ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်ဂိတ်နှင့် ယာဉ်တန်းကို တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံး
ဇန်န ၂
The Kaladan Post
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာလအတွင်း ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် စုဖွဲ့စစ်ကြောင်းများက စစ်ကောင်စီတပ်များကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူ ခရိုင်စစ်ဌာနက ထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ပခုက္ကူခရိုင် အမှတ် (၄)၊ (၁၁) နှင့် (၁၉) တပ်ရင်းများက ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်များကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် ကပစ ၂၂ ကိုပါ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၂၄ ရက်တွင် သံဇလုံကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁ နှင့် အမှတ် (၄)၊ (၁၉) တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် ဒီဇင်ဘာ ၃၀ ရက်တွင် ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကား ၄ စီးပါ ယာဉ်တန်းနှင့် လိုက်ပါလာသော သံပြားကာကား ၁စီး၊ အိမ်စီးကား ၁စီးကို ပခုက္ကူခရိုင် စုဖွဲ့စစ်ကြောင်း ၂ (PDF + ပကဖ + LDF)၊ Commando တပ်ဖွဲ့နှင့် အမှတ် (၄)၊ (၁၁)၊ (၁၉) တပ်ရင်းများ ပူးပေါင်းအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦးသေဆုံး၊ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုတွင် ၇၉(၁) တလက်၊ MA-1 ၄ လက်၊ MA-3 ၃ လက်အပါအဝင် လက်နက် ၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ ခရိုင်စစ်ကြောင်းဘက်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရသည်။ ၂၀၂၅ ခုနှစ်ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုခြင်းအဖြစ် ဆက်လက်ရှေ့သို့ ချီတက်နေလျက်ပါ ဟု ပခုက္ကူခရိုင်စစ်ဌာန တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပြင်ဦးလွင်က ကော်ဖီစိုက်ပျိုးမြေ ဧက ၂ သောင်းနီးပါး မင်းအောင်လှိုင်မိသားစု သိမ်းယူရန် စိတ်ဝင်စား
ဇန်န ၂
The Kaladan Post
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမြေ ဧက ၂ သောင်းဝန်းကျင်ကို စစ်ခေါင်း ဆောင် မင်းအောင်လှိုင်မိသားစုက သိမ်းယူရန် စိတ်ဝင်စားနေပြီး ကော်ဖီမစိုက်ပျိုးပါက မြေများကို ပြန်လည်သိမ်းယူမည်ဟု ခြိမ်းခြောက်လာနေကြောင်း သတင်းရင်းမြစ်က ဖော်ပြသည်။ သန်းရွှေခေတ် ကတည်းက ချထားပေးခဲ့သော အဆိုပါကော်ဖီစိုက်ပျိုးမြေများတွင် လက်ရှိ ကော်ဖီစိုက်ပျိုးသူ ဧက ၅ ထောင်မှ ၁ သောင်းအကြားသာ ရှိပြီး ကျန်ဧရိယာများမှာ မြေလွတ်အဖြစ် ရှိနေသည်။ ယင်းမြေလွတ် နေရာများကို မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းနှင့်အပြိုင် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ အတွက် နှင့် မိသားစုအတွက် မြေရယူရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု တပ်အသိုင်းအဝိုင်းက ပြောဆို ကြသည်။ ယခုအခါ စစ်တပ်က ကော်ဖီစိုက်ပျိုးမြေများပေါ်တွင် ကော်ဖီမစိုက်ဘဲ အိမ်ဆောက်ခြင်း၊ အကွက်ရိုက်ရောင်းချခြင်းများကို