ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်ချောင်းပျူစောထီးခေါင်းဆောင် လင်းထင်(ခ)ငလင်း အပါအဝင် ၁၀ ဦး သေဆုံး
ဇန်န ၁၇
The Kaladan Post
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူ ကားလမ်းဘေးရှိ ဆင်ချောင်းကျေးရွာ (ပျူရွာ) တွင် တပ်စွဲနေသော ပျူစောထီးအဖွဲ့ကို ဒရုန်း Drop Bomb များဖြင့် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် လင်းထင် (ခ) ငလင်း အပါအဝင် အဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ သေဆုံးသွား သူ လင်းထင်မှာ ဝန်ကြီးဟောင်း ဦးစိုးမောင်၏ တူမဖြစ်သူ ညီအစ်ကို ဖြစ်ပြီး ၎င်း၏ အရှိန်အဝါကို အသုံးချကာ ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ အမျိုးသမီးငယ်များကို ဖမ်းဆီးပြီး အချုပ်ခန်းအတွင်း မုဒိမ်းကျင့်ခြင်း အပါအဝင် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း ရေစကြို ပကဖ ထုတ်ပြန်တွင် ဖော်ပြထားသည်။ ထို့ပြင် မုဒိမ်းမှု လေးငါးမှုကျော်ရှိကြောင်း ထွက်ဆိုချက်များ ဖြင့် သက်သေအထောက်အထား ရရှိထားပြီး ဖြစ်ကြောင်း ဆိုသည်။ ရေစကြို ပကဖ အနေဖြင့် လင်းထင်အား အရှင်ဖမ်းဆီးရန် ဝေဟင်ကင်းထောက်ခြင်း၊ မြေပြင်စနိုက်ပါများဖြင့် တစ်လကျော်ကြာ စောင့်ကြည့်ထောက်လှမ်းခဲ့သော်လည်း အခွင့်အရေး သင့်လျော်ချိန်တွင် ခြင်းလုံးခတ်ကစားနေစဉ် ဒရုန်းဖြင့် တစ်ခါတည်း ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြထားသည်။ ဒရုန်းဗုံး ၁၄-၁၅ လုံးခန့် ချခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ပျူစောထီးကျန်ရှိသူများ ရမ်းကားပစ်ခတ်မှုများ ဖြစ်နိုင်သဖြင့် ရေစကြို-ပခုက္ကူ လမ်းပိုင်းကို ဖြတ်သန်းသွားလာရာတွင် ခရီးသွားပြည်သူများ အထူးသတိပြုရန် ရေစကြိုမြို့နယ် ပကဖက သတိပေး နှိုးဆော်ထားသည်။

စလင်းမြို့နယ်တွင် ၃ ရက်အတွင်း စစ်တပ်က လူငယ် ၇၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီး
ဇန်န ၁၇
The Kaladan Post
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့တွင် ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်နေ့အ တွင်း စစ်ကောင်စီ တပ်ဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြင်းထန်စွာ ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ ညီနောင် စလင်း၏ ထုတ်ပြန်ချက်အရသိရသည်။ စလင်းမြို့နှင့် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆေးရုံများတွင် လူနာများနှင့် လူနာစောင့်များကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။ ကူတိုကျေးရွာ၊ လက်ပံကန်ကျေးရွာ၊ တောစိမ်းကျေးရွာဘက်တွင်လည်း လူငယ်များကို လမ်းပေါ်တွင် အတင်းအကြပ် ဆွဲတင်ဖမ်းဆီးခဲ့ရာ ဇန်နဝါရီ ၁၃ ရက်တွင် စပါးလာတိုက်သူ ၃ ဦး၊ စိုက်ပျိုးရေးဆေးဆိုင်လုပ်သား ၁ ဦး၊ အလုပ်ပြန်လူငယ် များအပါအဝင် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့သည်။ဖမ်းဆီးခံရသူများကို စလင်းရဲစခန်းနှင့် ထွေအုပ်ရုံးအချုပ်များသို့ ခေါ်ဆောင်သွားပြီး ခန့်မှန်းခြေ ၅၀ ဦးခန့် ရှိကြောင်း လွတ်မြောက်လာသူများက ပြောဆိုသည်။ အသက် ၁၇ နှစ်မှ ၄၀ နှစ်ဝန်းကျင်ရှိ လူငယ်အများစု ပါဝင်ပြီး တစ်ဦးလျှင် ၁၆၅ သိန်း သို့မဟုတ် လူစားထိုး သိန်း ၁၀၀ တောင်းခံကာ ငွေနှင့် ပြန်ရွေးရန် ဖိအားပေးခဲ့သည်။ သို့သော် ငွေနှင့် ပြန်လွတ်မြောက်လာသူ ၆ ဦးသာ ရှိသေးသည်။ အလားတူ ဇန်နဝါရီ ၁၄ ရက်တွင် ကန်တိုင်ကွေ့ကျေးရွာဘက်သို့ စစ်ကြောင်းထိုးပြီး အမျိုးသား လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ဇန်နဝါရီ ၁၅ ရက်တွင် စလင်းမြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်း စစ်ဆေးမှုများ ပြုလုပ်ကာ လူငယ်များကို ဖမ်းဆီးခဲ့ရာ မြို့ပေါ်မှ ၈ ဦး၊ ကြိမ်းမြောင်းဘက်မှ ၂ ဦး အပါအဝင် ဖမ်းဆီးခံရသူ ရှိကြောင်း မြို့ခံများက ပြောဆိုသည်။ မိန်းကလေးများ မပါဝင်ဘဲ ယောက်ျားလေးများသာ အဓိက ပစ်မှတ်ထားခံရသည်။ ၃ ရက်အတွင်း စလင်းမြို့နယ်တွင် အမျိုးသား လူငယ် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ငွေကြေးဖြင့် ပြန်လွတ်မြောက်လာသူ ၆ ဦးသာ ရှိသေးကြောင်း ပြည်သူ့ညီနောင်-စလင်း တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မင်းဘူးခရိုင် မုန်တောင်ရဲစခန်းကို ကာကွယ်ရေးတပ်များ သိမ်းပိုက်ရရှိ
ဇန်န ၁၇
The Kaladan Post
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ရှိ မုန်တောင်ရဲစခန်းကို မင်းဘူးခရိုင် ကာကွယ်ရေးတပ်ဖွဲ့များ က ဇန်နဝါရီ ၁၆ ရက် မနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲအတွင်း စခန်းမှူး ဒဏ်ရာရရှိခဲ့ပြီး ရဲတချို့ ကျည်ထိမှန်ကာ ပြေးလွှားထွက် ပြေးခဲ့သည်။ ဒဏ်ရာရရှိသူများကို စကုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူ မရှိခဲ့ဘဲ စခန်းကို မီးရှို့ ရှင်းလင်းခဲ့သည်။ စခန်းမှ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မုန်တောင်ရွာသည် မင်းဘူးမြို့ ၏ တောင်ဘက်ခြမ်း၊ ဆားပွက်ချောင်းအနီးတွင် တည်ရှိသည်။ သိမ်းပိုက်ပြီးနောက် စစ်တပ်က မင်းတုန်းမြို့မှ စစ်ကူတချို့ မုန်တောင်ရွာဘက်သို့ ပို့ဆောင်နေကြောင်း သိရှိရသည်။ မကွေးတိုင်း အတွင်း မကွေးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်နှင့် ဂန့်ဂေါခရိုင်တို့တွင် ကင်းစခန်း၊ ဂိတ်စခန်းများကို ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလပိုင်း အရှိန်မြှင့် တိုက်ခိုက်နေကြသည်။ ဇန်နဝါရီ ၁၄ ရက်က တောင်တွင်းကြီးမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှုများ ရှိခဲ့ပြီး ဇန်နဝါရီ ၈ ရက်က ဆင်ပေါင်ဝဲမြို့နယ်တွင် ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ကာ လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်။

ဝက်လက်မြို့နယ် ညောင်ကန်ကျေးရွာ စစ်ရှောင်စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲ သဖြင့် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
ဇန်န ၁၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်နေသော စာသင် ကျောင်းကို ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ပွိုင့်ဖိုက်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဗုံးကြဲ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် အနောက်ဘက်အိမ်တစ်လုံးကျော်ကို ထိမှန်ခဲ့ရာ အသက် ၄၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး နေရာတင် သေဆုံးခဲ့ပြီး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကာ စာရင်းအပြည့်အစုံ ကောက်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။ စာသင်ကျောင်း ဆောင် ၂ ဆောင်နှင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ ထိုစာသင်ကျောင်းတွင် စဉ့်ကူး၊ မတ္တရာနယ်ဘက်မှ စစ်ဘေး ရှောင်ပြည်သူ စုစုပေါင်း ၂၀၀ ဝန်းကျင် သုံးလခန့် နေထိုင်ခဲ့ကြပြီး တိုက်ခိုက်မှုကြောင့် ယခုအခါ နေရာရွှေ့ပြောင်း နေထိုင်နေရကြောင်း အဆိုပါ အဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောဆိုသည်။ ဝက်လက်မြို့နယ်တွင် ဇန်နဝါရီ ၁၅ရက်ကလည်း ရေလည် မှော် ကျေးရွာသို့ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုး သား ၁ ဦး သေဆုံးခဲ့သည်။ ဤလေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများသည် စစ်ကိုင်းတိုင်း အတွင်း အရပ်သားများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို စစ်ကောင်စီ က ခေါ်ယူပြီး ပြင်းထန်စွာ သတိပေး
ဇန်န ၁၇
The Kaladan Post
ရန်ကုန်မြို့ရှိ အရှေ့တီမောနိုင်ငံ ယာယီသံရုံး တာဝန်ခံကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်က ဇန်နဝါရီ ၁၆ ရက်တွင် ခေါ်ယူ တွေ့ဆုံခဲ့ပြီး တီမောအစိုးရ၏ အာဏာသိမ်းစစ်တပ် ဆန့်ကျင်ရေး အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက ဖော်ပြသည်။ ဤသတိပေးချက်သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုယ်စားလှယ်အဖွဲ့ တီမောနိုင်ငံသို့ သွားရောက်ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများကို တိုင်ကြားပြီး သမ္မတ ဟိုဆေးရာမိုစ့်ဟော်တာက ဇန်နဝါရီ ၁၄ ရက်တွင် လက်ခံ တွေ့ဆုံခဲ့မှုအပြီး ချက်ချင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။ CHRO အဖွဲ့သည် ဆလိုင်းဇာအုပ် ဦးဆောင်ကာ ဇန်နဝါရီ ၁၂ ရက်တွင် တီမောနိုင်ငံ ရှေ့နေရုံးသို့ ရာဇဝတ်မှု တိုင်ကြားစာ တင်သွင်းခဲ့ပြီး စစ်ကောင်စီ၏ ကိုယ်ဝန် ဆောင် အမျိုးသမီးအပေါ် အုပ်စုလိုက် အဓမ္မပြုကျင့်မှု၊ ကလေးငယ်အပါအဝင် လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှု၊ ခရစ်ယာန်ဘာသာရေး ဆရာများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ ဆေးရုံနှင့် ဘာသာရေး အဆောက်အအုံများကို လေကြောင်း တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများအပါအဝင် ချင်းပြည် နယ်အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို အသေးစိတ် တင်ပြခဲ့သည်။

စစ်တပ်၏ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းမှုအပေါ် မြန်မာဘူမိသိပ္ပံပညာရှင်များ ဆန့်ကျင်
ဇန်န ၁၇
The Kaladan Post
စစ်ကောင်စီက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေချိန်တွင် မြန်မာဘူမိ သိပ္ပံပညာရှင်များက ဇန်နဝါရီ ၁၆ ရက်တွင် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ဤပညာရှင်များမှာ ဘူမိသိပ္ပံနယ်ပယ်တွင် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြသော ကမ္ဘာတစ်ဝန်း ပညာရှင်များ ဖြစ်သည်။ ထုတ်ပြန်ချက်တွင် မြစ်ဆုံဒေသသည် တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ် နှင့် သဘာဝအမွေအနှစ်များ ရှိရာ နေရာဖြစ်ပြီး ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာ နေရာဖြစ်သဖြင့် မည်သည့်အရာနှင့်မျှ တန်ဖိုးမဖြတ်နိုင်ကြောင်း အလေးပေး ဖော်ပြထားသည်။ ပညာရပ်ဆိုင်ရာ အချက်အလက်များအရ ဆည်ဆောက်လုပ်ရန် လုံးဝ မသင့်တော်ကြောင်း မြစ်စုံ ဒေသသည် ပြင်းထန် ငလျင်ဇုန်တွင် တည်ရှိပြီး