ရွေးကောက်ပွဲကော်မရှင်ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတွေ့ဆုံမှုဖြင့် PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးကြောင်း စစ်ကောင်စီ ထုတ်ပြန်
ဇန်န ၁၅
The Kaladan Post
ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင် တို့သည် ကော်မရှင်ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့သဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖမ်းဆီးကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် သည်။ ထိုတွေ့ဆုံမှုကို တိုင်ကြားချက်ရရှိပြီး ဝန်ခံထားသောကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။ ထို့ပြင် ပြည်ပမှ ငွေကြေး၊ ပစ္စည်း သို့မဟုတ် အကူအညီများ လက်ခံပါက ပါတီဖျက်သိမ်းအထိ အရေးယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ အရေးယူမှုနောက်ခံတွင် ဒေါ်သက်သက်ခိုင်အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲစီမံမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလက အင်တာဗျူးတစ်ခုတွင် ပြင်းထန်စွာ ဝေဖန်ခဲ့မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု လူထုထဲတွင် ကျယ်ပြန့်စွာ ယုံကြည်မှုရှိနေသည်။ ထိုအင်တာဗျူးတွင် စစ်တပ်ကို ပါတီတစ်ခု၏ လက်ကိုင်တုတ်ဖြစ်စေလိုခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေများကို စစ်ဗိုလ်ချုပ်များက စိတ်တိုင်းကျ ရေးသားခဲ့ကြောင်း စသည်ဖြင့် ဝေဖန်ရေးသားခဲ့သည်။

မင်းကင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ရပြီး စစ်သား ၅ ဦး သေဆုံး
ဇန်န ၁၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ယနေ့ (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်) နံနက် ၉ နာရီခန့်က ကံကျေးရွာ၊ တောင်ယာတောကျေးရွာ စကမ အထိုင်စခန်းမှ ပျဥ်းပင်မှော်ရွာသို့ ထိုးလာသော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြိုတင်စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (S.R.F) ကထုတ်ပြန်သည်။ တိုက်ပွဲသည် ကံရွာနှင့် ပျဥ်းပင်မှော် ရွာအကြား ဒိုးနွယ်အရပ်တွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ခန့်မှန်း ၁ နာရီခန့် ကြာမြင့် ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းနင်းမိခဲ့ရာ အနည်းဆုံး စစ်သား ၅ ဦး အပြင်းအထန် ထိခိုက်သေဆုံးခဲ့ကြောင်း S.R.F တာဝန်ရှိသူက ပြောဆိုသည်။ တော်လှန်ရေးဘက်တွင် ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ မင်းကင်းမြို့နယ်အတွင်း ၂၀၂၆ နှစ်စပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်မှ စစ်အင်အားနှင့် လက်နက်ခဲယမ်း ပိုမိုဖြည့်တင်းလာသည်ကို တွေ့ရှိရပြီး ရွေးကောက်ပွဲကာလ အလွန်ပိုင်းတွင် စစ်ကြောင်းထိုးလာနိုင်သဖြင့် ဒေသခံပြည်သူများ လုံခြုံရေး ဂရုစိုက်ကြရန် S.R.F က သတိပေး နှိုးဆော်ထားသည်။ S.R.F အနေဖြင့် ပြည်သူလူထု၏ အကျိုးကို ရှေးရှုကာ အဖိနှိပ်ခံ ပြည်သူများနှင့် အတူ အာဏာရှင်စနစ်ကို ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

မြင်းခြံ ပျူစောထီး ခေါင်းဆောင် သီတာယုမွန်၏ အမျိုးသား စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
ဇန်န ၁၅
The Kaladan Post
မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် စစ်စစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင် ဒေါ်သီတာယုမွန်၏ အမျိုးသား ဦးစိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၃) (တောင်သာတပ်ရင်း)က ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပုဂံညောင်ဦးသို့ အပန်းဖြေခရီး ထွက်လာစဉ် မြင်းခြံ-ပုဂံ လမ်းပိုင်းတွင် အခြား သုံးဦးနှင့်အတူ ကားပေါ်တွင် WY မူးယစ်ဆေးဝါးများ၊ ငွေသားအချို့နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုတွင် ကားပေါ်တွင် အမျိုးသမီး အချို့ပါဝင်ခဲ့ပြီး ပုဂံဘုရားဖူးသွားမည်ဟု ဆိုကာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စိန်လွင်သည် မြင်းခြံ ပျူစောထီး ဒုတိယခေါင်းဆောင် အဆင့်ဖြစ်ပြီး ဝန်ထမ်းကတ်၊ လက်မှတ်များရှိကာ စစ်တပ်စစ်ကြာင်းများတွင် လိုက်ပါခဲ့သူ ဖြစ်သည်။ လက်ရှိတွင် စစ်ဆေးမေးမြန်းမှု ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး ဥပဒေအရ အရေးယူသွားမည်ဟု တပ်ရင်း (၃) တာဝန်ရှိသူက ပြောကြားထားသည်။ ယခင်ကလည်း သီတာယုမွန်နှင့် ပတ်သက်သော ပျူစောထီး အဖွဲ့ဝင်များကို ဖမ်းဆီးရမိမှုများနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုများ ရှိခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် သီတာယုမွန်နှင့် စိန်လွင်တို့ ဦးဆောင်သော ပျူစောထီး အဖွဲ့သည် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ မြို့နယ်များတွင် စစ်တပ်နှင့်အတူ နယ်မြေရှင်းလင်းရေး လုပ်ငန်းများတွင် ပါဝင်ကာ အရပ်သားများကို PDF ဟု စွပ်စွဲ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဆိပ်ဖြူမြို့နယ်တွင် ကပစ ၂၂ လက်နက်ခဲယမ်းစက်ရုံ ဓာတ်အားလိုင်း ဖြတ်တောက်ခံရ၊ စစ်သား ၅ ဦး သေဆုံး
ဇန်န ၁၅
The Kaladan Post
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စစ်တပ်၏ အမှတ် (၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂၂) သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်း မီးတိုင်များနှင့် မီးကြိုးများကို တော်လှန်ရေး တပ်ဖွဲ့များ က ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး က ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်တို့တွင် ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များအတွင်း မီးတိုင် ၁၀ ခုကျော်နှင့် ဆက်စပ်မီးကြိုးများကို ဖျက်ဆီးနိုင်ခဲ့ပြီး စက်ရုံ၏ လက်နက်ခဲယမ်း ထုတ်လုပ်ရေး လုပ်ငန်းများ ရပ်တန့်သွားခဲ့သည့်အပြင် တစ်ပတ်ကြာ သောက်သုံးရေ ပြတ်လပ်မှုပါ ဖြစ်ပေါ်ခဲ့ကြောင်း တပ်ဖွဲ့က ပြောဆိုသည်။ ဖြတ်တောက် ထားသော မီးလိုင်းများကို ပြန်လည်ပြင်ဆင်ရန် ရောက်ရှိလာသည့် စစ်ကောင်စီ စစ်သားများကို မိုင်းထောင်ခွဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး (LDF) မှ တာဝန်ရှိသူက ပြောဆိုသည်။ အဆိုပါ လုပ်ဆောင်ချက်များကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး (LDF)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃) နှင့် ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (NSP) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အချုပ်သားများ ခေါ်ဆောင်ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် နှစ်ဦးကို ထုတ်ပယ်ပြီး အရေးယူမည်ဟု မိုးမိတ်ခရိုင် ပကဖ ထုတ်ပြန်
ဇန်န ၁၅