စိစစ်ဖော်ထုတ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ကော်ဖီမစိုက် သော မြေများကို သိမ်းယူကာ မင်းအောင်လှိုင်ဖော်ဆောင်မည့် မြို့ပြစီမံကိန်းများအတွင်း ထည့်သွင်းရန် လုပ်ဆောင်နေသည်။ အဓိက သူတို့က မြေသိမ်းချင်နေတာ ဟု ပြင်ဦးလွင်မှ ကော်ဖီစိုက်တောင်သူ တစ်ဦးက ပြောကြားသည်။ စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်မိသားစုက ပြင်ဦးလွင်တွင် မြေသိမ်းမှုများ ဆက်တိုက်လုပ်ဆောင်နေရာ ၂၀၂၄ ခုနှစ်အတွင်း ရပ်ကွက်ကြီး ၁၂၊ ရေချမ်းအိုးကျေး ရွာအုပ်စုရှိ မြေဧက ၂၀၀ ကျော်ကို အတင်းသိမ်းယူခဲ့ပြီး လမ်းမမျက်နှာစာ မြေဧက ၅၀ ကို သား အောင်ပြည့်စုံ အမည်ဖြင့် ပြန်လည်ချထားပေးခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့များတွင် လွတ်လပ်ရေးနေ့အတွက် နေအိမ်တိုင်း နိုင်ငံတော်အလံ မဖြစ်မနေ ထောင်ရမည်ဟု မင်းအောင်လှိုင်ညွှန်ကြား
ဇန်န ၂
The Kaladan Post
ရန်ကုန်တိုင်းအတွင်း မြို့နယ်ရှိ နေအိမ်တိုင်းတွင် ဇန်နဝါရီ ၄ ရက် ကျရောက်မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲ အပိုင်း(၁) ကို ဂုဏ်ပြု သည့်အနေဖြင့် နိုင်ငံတော်အလံ မဖြစ်မနေ လွှင့်ထူရမည်ဟု အကြမ်းဖက်စစ်တပ်က ညွှန်ကြားထား ကြောင်း ရန်ကုန်မြို့ခံ ပြည်သူများက ပြောဆိုကြားသည်။ မြို့နယ်အချို့တွင် ထွေ/အုပ်ရုံးများက အလံ သေးတစ်ခုကို ကျပ် ၉၀၀၀ ဖြင့် မတန်တဆ ဈေးနှုန်းထားကာ အတင်းအဓမ္မ ရောင်းချနေပြီး မဝယ် ပါက ရွေးကောက်ပွဲနှောက်ယှက်မှုဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။ လှိုင်သာယာအရှေ့ပိုင်း ရှမ်းချောင်းကျေးရွာမှာ အုပ်ကြီးဇော်မြင့်က နေအိမ်တိုင်း ဝါစိမ်းနီအလံ ထောင်ရမယ်၊ အထက်အမိန့်ဆိုပြီး သူတို့ရောင်းတာပဲ ဝယ်ရမည်ဟု ခြိမ်းခြောက်ကာ အလံသေး တစ်ခု ၉၀၀၀ ကျပ်နဲ့ မဖြစ်မနေ အတင်းရောင်းပေးနေကြောင်း ပြည်သူတစ်ဦးက ဆိုသည်။ အလားတူ သာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်၊ တက္ကစီနှင့် အိမ်စီးကားများအပါအဝင် စျေးဆိုင်များ၊ စက်ရုံအလုပ်ရုံများကိုပါ အလံများ မဖြစ်မနေ လွှင့်ထူရမည်ဟု ညွှန်ကြားထားပြီး မြို့နယ်ရန်ပုံငွေ ဟု ဆိုကာ မတန်တဆဈေးဖြင့် ရောင်းချနေကြောင်း သိရသည်။ အလံများကို ဇန်နဝါရီ ၃ ရက် ညနေပိုင်း နောက်ဆုံးထား လွှင့်ထူထားရမည်ဖြစ်ပြီး ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းမှသာ ပြန်ဖြုတ်ခွင့်ရှိမည်ဖြစ်ကာ မထောင်ပါက ရပ်ကွက်ရုံးခေါ်ယူ မေးမြန်းခြင်း၊ ဒဏ်ရိုက်ခြင်းများ ပြုလုပ်မည်ဟု မြို့နယ်ထွေ/အုပ်များ က အမိန့်ပေးထားကြောင်းသိရသည်။

ကသာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဝန်ထမ်း ၅၀ ဖမ်းဆီးခံရ
ဇန်န ၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ မြို့သိမ်းထိုးစစ်ဆင်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ တိုက်ပွဲအတွင်း ကသာ-အင်းတော်လမ်းပိုင်းတွင် လုံခြုံရေးစစ်ဆေးမှုများပြုလုပ်စဉ် စစ်ဘေးရှောင် အဖြစ် ဟန်ဆောင်ထွက်ပြေးလာသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်း ၅၀ ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များက ပြောသည်။ ဖမ်းဆီးရမိသူများတွင် ထွေအုပ် ဌာန၊ ဆောက်လုပ်ရေးဌာနနှင့် စိုက်ပျိုးရေးဌာနများမှ ဝန်ထမ်းများ ပါဝင်သည်ဟု သိရသည်။ ယနေ့ တွင်လည်း ထပ်မံဖမ်းဆီးရမိမှုများ ရှိနေပြီး အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း အဆိုပါရင်းမြစ်က ဆိုသည်။ ကသာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ခမရ-၃၀၉ တပ်ရင်းအပါ အဝင် ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အချို့ကာကင်းစခန်းများကို သိမ်း ပိုက်ရရှိထားကြောင်းသိရသည်။ မြို့ခံများမှာ အင်းတော်၊ မော်လူး၊ မြစ်ကြီးနားနှင့် မန္တလေးဘက်သို့ စစ်ဘေးရှောင်ရန် ကြိုးပမ်းနေကြရပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ သည်ဟု စစ်ရှောင်များက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားစာနာရေးဌာနနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ဘေးရှောင်များအား အကူအညီများ ပေးနေပြီး ပြည်သူ့ကာကွယ် ရေးတပ်များက လုံခြုံရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည်။

BGF မှ KNA အဖြစ်ပြောင်းလဲမှုကြောင့် ဘားအံနှင့်ပတ်ဝန်းကျင်တွင် စစ်တပ်က လုံခြုံရေးတိုးမြှင့် ချထား
ဇန်န ၂
The Kaladan Post
ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ ကရင် အမျိုးသားတပ်မတော် (KNA) အဖြစ် တံဆိပ်နှင့်အမည်ပြောင်းလဲဖွဲ့စည်းမှုကြောင့် စစ်တပ်က လုံခြုံရေး ကို အလေးထားဆောင်ရွက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုကြသည်။ ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ BGF တပ်ရင်းအများစုတွင် KNA တံဆိပ်သစ်ကို တပ်ဆင်အသုံးပြုလိုက်ခြင်း ကို စစ်ကောင်စီတပ်က လက်မခံသဖြင့် တင်းမာမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက် နေ့က ဘားအံမြို့ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘော တူညီမှုမရရှိခဲ့ဘဲ တင်းမာမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အဆိုပါတွေ့ဆုံမှုအပြီး ညပိုင်းတွင် စစ်တပ် က ဘားအံမြို့ပေါ်ရှိ တပ်ရင်းဌာနချုပ်များတွင် အရေးပေါ်လုံခြုံရေးတပ်များ လှန့်ထားခဲ့ကြောင်း ဒေသခံများနှင့် စစ်ကောင်စီတပ်ဆိုင်ရာ သတင်းရင်းမြစ်များက ဆိုသည်။ စစ်ကောင်စီစစ်ကြောင်းများ သည် ဘားအံမြို့နယ်အတွင်း ကျေးရွာများသို့ သွားရောက်ကာ လုံခြုံရေးကြိုတင်ချထားနေသည်ဟု လည်း ဒေသခံများက ပြောသည်။ တဖက်တွင် BGF/KNA တပ်ဖွဲ့များကလည်း ရွှေကုက္ကိုဒေသအတွင်း လုံခြုံရေးတပ်လှန့်ထားပြီး စစ်ကောင်စီတပ်က ရွှေကုက္ကိုအနီးနေရာများတွင် တပ်အင်အားများ ပို့ဆောင်ထားကြောင်း ဒေသခံများက ဆိုသည်။ ဇန်နဝါရီ ၁ ရက်နေ့က မြဝတီမြို့နယ်မြောက်ဘက် သေ့ကတေကျေးရွာတွင် BGF ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး အများစုမှာ KNA အဖြစ်ပြောင်းလဲခဲ့သော်လည်း စစ်တပ်နှင့်ပူးပေါင်းကျန်ရှိနေမည့် တပ်ဖွဲ့များလည်း ရှိနေသည်ဟု သိရသည်။ မြဝတီမြို့ပေါ်အခြေစိုက် BGF အမှတ် ၁၀၂၂ တပ်ရင်းမှာ KNA သို့ မပြောင်းလဲဘဲ စစ်တပ်လက်အောက်ခံအဖြစ် ဆက်ရှိနေမည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
ဇန်န ၂
