် အတွင်း ဇန်နဝါရီ ၁၁ ရက်နှင့် ၁၀ ရက်များတွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ချက် အရ သိရှိရသည်။ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၂:၁၀ နာရီခန့်တွင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမှ စစ်တပ်က ရွှေတဲစု ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၃၇ နှစ်အရွယ် စောဖားလား ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုနေ့ နံနက် ၁၁:၄၀ နာရီခန့်တွင် ဖိုးတကျေးရွာသို့ ဒရုန်းဗုံး ၂ လုံး ကျဲချခဲ့ရာ အသက် ၄၀ နှစ်အရွယ် မသန်းကြွယ် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ဇန်နဝါရီ ၁၀ ရက် နံနက် ၁၀:၄၅ နာရီခန့်တွင် ကင်မွန်းခြုံ ကျေးရွာ သို့ ဒရုန်းဖြင့် ဗုံး ၇ လုံး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေအိုင်ရှည်ရွာ အနီးတစ်ဝိုက်တွင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးဖြင့် တိုက်ပွဲ မရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သော်လည်း ပြည်သူ ထိခိုက်မှု သို့မဟုတ် နေအိမ် ပျက်စီးမှု မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

မြင်းခြံမြို့တွင် ရွေးကောက်ပွဲအပိုင်း(၃) မတိုင်မီ အထပ်မြင့်အဆောက်အဦးများတွင် မင်းအောင်လှိုင်တပ်များ တပ်စွဲနေ

ဇန်န ၁၃
The Kaladan Post
စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၃) အတွက် မန္တလေးတိုင်း မြင်းခြံမြို့နယ်အပါအဝင် မြို့နယ် ၆၃ မြို့နယ်တွင် ဆောင်ရွက်ရန် စီစဉ်နေချိန် မြင်းခြံမြို့ အပြင်ဘက်ဝန်းကျင်ရှိ အထပ်မြင့် အဆောက်အဦးများနှင့် ဘုန်းကြီးကျောင်းများတွင် စစ်တပ်က တပ်စွဲ ချထားမှုများ ဇန်နဝါရီ ၁၂ ရက်မှ စတင် ပြုလုပ်လျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ရွေးကောက်ပွဲ မတိုင်မီ တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှု စိုးရိမ်မှုကြောင့် စစ်ကောင်စီက မြို့တွင်း ပျူစောထီးများနှင့် ပူးပေါင်း အင်အားချထားပြီး မြို့ပတ်ဝန်းကျင် ရွာများနှင့် အထပ်မြင့်နေရာ များတွင် တပ်စွဲနေကြောင်း သိရသည်။ စစ်ကောင်စီက နွားထိုးကြီးနှင့် မြင်းခြံမြို့နယ်များတွင် ဇန်နဝါရီ ၂၅ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း ၂၀၂၅ ဩဂုတ်လကတည်းက နွားထိုး-မြင်းခြံ လမ်းပိုင်းတွင် စစ်ကြောင်းထိုး နယ်မြေရယူရန် ကြိုးပမ်းခဲ့သော်လည်း ၅ လကျော်ကြာ နယ်မြေ မထိန်းနိုင်သေးကြောင်း သိရှိရသည်။ လက်ရှိတွင် ထိုလမ်းပိုင်းတွင် မကြာခဏ တိုက်ပွဲ ဖြစ်ပွား နေပြီး ကျေးရွာ ၃၀ ကျော်မှ ပြည်သူများ ရှောင်တိမ်းနေရသည်။ ရွေးကောက်ပွဲ အပိုင်း(၃) တွင် မန္တလေးတိုင်းမှ မြင်းခြံ၊ ငါန်းဇွန်၊ သပိတ်ကျင်း၊ ပုသိမ်းကြီး၊ တောင်သာ၊ မလှိုင်၊ မြစ်သားနှင့် ချမ်းမြသာစည် မြို့နယ်များ ပါဝင်ကာ နိုင်ငံတဝန်း မြို့နယ် ၆၃ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရေဦးမြို့ ရွှေကျီးမင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံး

ဇန်န ၁၃
The Kaladan Post
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ အနောက်ဘက်အထွက်ရှိ စစ်ကောင်စီ၏ ရွှေကျီးမင်းဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၈ ရက် နံနက် ၅ နာရီဝန်းကျင်တွင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ မှ သတင်းထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း ဂိတ်တာဝန်ခံ ဗိုလ်အဆင့်ရှိ စစ်သား ၁ ဦးအပါအဝင် ဂိတ်စခန်းအတွင်း တာဝန်ကျနေသူ ၉ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ ပွိုင့်-၅ စက်သေနတ်တပ်ဆင် ထားသော စစ်ကောင်စီ မော်တော်ယာဉ်တစ်စီး တိုက်ခိုက်ခံရမှုကြောင့် တိမ်းမှောက်ပျက်စီးကာ ယာဉ်ပေါ်ပါ တပ်ဖွဲ့ဝင် ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။ တိုက်ပွဲအပြီး ကျန်ရှိသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဂိတ်စခန်းကို စွန့်ခွာပြီး ဆိုင်ကယ်များဖြင့် ရေဦးမြို့တွင်းသို့ ဖရိုဖရဲ ဆုတ်ခွာထွက် ပြေးခဲ့ကြသည်။ အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုခရိုင် တပ်ရင်း ၁၁၊ ၁၄၊ ၂၄ နှင့် ဒေသတွင်း တော်လှန်ရေး အင်အားစုများ ပူးပေါင်းဖွဲ့စည်းထားသော “ရေဦးစစ်ကြောင်း” မှ ဦးဆောင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရေဦးမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေနိုင်သဖြင့် ဒေသခံ ပြည်သူများ သွားလာရာတွင် အထူးသတိထားရန် လိုအပ်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၄ က သတိပေးထားသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ လူငယ်တစ်ဦး ဖမ်းဆီးခံရ