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်) တွင် အရေးကြီး ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ မိုးမိတ်ခရိုင် ပကဖ တပ်ရင်း (၁) မှ ခရိုင် ဒုတာဝန်ခံ (ပြည်သူ့ရေးရာ) ရဲဘော် တူးတူး နှင့် ခရိုင် ဘဏ္ဍာရေးတာဝန်ခံ ရဲဘော် မိထော် တို့ နှစ်ဦးသည် ရဲဘော်၊ ရဲမေ၊ သင်တန်းသားများနှင့် အချုပ်သားများကို ခေါ်ဆောင်ကာ ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို အဖွဲ့အစည်းမှ ချက်ချင်း ထုတ်ပယ်လိုက်ပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မိုးမိတ်ခရိုင် ပကဖ က ကြေညာသည်။ ထို့အပြင် ပြစ်မှု စီရင်မှု မပြီးဆုံးမချင်း ကျူးလွန်သူ နှစ်ဦးကို မည်သည့် တော်လှန်ရေး အဖွဲ့အစည်းများကမျှ လက်မခံရန် အသိပေး တားမြစ်ထားသည်။ ကျူးလွန် သူများက ခေါ်ဆောင်သွားသည့် ရဲဘော်၊ ရဲမေ၊ သင်တန်းသားနှင့် အချုပ်သားများကို အမြန်ဆုံး အဖွဲ့အစည်းထံ ပြန်လည် အပ်နှံရမည် ဖြစ်ပြီး မအပ်နှံပါက ၎င်းတို့ကို တပ်ပြေးသမားများအဖြစ် သတ်မှတ်ကာ ပြန်လည် ထိန်းသိမ်းအရေးယူ သွားမည်ဟု မိုးမိတ်ခရိုင် ပကဖ က သတိပေးထားသည်။

ဟားခါးမြို့နယ်တွင် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၈၃,၆၈၈ ကျော် ခြစားမှုဖြင့် CDF-Hakha က အမည်ပျက်စာရင်း ကြေညာ
ဇန်န ၁၅
The Kaladan Post
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး ယန္တရားများမှ မြေပြင် တွင် အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု မရှိဘဲ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၈၃,၆၈၈ ကျော်ကို ထုတ်ယူ ခြစားခဲ့ကြသည့် ဒုတိုင်းမှူး၊ ဗျူဟာမှူး၊ ဝန်ကြီးချုပ်နှင့် ဝန်ထမ်းများ အပါအဝင် ပုဂ္ဂိုလ်များကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး (CDF-Hakha) ဗဟိုကောင်စီက ယနေ့ (၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်) အမည်ပျက်စာရင်း အဖြစ် ကြေညာသည်။ ထိုသူများသည် ကိုယ်ကျိုးစီးပွား အတွက် ကုမ္ပဏီအတု အမျိုးမျိုး ထောင်ကာ အခွင့်အရေးများ ရယူခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း၍ စာရွက်စာတမ်း၊ ဓာတ်ပုံ အတုအယောင်များဖြင့် ငွေကြေးထုတ်ယူ ခြစားခဲ့သည်ဟု CDF-Hakha က ဆိုသည်။ အဆိုပါ ရာဇဝတ်မှုများတွင် ပါဝင်သည့် စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ကိုင်နေ သော အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပုဂ္ဂိုလ်များကိုလည်း အမည်ပျက်စာရင်း သွင်းကာ ပစ်မှတ် များအဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ယနေ့မှစ၍ အထူး ပစ်မှတ်ထားတိုက်ခိုက် အရေးယူ ဆောင်ရွက် သွားမည်ဟု CDF-Hakha ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကြေညာချက် ထုတ်ပြန်သည့်နေ့မှ (၁၅) ရက်အတွင်း လာရောက် ဖြေရှင်းခြင်း မရှိပါက ဟားခါးမြို့နယ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်သိမ်းယူပြီးသားအဖြစ် မှတ်ယူရမည်ဖြစ်ပြီး ဟားခါးမြို့နယ်အတွင်း စီးပွားရေး လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ သွားလာခွင့်များကိုလည်း ပိတ်ပင်ပြီးသားအဖြစ် သတ်မှတ်မည်ဟု ဆိုထားသည်။ ပူးတွဲစာရင်းတွင် မပါဝင်သေးသည့် အသင်းအဖွဲ့၊ လုပ်ငန်းရှင်နှင့် ပုဂ္ဂိုလ်များကိုလည်း လုပ်ငန်းဆောင်ရွက်မှု ရှိ၊ မရှိနှင့် အကျင့်ပျက်ခြစားမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး တွေ့ရှိပါက ဆက်လက် ချပြပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။ အဆိုပါ အမည်ပျက်စာရင်းတွင် ဒုတိုင်းမှူး၊ ဗျူဟာမှူး၊ ဗိုလ်မှူး အာကာ ကျော်မိုး အပါအဝင် ဌာနဆိုင်ရာ ဝန်ကြီးများနှင့် အခြားပုဂ္ဂိုလ်စုစုပေါင်း ၄၈၄ ဦး ပါဝင်ကြောင်း သိရှိရသည်။