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ မန်ကျည်းတောရွာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့ ည ၈ နာရီခန့်က အကြမ်းဖက်စစ်တပ်မှ နွယ်တမယ်ရွာဘက်မှ ရမ်းသမ်းပစ်ခတ်ခဲ့သော လက်နက် ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများက ပြောဆိုသည်။ သေဆုံးသူမှာ အသက် ၆၀ အရွယ် ဒေါ်ဆယ်မိ ဖြစ်ပြီး ဦးကံမြင့် ၏ ဇနီးဖြစ်ကာ သမီးဖြစ်သူ၏ နေအိမ်တွင် ဧည့်ခရီးသွားရောက်နေထိုင်စဉ် လက်နက်ကြီးကျည် အိမ်ရှေ့အဖီပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူ ၄ ဦးအနက် ဦးကံမြင့်နှင့် ဒေါ်ဆယ်မိတို့၏ သားဖြစ်သူ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကာ အခြေအနေ စိုးရိမ်ရ ဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ လက်နက်ကြီးကျည်များသည် ဆင်ဖြူကျွန်းမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံး (ထွေအုပ်ရုံး) နှင့် ထွန်စက်စခန်းကိုပါ ကျရောက်ထိမှန်ခဲ့ရာ အဆိုပါ အဆောက်အအုံများ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိ မကွေးတိုင်း အတွင်း ဆင်ဖြူကျွန်းနှင့် စလင်းမြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်တပ်လေကြောင်းဗုံးကျဲမှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ဇန်န ၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပဲခူးရွာစာသင်ကျောင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၁၇ မိနစ်ခန့်က တံတားဦးလေတပ်မှ တက်လာသော စစ်တပ်၏ ဂျက်ဖိုက်တာတစ်စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း Indaw Revolution-IR က ထုတ်ပြန်ထားသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းအဆောင် တွင် နေထိုင်ကျောင်းတက်နေသော တောင်ဖီလာကျေးရွာမှ အသက် ၁၈ နှစ်အရွယ် Grade-12 ကျောင်း သူ တစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဗုံးများ ကျောင်းအနီး တွင် ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းဆောင်များ၊ ကျောင်းရုံးခန်းများနှင့် ရွာအတွင်းရှိ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပဲခူးတိုင်းအတွင်း ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာ များတွင်လည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲမရှိဘဲ ဒရုန်းနှင့် လက်နက်ကြီး များဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟို က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက် ၁၀နာရီခန့်က မူးမြို့နယ်၊ ရေလဲအနောက်ဘက်ကမ်းကျေးရွာသို့ နတ်သံ ကွင်းမှ စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အသက် ၃၈ နှစ်အရွယ် စောထင်လင်းအောင် ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။လက်ရှိ စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူနိုင်ရေး ကြိုးပမ်းသွားမည် (NUG) ပြော
ဇန်န ၂
The Kaladan Post