ဇန်န ၁၃
The Kaladan Post
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့တွင် စစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပချိန်အတွင်း ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီခန့်က အသက် ၂၁ နှစ်အရွယ် ကိုမင်းထက်က ‘Reject the Illegal election’ စာတန်းကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း Rangoon Scout Network မှ ထုတ်ပြန် ထားသည်။ ကိုမင်းထက်သည် တာမွေမြို့နယ် နတ်မောက်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး ထိုင်ခုံ တစ်လုံးပေါ်ထိုင်ကာ ဆိုင်းဘုတ်ငယ်ကိုင်ဆောင်ထားရုံသာ ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှု မရှိဘဲ တစ်ဦးတည်း ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မြို့တော်ခန်းမ တစ်ဝိုက်တွင် လုံခြုံရေး အမြဲတမ်း တင်းကြပ်စွာ ချထားပြီး ရွေးကောက်ပွဲနေ့ ဖြစ်သည့်အတွက် ပိုမိုပြင်းထန်စွာ ချထားခဲ့ကြောင်း ရှင်းလင်းချက်တွင် ဖော်ပြထားသည်။ ဖမ်းဆီးပြီးနောက် ကိုမင်းထက် ကို ကျောက်တံတားရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရှိရပြီး မည်သည့်ပုဒ်မဖြင့် အရေးယူထား သည်ကို မသိရသေးသော်လည်း ရွေးကောက်ပွဲ နှောင့်ယှက်မှု ပုဒ်မဖြင့်ပင် ဖြစ်နိုင်ကြောင်း ခန့်မှန်းထား ကြသည်။ လက်ရှိ ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ လှိုင်၊ သာကေတ နှင့် စမ်းချောင်းမြို့နယ်များတွင် ဆန္ဒပြသူ သို့မဟုတ် ရွေးကောက်ပွဲ ဆန့်ကျင်သူများ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၂ ဦးအထိ ရှိနေပြီဟု ဒေသခံများက ဆိုသည်။

ပြွန်တန်ဆာမြို့ အုပ်ချုပ်ရေးမှူး နေအိမ်တွင် 9Stars UG တပ်ဖွဲက ပစ်ခတ်ခံရပြီး သေဆုံး

ဇန်န ၁၃
The Kaladan Post
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ မြို့မ ၁ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသောင်း (အသက် ၆၈ နှစ်) ကို ဇန်နဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်က နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း 9Stars UG အဖွဲ့မှ ထုတ်ပြန်ထားသည်။ ပစ်ခတ်မှုအတွင်း ဦးလှသောင်း အိပ်ယာထဲတွင် အိပ်ပျော်နေစဉ် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ပြီး ဇနီးဖြစ်သူ ရှိနေသော်လည်း ထိခိုက် မှု မရှိဘဲ ထားခဲ့ကြောင်း 9Stars UG ခေါင်းဆောင် မြွေပွေးက ပြောကြားသည်။ နေအိမ်သည် ပြွန်တန်ဆာရဲစခန်းနှင့် ကိုက် ၆၀၀ ခန့်သာ ဝေးကွာသဖြင့် ပစ်ခတ်ပြီးနောက် ချက်ချင်း ဆုတ်ခွာနိုင်ခဲ့ ကြောင်း ဆိုသည်။ ဦးလှသောင်းသည် သထုံအခြေစိုက် အမှတ် ၅၂၅ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲမှ တပ်ကြပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူထားသူ ဖြစ်ပြီး သားနှစ်ဦးမှာ ဗိုလ်မှူး ကိုကိုလင်း (စစ်တပ်) နှင့် ရဲတပ်ဖွဲ့ဝင် လှဌေး တို့ ဖြစ်သည်။ NLD အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး ရာထူးမှ ရပ်နားခံရ သော်လည်း စစ်အာဏာသိမ်းပြီးနောက် ပြန်လည် ခန့်အပ်ခံရသူ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြွန်တန်ဆာ ပျူစောထီးအဖွဲ့ကို ဦးဆောင်ကာ ဧည့်စာရင်း ထောက်ခံစာ လုပ်ပေးရန် ငွေကြေး တောင်းခံ ခြင်း၊ စစ်မှုထမ်းကြေး ၂ သောင်း၊ ကင်းကြေး ၂ ထောင်ကို လစဉ် ကောက်ခံခြင်း၊ ဒေသခံ အချို့ကို စစ်မှုထမ်းအတွက် ရောင်းစားခြင်း၊ ရွေးကောက်ပွဲ ပူးပေါင်းပါဝင်မှုများ ရှိခဲ့သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း 9Stars UG က ပြောဆိုသည်။