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ဦး သေဆုံး
ဇန်န ၁၅
The Kaladan Post
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခန့်က ရွှေဝါကျေးရွာ အခြေစိုက် ခမရ ၃၀၇ တပ်ရင်းမှ လက်နက်ကြီး (၁၂၀ မမ) များဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ထိုပစ်ခတ်မှု ကြောင့် ဘုရားကုန်းကျေးရွာနေ အသက် ၇၈ နှစ်အရွယ် ဦးသောင်းမြင့်နှင့် ဇနီးဖြစ်သူ အသက် ၇၀ နှစ်အရွယ် ဒေါ်သန်းအေး တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး မြေးဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နေဆန်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီ ၁၂ ရက်က ကြိမ်ခါးကုန်း ကျေးရွာအနီး စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် စစ်သား ၂၀ နီးပါး သေဆုံး၊ သေနတ် ၁၈ လက် နှင့် ခဲယမ်းများ သိမ်းဆည်းခံရပြီးနောက် အထိနာခဲ့သည့်အတွက် ဇန်နဝါရီ ၁၄ ရက်တွင် လက်နက်ကြီး များဖြင့် ကျေးရွာများဘက် ဦးတည်ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ တိုက်ပွဲ ကြောင့် ဘုရားကုန်း၊ ကြိမ်ခါးကုန်း၊ ကျောင်းဆိုး စသည့် ကျေးရွာများမှ ဒေသခံ အများစု နေရပ်စွန့်ခွာ ထွက်ပြေးနေကြသော်လည်း သေဆုံးသူ နှစ်ဦးမှာ သက်ကြီးရွယ်အို ဖြစ်သည့်အတွက် ထွက်ပြေးနိုင် ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ အလားတူ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ အိုင်ရှည် (အောင်ချမ်းသာ) ရပ်ကွက်ချောင်းကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီကျော်တွင် တပ်မ ၁၀၁ မှ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှု မရှိသော်လည်း နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် စစ်တပ် ခြေကုတ်စခန်းတစ်ခု KIA က ထပ်မံသိမ်းပိုက်ပြီး တပ်သား ၂၀ ဖမ်းမိ
ဇန်န ၁၅
The Kaladan Post
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့တွင် ဆက်လက်ထိုးစစ်ဆင်နေရာ ဇန်နဝါရီ ၁၄ ရက်က စစ်ကောင်စီ၏ အမှတ် (၉၃၃) ထောက်ပံ့ပို့ ဆောင်ရေးတပ် ရှေ့ဆုံး ခြေကုတ်အထိုင်စခန်းနှင့် ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ထုတ်ပြန်သည်။ ထိုစခန်းများကို သိမ်းပိုက်ချိန်တွင် တပ်မ (၈၈) လက်အောက်ခံ စစ်ကောင်စီ တပ်သား ၂၀ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။ သို့သော် အမှတ် (၉၃၃) တပ်ရင်းအဓိက စခန်းကိုယ်တိုင်မှာ မပါဝင်သေးဘဲ ရှေ့တန်း ခြေကုတ်နှင့် ကာကင်းများသာ ဖြစ်ကြောင်း ရှင်းလင်းချက်များအရ သိရသည်။ KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဗန်းမော်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယမန်နေ့က ပိုမိုပြင်းထန်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။ ဗန်းမော်မြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း အမတ (၃၆၆)၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်းနှင့် ဗန်းမော်လေဆိပ်တို့ကို KIA က သိမ်းပိုက်နိုင်ခဲ့သည်။ ယခုအချိန်ထိ စကခ (၂၁)၊ ခလရ (၄၇)၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ်နှင့် အခြားတပ်စခန်းများအနီး တိုက်ပွဲများ ဆက်ရှိနေပြီး ဗန်းမော်မြို့ အပြည့်အဝ ထိန်းချုပ်ရေး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

စစ်တပ် ရွေးကောက်ပွဲအပြီး KIA၊ AA အပါအဝင် ERO အချို့နှင့် အပစ်ရပ်ရေး ကြိုးပမ်းနိုင်ဟု MDSI သုံးသပ်