စစ်ကိုင်းပြတ်ရွှေ့ကြီးနှင့် အလွန်နီးကပ်နေ၍ ငလျင်ဘေး ကြီးမားနိုင်ခြင်း၊ ဆည်ကြီးကြောင့် ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်ကာ အင်အားကြီး ငလျင်များ ဖြစ်ပွားနိုင်ခြင်းနှင့် မြေပြိုမှု အန္တရာယ်မြင့်မားခြင်း (မိုးသည်းထန်မှု၊ မတ်စောက်တောင်တန်းများနှင့် မတည်ငြိမ်သော ဘူမိဗေဒအနေအထား) ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ထို့အပြင် ဆည်ကျိုးပျက်စီးနိုင်ခြင်း၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် မြစ်ဝှမ်းဒေသ စိုက်ပျိုးရေး ထိခိုက်ပျက်စီးနိုင်ခြင်း (အနည်ပို့ချမှု စနစ်ပြောင်းလဲမှု)၊ မေခနှင့် မလိခမြစ်ဝှမ်းတစ်လျှောက် ရွှေ၊ မြေရှားသတ္ထုနှင့် အဖိုးတန်သယံဇာတများ ထိခိုက်နိုင်ခြင်းနှင့် ဆည် ၇ ခု တည်ဆောက်မှုကြောင့် တပြိုင်နက် ပျက်စီးပါက ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်ဝန်း ကြီးမားသော ဆိုးကျိုးများ ကျရောက်နိုင်ကြောင်းထောက်ပြထားသည်။ ဤ အန္တရာယ်များကြောင့် မြစ်ဆုံဆည်စီမံကိန်းသည် လုံးဝ မလုပ်သင့်သော စီမံကိန်း ဖြစ်ကြောင်း ပညာရှင်များက ရပ်တည်ချက် ထုတ်ပြန်ခဲ့သည်။ စစ်တပ်၏ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဇန်နဝါရီပထမပတ်တွင် စီမံကိန်းလုပ်ဆောင်ပါက အစားထိုးမရသော သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများ ကြုံရနိုင်ကြောင်း သတိပေးခဲ့ပြီး ပြည်သူများက ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ရှိနေသည်။

ကေအဲန်ယူ-ကော်သူးလေ ဒူးပလာယာခရိုင်တွင် စစ်တပ်၏ ရွေးကောက်ပွဲကို တစ်ခရိုင် လုံး Zero Hour ဆန္ဒထုတ်ဖော်
ဇန်န ၁၇
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) – ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ပြည်သူလူထုများသည် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက် မနက် ၉ နာရီအချိန်တွင် တစ်ခရိုင်လုံး အတိုင်းအတာဖြင့် Zero Hour ဆန္ဒထုတ်ဖော်ပွဲ ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။ ဤရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုဘဲ စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိကြောင်း ကေအဲန်ယူ-ကော်သူးလေ ဘက်က ရှင်းလင်းထားသည်။ ဆန္ဒထုတ်ဖော်မှုတွင် မြို့နယ် အသီးသီးမှ လူထုခေါင်းဆောင်များက ဟောပြောချက်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများနှင့် စီတန်းလှည့်လည်ခြင်း ပြုလုပ်ခဲ့ပြီး ကြွေးကြော်ချက်များမှာ “ပြည်သူကို ညှင်းဆဲ သတ်ဖြတ်သည့် အစိုးရ အလိုမရှိ”၊ “စစ်အာဏာရှင် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ”၊ “စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ အလိုမရှိ”၊ “လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး” နှင့် “ကော်သူးလေ အစိုးရ တည်ဆောက်ရေး” စသည်တို့ ပါဝင်ခဲ့သည်။ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူ ဦးရေမှာ ကော့ကရိတ်မြို့နယ်တွင် နေရာ ၄ နေရာမှ ပြည်သူ ၂,၆၅၀ ဦးခန့်၊ ကျုံဒိုးမြို့နယ်တွင် ၄၀၀ ဦးဝန်းကျင်၊ ဝင်းရေးမြို့နယ်တွင် နေရာ ၂ နေရာမှ ၂,၀၀၀ ဦးဝန်းကျင်၊ နို့တကောမြို့နယ်တွင် နေရာ ၄ နေရာမှ ၂,၀၀၀ ဦးဝန်းကျင် စုစုပေါင်း ပြည်သူ ၇,၀၀၀ ဦးဝန်းကျင် ပါဝင်ခဲ့ကြောင်း သိရသည်။