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၄ နှစ် ကျော်ကာလအတွင်း အကြမ်းဖက်စစ်တပ်က မတရားသတ်ဖြတ်မှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု စုစုပေါင်း ၂၃,၂၇၇ ခု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထိုချိုးဖောက်မှုများတွင် မတရားသတ်ဖြတ်မှု ၅,၃၅၁ ခု၊ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှု ၅,၁၅၀ ခု အများဆုံးဖြစ်ပြီး တိုက်ပွဲမရှိဘဲ အရပ်သားများ ကို လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်မှု ၃,၃၆၁ ခု၊ တရားမဝင်ဖမ်းဆီးမှု ၂,၆၁၀ ခု၊ အတင်းအဓမ္မ ခိုင်းစေမှု ၁,၈၇၃ ခု ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ပြောဆိုသည်။ နိုင်ငံတစ်ဝန်း ဒေသအလိုက် ချိုးဖောက်ခံရမှုတွင် စစ်ကိုင်းတိုင်းတွင် ၅,၂၁၂ ခု အများဆုံးဖြစ်ပြီး မကွေးတိုင်း (၂,၉၇၁ ခု)၊ မန္တလေးတိုင်း (၂,၈၈၃ ခု)၊ ပဲခူးတိုင်း (၂,၂၄၄ ခု) တို့ နောက်ပါ လာသည်။ ဤချိုးဖောက်မှုများကို စစ်တပ်က စစ်ရေးမဟာဗျူဟာအဖြစ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန် နေခြင်းကို တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထောက်ပြထားသည်။ ထို့ပြင် စစ်တပ်၏ ရက်စက်မှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ (IDPs) ဦးရေ ၃.၆ သန်း အထိ ရှိလာခဲ့ကြောင်း UNOCHA အစီရင် ခံစာကို ကိုးကား၍ ဖော်ပြထားသည်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် ဤကိန်းဂဏန်းများ ကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

နတ်မောက်မြို့နယ်တွင် စစ်ကားတစ်စီးတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် စစ်သား ၂ ဦးသေဆုံး
ဇန်န ၂
The Kaladan Post
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်း-ရွာမွန်လမ်းပိုင်းတွင် ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီခန့်က နတ်မောက်မြို့နယ်ပကဖ ရဲဘော်များက လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စိုင်းကောင်းဘက်မှ လာ ရောက်သော တိုယိုတာ ဟိုင်းလပ်ဆပ်ကားတစ်စီးကို တားဆီးစစ်ဆေးရန်ကြိုးစားရာ ကားပေါ်ပါ အရာရှိအပါအဝင် စစ်သား ၃ ဦးက စစ်ဆေးခံခြင်းမပြုဘဲ မောင်းပြေးသဖြင့် လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားနောက်ခန်းပါ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ်ပကဖ ထုတ်ပြန် ထားသည်။ သေဆုံးသွားသော စစ်သားနှစ်ဦး၏ အလောင်းများကို ရှေ့မောင်းသူက ခရီးသွားကားတစ်စီး ကို လုယူ၍ တင်ဆောင်ထွက်ပြေးသွားခဲ့ပြီး တိမ်းမှောက်သွားသော စစ်ကားကို စစ်ဆေးရာ MA3 အမျိုး အစား သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ဘောက်နှင့် ၅.၆ ကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရရှိ ခဲ့ကြောင်းသိရသည်။ တိုက်ပွဲနေရာသို့ သရက်ချဉ်ပျူစောထီးကျေးရွာမှ စစ်သားနှင့် ပျူများ ရောက်ရှိ လာသဖြင့် ပကဖရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ရသည်။ အလားတူ ဇန်နဝါရီ ၁ ရက်က မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ကျေးရွာအနီးတွင် ကင်းလှည့်လာသော စစ်သားနှင့် ပျူစောထီးများကို ပကဖများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ US Carbine မောင်းပြန်သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။
