ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၁၁၁၃ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၈၄ ဦးသေဆုံး
ဇန်န ၂၀
The Kaladan Post
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်တွင် ၂၀၂၅ ခုနှစ်တစ်နှစ်တာအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်မတော်နှင့် တိုက်ပွဲပေါင်း ၁၁၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU မူတြော်ခရိုင်က ထုတ်ပြန်ခဲ့သည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ စစ်သား ၂၈၄ ဦး သေဆုံးခဲ့ပြီး ၄၅၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် G-3 အဆင့် အရာရှိ ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး စသည့် အရာရှိအဆင့်များ ပါဝင်ခဲ့သည်။ ဒဏ်ရာရရှိသူများတွင်လည်း ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး၊ ဒုဗိုလ် ၁ ဦး အပါအဝင် အရာရှိများ ပါဝင်ခဲ့ကာ စစ်ကောင်စီ၏ အဆောက်အအုံ ၁၆ လုံး ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်အထိ ပိုင်းတွင်လည်း တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ KNLA ဘက်တွင်လည်း ထိခိုက်မှု အနည်းငယ်ရှိခဲ့သည်။ ထိုအပြင် စစ်ကောင်စီက ကျေးရွာများကို ဒရုန်း ၁ ကြိမ်၊ ဂျက်ဖိုက်တာ ၅ ကြိမ်၊ လက်နက်ကြီး (၁၂၀ မမ၊ ၆၀ မမ) ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ချောက်မြို့နယ်တွင် စစ်ကားကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံး
ဇန်န ၂၀
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဇန်နဝါရီ ၁၈ ရက်နေ့က ဗိုလ်အိမ် (၆၀) စစ်ကြောရေးစခန်းမှ ကင်းလှည့်ထွက်လာသော စစ်ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ကျောက်ပန်းတောင်း-ချောက် အမှတ် ၂ ပြည်ထောင်စုလမ်းပိုင်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ ထို့ပြင် စစ်သားများစွာ ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကားမှာလည်း ပျက်စီးခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်း လက်နက်များ ကောက်ယူရန် ကြိုးပမ်းစဉ် စစ်ကူအင်အားများ ရောက်ရှိလာသဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၃ တပ်ရင်းနှင့် SR-7 (မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း-၇) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ဖြစ်သည်။

ခေတ်မီ စစ်နည်းဗျူဟာ မွမ်းမံပြီး လက်တွေ့လေ့ကျင့်ရန် မင်းအောင်လှိုင်က စခများကို မှာကြား
ဇန်န ၂၀
The Kaladan Post
ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ တပ်နယ်တွေ့ဆုံပွဲအခမ်းအနားတွင် မင်းအောင်လှိုင်က တပ်သားများအား ခေတ်နှင့်အညီ စစ်နည်းဗျူဟာ ပြောင်းလဲ ကျင့်သုံးရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း စစ်တပ်ထောက်ခံသူများက ပြောဆိုကြသည်။ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ပြီး စစ်ဘက်အသုံးအဆောင်ပစ္စည်းများ နေ့စဉ်ပြောင်းလဲ တိုးတက်လာနေသဖြင့် သမားရိုးကျ စစ်နည်းဗျူဟာများကို ခေတ်နှင့်အညီ မွမ်းမံရန်နှင့် အထူးစစ်နည်းဗျူဟာများကို ပြောင်းလဲ ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရမည် ဟု ၎င်းက ပြောကြားခဲ့သည်။ တန်းမြင့်လေ့ကျင့်ရေး ကျောင်းများ၏ တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည် တစ်ဦးချင်း၏ အရည်အသွေး မြှင့်တင်ရေး ဖြစ်ကြောင်း၊ လေ့ကျင့်ရေးပိုင်းတွင် လုံးဝ လျှော့ပေါ့၍ မရဟု အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။ စစ်သည်များအနေဖြင့် အရက်သောက်စားခြင်း ရှောင်ရှားရန်၊ ခန္ဓာကိုယ် ကြံ့ခိုင်ရေး၊ တိုက်ခိုက်မှု စွမ်းရည်နှင့် စစ်နည်း ဗျူဟာများကို အထူး အားစိုက် သင်ယူရန်လည်း မင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ဒုတိယအပတ်အတွင်း စစ်ကောမရှင်တပ်ဖွဲ့ဝင် အလင်းဝင်လာသူများနှင့် စစ်သုံ့ပန်းများ ၈၀ ဦး အထိတိုး
ဇန်န ၂၀
The Kaladan Post
