ကျောက်ပန်းတောင်းတွင် ပျူစောထီး ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး

ဇန်န ၂၃
The Kaladan Post
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲပြီး ပြန်လာသော ပျူစောထီး များ လိုက်ပါလာသည့် ကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ကြား ဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Rocket Fighter ကထုတ်ပြန်သည်။ Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် အမှတ် ၃ နှင့် အမှတ် ၄ တပ်ရင်း၊ Snipe Rangers Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုမှာ အနီးကပ်ပစ်ခတ်ခဲ့ကြောင်း၊ မကြာသေးမီက ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း Rocket Fighter တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ထို့ပြင် ပြည်သူကား များအနေဖြင့် စစ်ဆေးရေးဂိတ်များ သို့မဟုတ် စခန်းများနောက်မှ ကပ်မလိုက်ရန် သတိပေးထားသည်။ အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ဇန်နဝါရီ ၂၁ ရက်နေ့က ကြံ့ဖွတ်ပါတီ စည်းရုံး ရေးမှူး သန်းစိုး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ဇီးကုန်းမြို့ နယ်မှ ခုနှစ်ကျေးရွာသို့ လာရောက်စဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထုတ်ပြန်ချက် မရှိသေးဘဲ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထန်းတပင်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက် ပြည်သူ ၂ ဦး သေဆုံး

ဇန်န ၂၃
The Kaladan Post
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မုန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ ကျေးရွာအချို့ကို ဇန်နဝါရီ ၁၉ ရက်နေ့ တွင် စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။ ထန်းတပင်မြို့နယ် ဇီဒေါခိုကျေးရွာတွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၈၅ နှစ်အရွယ် နော်ဖော်ဆဲနှင့် အသက် ၅၅ နှစ် အရွယ် နော်မူသဲ တို့ သေဆုံးခဲ့ပြီး အသက် ၅၂ နှစ်အရွယ် နော်ဝါးနှင့် အသက် ၆၄ နှစ်အရွယ် နော်ချာခူး တို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ နေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး ရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ကရင်အမျိုး သားအစည်းအရုံး (KNU) က ဆိုသည်။ မုန်းမြို့နယ် လှေဒုံးကျေးရွာတွင် ခမရ-၃၀၇ တပ်ရင်းက ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၆၀ နှစ်အရွယ် ဦးရွှေမြင့် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် တောင်ငူလေတပ်မှ ဂျက်ဖိုက်တာက ကွီးဒိုခေါ်အုပ်စုအတွင်း ပေါင် ၃၀၀ ဗုံး ၂ လုံး ကျဲချခဲ့ရာ နွား ၁ ကောင် ထိခိုက်ခဲ့ကြောင်း သိရသည်။ ရွှေကျင်မြို့နယ် အင်းပုဝါကျေးရွာတွင်လည်း ခမရ-၂၆၄ တပ်ရင်း က ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဦးမောင်မြင့်၏ နေအိမ်ခြံဝင်းအတွင်း ပေါက်ကွဲခဲ့ပြီး နွား ၁ ကောင်နှင့် နွားလှည်း ၁ စီး ပျက်စီးခဲ့သည်။ ဤတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု၊ အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုနှင့် စိုးရိမ်ကြောက်ရွံ့မှုများဖြင့် နေ့စဉ်ဘဝ ကြုံတွေ့နေရကြောင်း KNU ဗဟိုက ထောက်ပြထားသည်။

မြ၀တီမြို့မှ KNA တပ်ဖွဲ့ဝင်များ ဇန်နဝါရီ ၂၅ ရက်နောက်ဆုံးထား ထွက်ခွာရန် စစ်တပ်က အမိန့်ပေး