ဇန်န ၁၅
The Kaladan Post
စစ်တပ်သည် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်မှတဆင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ (ERO) နှင့် အပစ်ရပ်စဲရေး ကြိုးပမ်းလာနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေး အဖွဲ့ (MDSI) က သုံးသပ်ထားသည်။ MDSI ၏ ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့သော “စစ်တပ် ၂၀၂၅ ခုနှစ် မဟာဗျူဟာပြုပြင်ပြောင်းလဲလာမှုများ” သုတေသန အစီရင်ခံစာတွင် အဆိုပါ ချဉ်းကပ်မှုကို ထည့်သွင်း ဖော်ပြထားပြီး တဖက်တွင်လည်း ၂၀၂၆ ခုနှစ်အတွင်း ရခိုင်၊ ကချင်၊ ကရင်၊ ချင်း အပါအဝင် မဟာဗျူဟာအရ အရေးပါသော နယ်မြေများ၊ ဆက်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် ပူးပေါင်း စစ်ဆင်ရေးများ ပြင်းထန်စွာ ဆောင်ရွက်လာနိုင်ကြောင်း ထောက်ပြ ထားသည်။ မြေပြန့်ဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပံ့လမ်းကြောင်းများကို ဖြတ်တောက်ရန် ပစ်မှတ်ထားလုပ်ဆောင်မှု၊ ခေတ်သစ်နည်းပညာများ အသုံးပြု၍ စောင့်ကြည့်ထောက်လှမ်းခြင်း၊ စစ်ရေးသတင်းအခြေခံ ချေမှုန်းစစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တန်ဖက်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ERO နှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ကောင်စီ၏ လှုပ်ရှားမှုများကို စနစ်တကျ လေ့လာ၊ တန်ပြန်တိုက်စစ် ပေါင်းစပ်ဖော်ဆောင်ရန်၊ တပ်အင်အားစု စုစည်းကျစ်လျစ်စေရန်နှင့် စစ်ရေးအရင်းအမြစ်များ အားကောင်းလာအောင် ပြင်ဆင်ရန် MDSI က အကြံပြုထားသည်။

မွန်ပြည်နယ် ရေးမြို့နယ်မှ စစ်ကောင်စီ တပ်သား ၃ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်
ဇန်န ၁၅
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာစံပြကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်း (စကခ ၁၉ လက်အောက်ခံ) မှ တပ်သား ၃ ဦးသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အထူးတိုင်စစ်ဌာန၊ နည်းဗျူဟာ (၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ ပစ-၁၇၆၀၉၀ တပ်သား အောင်ဆန်းလင်း ၊ ပစ-၁၇၆၀၈၉ တပ်သား ခင်မောင်စိုး နှင့် ပစ-၁၇၇၈၀၀ တပ်သား ဇီလေး တို့ ဖြစ်ပြီး MA3-(၂) သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်နှင့် ကျည် ၄၈ တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်သား ၃ ဦးသည် စစ်ကောင်စီ၏ အတင်းအဓ္ဓမ စစ်မှုထမ်း စုဆောင်းမှုကို ခံခဲ့ရသူများဖြစ်ပြီး သံဖြူဇရပ်မြို့နယ် ဝဲကလိ သင်တန်းကျောင်း အပတ်စဉ် (၁၆) နှင့် အမှတ် (၁၁) တန်းမြှင့်သင်တန်းကျောင်း အပတ်စဉ် (၁၆) မှ သင်တန်းဆင်းများ ဖြစ်ကြောင်း သိရှိရသည်။ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းမှူး ရဲဘော် ဗိုလ်ကျန်ရစ်က “အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုဂုဏ်ယူကြောင်း” ပြောကြားခဲ့ပြီး အတင်းအဓ္ဓမ စစ်မှုထမ်းရန်ထက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲ ပါဝင်ကာ တော်လှန်ရေး အမြန်ဆုံး အောင်မြင်ရေး အတွက် ဝိုင်းဝန်းတွန်းအားပေးကြရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ပြည်သူများအနေဖြင့်လည်း ကျရာနေရာမှ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ အမြန်ဆုံး ပြည်သူ့ရင်ခွင်ထံ ခိုလှုံအလင်းဝင်ရောက်ကြရန် တပ်ရင်းမှ ဆက်လက် တိုက်တွန်းထား ကြောင်း သိရှိရသည်။