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း စစ်ကောမရှင်တပ်ဖွဲ့ဝင် အလင်းဝင်သူနှင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၈၀ ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်မှ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ထုတ်ပြန်ချက်အရ သိရသည်။ အလင်းဝင်ပူးပေါင်းလာသည့် စစ်ကောမရှင်တပ်ဖွဲ့ဝင် ၃၀ ဦးအနက် ချင်း ၁ ဦး၊ ကရင် ၆ ဦး၊ ရခိုင် ၂ ဦး၊ ပဲခူး ၁ ဦး၊ မကွေး ၁၄ ဦး၊ မွန် ၃ ဦး၊ စစ်ကိုင်း ၃ ဦး ဖြစ်ပြီး ၎င်းတို့အနက် ၂၃ ဦးမှာ စစ်မှုထမ်းတပ်သား သစ်များ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၅၀ ဦးရှိပြီး မကွေးတိုင်း၌ ၁၆ ဦး၊ ရခိုင်ပြည်နယ်တွင် ၃၄ ဦး တို့ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောဆို သည်။ စစ်ခေါင်းဆောင်မှ လူငယ်များကို နေရာပေးရန်နှင့် လူငယ်များသည် တိုင်းပြည်၏ အဓိက စွမ်းအားဖြစ်ကြောင်း ပြောဆိုသော်လည်း လက်တွေ့တွင် လူငယ်လူရွယ်များကို အတင်းအဓမ္မ စစ်ထဲထည့်ကာ ရှေ့တန်းသို့ ပို့ဆောင်ပြီး အသေခံခိုင်းနေကြောင်း ပြည်သူ့ပန်းတိုင်က ဝေဖန်ထောက်ပြ ထားသည်။ တပ်တွင်း သေ၊ ပျောက်၊ ပြေး စာရင်းများ အဆမတန် မြင့်တက်နေဆဲ ဖြစ်ပြီး သေဆုံး စာရင်းများကို အပျောက်စာရင်းဖြင့် ဖုံးကွယ်လျက် ရှိနေကြောင်း၊ ထိုသို့ လုပ်ဆောင်လာသည်မှာ ငါးနှစ်ပြည့်တော့မည်ဟုလည်း ပြည်သူ့ပန်းတိုင်က ဆိုထားသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၂၇၁၃ ဦးထိရှိခဲ့ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်သာမြို့နယ်သို့ ၂၀၀ ခန့်ဖြင့် စစ်ကြောင်းစစ်တပ် TTA.PDF နှင့် မဟာမိတ်တပ်များ ပျောက်ကြားတိုက်ခိုက်
ဇန်န ၂၀
The Kaladan Post
မကွေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဇန်နဝါရီ ၁၆ ရက်မှ ၁၉ ရက်အထိ (စစ်ကိုင်းတိုင်း စစ်ဌာနချုပ်) လက်အောက်ခံ စစ်ကြောင်း အင်အား ၂၀၀ ဝန်းကျင်သည် ကျောက်ပန်းတောင်းနယ်မှ ဝင်ရောက်လာခဲ့ ကြောင်း တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုစစ်ကြောင်းသည် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ရွာသာလေးကျေးရွာတွင် ညအိပ်ရပ်နားပြီး ၁၇ ရက်နေ့တွင် သမက္ကူဆည်ဘောင်၊ ကြည်နူး၊ ကျောက်ပေါက်ရိုး၊ အဲ့ရွာ၊ ဝဲလောင်၊ ကျောက္ကာရွာများမှ ဖြတ်သန်းကာ ထနောင်းကုန်းရွာတွင် ညအိပ်ခဲ့ကြောင်းသိရသည်။ ထိုစစ်ကြောင်းသွားရာလမ်းကြောင်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့ များမှ ပျောက်ကြားတိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးသီးချတိုက်ခိုက်မှုများ ခံခဲ့ရသည့်အပြင် တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA.PDF) နှင့် မဟာမိတ်အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကြောင်းသည် ၁၉ နတ်စောင့်ရွာဘက်သို့ ဆက်လက်ချီတက် ကာ တောင်သာမြို့ဘက်သို့ ပူးပေါင်းသွားခဲ့သည်။ ထိုစစ်ကြောင်းသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တောင်သာမြို့ပေါ်တွင် ကျင်းပမည့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးအတွက် ချထားပေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

ရဲဘော် ၁၄ ဦးကို တပ်ပြေးအဖြစ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ကြေညာ
ဇန်န ၂၀
The Kaladan Post
၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း ၁၄ ဦးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တပ်ပြေးမဖြစ် ထုတ်ပြန်သည်။ အဆိုပါ ရဲဘော်များသည် နိုင်ဇွဲအောင် (M/6419)၊ နိုင်ထွီး (ခ) အပေါ (M/6445)၊ နိုင်ထွန်အေး (M/6504)၊ နိုင်စန်းအေး (M/6376)၊ နိုင်ပညာ (M/6399)၊ နိုင်သိုက်ထော (M/6400)၊ နိုင်အောင်ချမ်း (M/6386)၊ နိုင်ခါရ (M/6423)၊ နိုင်ဉာဏ်သိုက် (M/6493)၊ နိုင်အောင်းနွန် (M/6494)၊ နိုင်မင်းထွန်း (M/6440)၊ နိုင်အောင်းဇန (M/6448)၊ နိုင်ဟောင်းချမ်း (ခ) မင်ဂလွမ် (M/6411)၊ နှင့် နိုင်ဒင် (M/6468)တို့ဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ်တော်က ပြောဆိုသည်။ ၎င်း ရဲဘော်များသည် သတ်မှတ်ခွင့်ရက်အတွင်း တပ်ရင်းသို့ ပြန်လာခြင်းမရှိဘဲ၊ ရှေ့တန်းနှင့် နောက်တန်းတို့တွင် တာဝန်ထမ်းဆောင်နေစဉ် တပ်မှ ထွက်ပြေးခဲ့ကြသည့် တပ်ပြေးများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်းတို့သည် မွန်ပြည်တော်လှန်ရေးတပ်၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ မိမိဆန္ဒအတိုင်း ထွက်ပြေးခဲ့ခြင်းကြောင့် ယခုအခါ မွန်ပြည်တော်လှန်ရေးတပ်နှင့် သက်ဆိုင်ခြင်း လုံးဝမရှိတော့ကြောင်း ကြေညာထားသည်။

ဗန်းမောက်မြို့ကို SNA နှင့် စစ်တပ် ပူးပေါင်းတပ်များ မြို့တဝက်ခန့် ပြန်လည်ထိန်းချုပ်ပြီး PDF ရဲဘော် ၃ ဦး ကျဆုံး
ဇန်န ၂၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ပြန်လည်ရယူရန် ရှမ်းနီအမျိုးသားများတပ်မတော်နှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်နေရာ မြို့၏ အနောက်ပိုင်း လွှစင်ကုန်းရပ်ကွက်နှင့် မြနန္ဒာရပ်ကွက် တို့ကို ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် အသေခံဒရုန်းများကို အသုံးပြု၍ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ပြီး မြနန္ဒာဘုန်းကြီးကျောင်းအနီး ခုခံတိုက်ပွဲတွင် တော်လှန်ရေး တပ်ဖွဲ့မှ PDF ရဲဘော် ၃ ဦး ဖမ်းဆီးအသတ်ခံလိုက်သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် SNA-စစ်ကောင်စီ ပူးပေါင်းတပ်များက တစ်ဝက်စီ ထိန်းချုပ်ထားပြီး မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲကြောင်းသိရသည်။ တိုက်ပွဲ ၄ လနီးပါး ဆက်လက်ဖြစ်ပွား နေချိန်တွင် လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အချို့နေရာများမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ တိမ်းရှောင်နေ
ဇန်န ၂၀
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဇန်နဝါရီ ၂၀ ရက် ယနေ့ မွန်းလွဲ ၁ နာရီ ၅၈ မိနစ်မှ ၂ နာရီကျော်အထိ စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ်များနှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Kawlininfo ထုတ်ပြန်ထုတ်ပြန်သည်။ ထို့အပြင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ဖိန်းကားကျေးရွာကိုလည်း ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီနှင့် ပျူစောထီးတပ်စွဲထားသော အထိုင်ဂိတ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု ရှိ၊ မရှိ အတည်မပြုနိုင်သေးဘဲ ယခုလို စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများတွင် ပြည်သူများ စိုးရိမ်ပူပန်မှုဖြင့် ဘေးလွတ်ရာ ထွက်ပြေးနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ပြောဆို
ဇန်န ၂၀
The Kaladan Post
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မလေးရှားလွှတ်တော်တွင် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအောက် ဆက်လက်ကျင်းပလျက်ရှိသော ရွေးကောက်ပွဲကို အာဆီယံအနေဖြင့် အသိအမှတ်မပြုကြောင်း ယနေ့ဇန်နဝါရီ ၂၀ ရက်နေ့ထပ်မံ ရှင်းလင်းပြောကြားခဲ့သည်။ အာဆီယံ အဖွဲ့အနေဖြင့် စစ်အုပ်ချုပ်ရေးအောက်ရှိ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများသို့ စောင့်ကြည့်ရေးအဖွဲ့ မပို့ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ ကျင်းပလျက်ရှိသော အဆင့်လိုက် ရွေးကောက်ပွဲများကိုလည်း အသိအမှတ်မပြုကြောင်း ဝန်ကြီးက အလေးပေး ပြောဆိုခဲ့သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင် ကျင်းပခဲ့သော စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေး အဖွဲ့များက စစ်အာဏာသိမ်းမှုကို တရားဝင်စေရန် ကြိုးပမ်းမှုအဖြစ် ပြင်းထန်စွာ ဝေဖန်ထားကြပြီး ဆန္ဒမဲပေးသူ နည်းပါးမှု၊ ကြံ့ဖွတ်ပါတီက ပထမအဆင့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ် နေရာ ၈၈ ရာခိုင်နှုန်း အနိုင်ရရှိထားမှုတို့ကို အတုအယောင်ရွေးကောက်ပွဲအဖြစ် မြင်လျက်ရှိကြသည်။