ဇန်န ၂၃
The Kaladan Post
ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ဗိုလ်စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ အသွင်ပြောင်းဖွဲ့စည်းလိုက်သော ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ဝင်များကို ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး မြ၀တီမြို့မှ ထွက်ခွာရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၂၂ မှ သတိပေး ညွှန်ကြားထားကြောင်း ကရင် သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီ ၁၉ ရက်နေ့က တပ်မ ၂၂ တပ်မမှူးနှင့် ကရင်လက်နက်ကိုင် ဆက်ဆံရေးရုံးများ တွေ့ဆုံပွဲတွင် KNA ဖွဲ့စည်းမှုကို စစ်တပ်က တရားဝင်ခွင့်ပြုထားခြင်း မရှိသဖြင့် မြ၀တီမြို့ပေါ်တွင် ဆက်လက်နေထိုင်ခွင့် ပိတ်ပင်ထားသခြင်းဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်က သုံးသပ်ထားသည်။ ထို့အပြင် မြ၀တီမြို့တွင် ရှိနေသော DKBA နှင့် KNU-KNLA(PC) တပ်ဖွဲ့ဝင်များ၏ တပ်တည်တပ်ဖြန့်နေရာ၊ စစ်သည်တစ်ဦးချင်း အမည်စာရင်း၊ ဓာတ်ပုံများကို ဇန်နဝါရီ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး စစ်တပ်ထံ ပေးပို့ရန် ညွှန်ကြား ထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရပါက ပြန်လည်တုံ့ ပြန်ရန်နှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် မြ၀တီမြို့အတွင်း ပစ်မှတ်နေရာ (ပွိုင့်) ၁၈ ခု သတ်မှတ် ထားကြောင်း တပ်မ ၂၂ တပ်မမှူးက တွေ့ဆုံပွဲတွင် ချိန်းခြောက်ခဲ့ကြောင်း Salween Press က ဖော်ပြထားသည်။ ဇန်နဝါရီ ၂၅ ရက်နေ့သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပမည့်နေ့ ဖြစ်ပြီး မြ၀တီမြို့အတွင်း လုံခြုံရေး တင်းကျပ်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း ဒေသတွင်း စိုးရိမ်မှုများ ရှိနေသည်။

တန်းတူညီမျှသည့် ပြည်ထောင်စုသစ်ပေါ်ပေါက်သည်အထိ တိုက်ပွဲဝင်မည်ဟု CDF-Asho ပြောဆို

ဇန်န ၂၃
The Kaladan Post
ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်နေ့ ဇန်နဝါရီ ၂၁ ရက်တွင် င်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စု တစ်ခုလုံးရှိ တိုင်းရင်းသားလူမျိုးစုများအတွက် ကောင်းမွန်မျှ တသော နိုင်ငံရေးစနစ်တစ်ရပ်နှင့် တန်းတူ ညီမျှမှုရှိသော ပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်သည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းကာကွယ်ရေးတပ် – အရှို က ထုတ်ပြန်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက် ရေးအတွက် အထောက်အကူပြုနိုင်သော တပ်ဖွဲ့တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်သွားမည်ဟု CDF-Asho က ပြောဆိုသည်။ နွေဦးတော်လှန်ရေး ၃ နှစ်တာခရီးအတွင်း ပြည်တွင်းပြည်ပရှိ တော်လှန် ပြည်သူများ၏ ပံ့ပိုးမှုကြောင့် စစ်ဆင်ရေးများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဖော်ဆောင်နိုင်ခဲ့မှု အပေါ် လေးစားဂုဏ်ယူကြောင်း ဖော်ပြသည်။ ခေတ်အဆက်ဆက် မြန်မာစစ်အစိုးရများမှ တိုင်းရင်း သားလူမျိုးစုများအပေါ် သွေးခွဲအုပ်ချုပ်မှု၊ ဖိနှိပ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း CDF-Asho က ထည့်သွင်းပြောကြားခဲ့သည်။

လောက်ကိုင် – ချင်းရွှေဟော် ဒုတိယအဆင့်လမ်းမကြီး ဖောက်လုပ်မှု မကြာမီ ပြီးစီးမည်ဟု MNDAA ထုတ်ပြန်

ဇန်န ၂၃
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) တွင် လောက်ကိုင် – ချင်းရွှေဟော် ဒုတိယအဆင့် လမ်းမကြီး (Secondary Road) ကို ၂၀၂၆ ခုနှစ်အတွက် အဓိက ပြည်သူ့အကျိုးပြု စီမံကိန်းတစ်ရပ် အဖြစ် ဖောက်လုပ်လျက်ရှိကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်ထားသည်။ လမ်းအလျား ကီလိုမီတာ ၃၀ ခန့်ရှည်လျားပြီး နမ့်ဟူထန်လမ်းကွေ့မှ တာရှီဂန်ဘ (Tar Shi Gan Ba) အထိနှင့် ပါစင်ကျော်တောင်တန်းတစ်လျှောက် အကြီးစားဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက် နေကာ လက်ရှိ အလုံးစုံ စုစည်းတည်ဆောက်မှု အဆင့် (Concentrated Construction Phase) သို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ အရည်အသွေးကို ဦးစားပေး၊ ဘေးကင်းလုံခြုံရေးကို ပထမထား ဟူသော စည်းမျဉ်းအတိုင်း အောက်ခံမြေ ခိုင်မာရေး၊ လမ်းအကျယ်ချဲ့ခြင်းစသည့် အဓိကလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်နေကြသည်။ လမ်းပြီးစီးပါက ယခင်လမ်းဟောင်း၏ အဆင့်နိမ့်ပါးမှု၊ ကျဉ်းမြောင်းမှု၊ ပျက်စီးယိုယွင်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုချောမွေ့စေမည်ဟု မျှော်လင့်ထားကြောင်း MNDAA က ပြောဆိုသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ PDF စိန်ခေါ်ခဲ့သော လင်မယား ပစ်ခတ်ခံရပြီး နှစ်ဦးစလုံး သေဆုံး

ဇန်န ၂၃
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာတွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ရှင်းရှင်းလင်းလင်း စိန်ခေါ်ခဲ့သော ကြံ့ဖွတ်ပါတီဝင် မြင့်စိန်နှင့် ဇနီး လှကြည်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ လင်မယားသည် နေအိမ်ရှေ့တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်ကာ မဲရုံဆောက်လုပ်ထားပြီး ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကြပ် မဲထည့်ခိုင်းခြင်း၊ မဲမထည့်သူများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ခြင်း၊ “လာရဲတဲ့ PDF လာခဲ့” ဟု ရွာတွင် ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခြင်း၊ အာဏာသိမ်းစဉ်က “ငါတို့ခေတ်ရောက်ပြီ” ဟု ကြွေးကြော်ကာ ကျေးရွာ ရန်ပုံငွေများကို အပိုင်သိမ်းယူခြင်း၊ မီတာခများကို ပိုမိုကောက်ခံခြင်းစသည့် ဖိနှိပ်မှုများကို ကာလကြာရှည် ဆောင်ရွက်ခဲ့ကြသူဖြစ်ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။ ဤစစ်ဆင်ရေးကို မကွေးတောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့နှင့် နဂါးမင်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တောင်တွင်းကြီးမြို့နယ်အတွင်း စစ်တပ်ထံ သတင်းပေးတိုင်ကြားခြင်း၊ စစ်တပ်အားကိုး၍ ပြည်သူများထံ ငွေကြေးအတင်း ကောက်ခံခြင်း၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မည်ဆိုပါက အချိန်မရွေး ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ က သတိပေးထားသည်။

လောင်းလုံးမြို့နယ်တွင် စစ်တပ်ကျင်းပမည့်ရွေးကောက်ပွဲ အပိုင်း (၃) နေ့တွင် ခရီးသွားလာရေး လုံးဝမပြုရန် တော်လှန်ရေးတပ်ဖွဲ့ သတိပေး

ဇန်န ၂၃
The Kaladan Post
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် တရားမဝင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သဖြင့် အချိန်မရွေး စစ်ရေးအခြေအနေ ပြင်းထန်ဖြစ်ပွားနိုင်သောကြောင်း လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့က အသိပေးထားသည်။ လောင်းလုံးမြို့နှင့် အနီးပတ်ဝန်းကျင် နေရာများသို့ ခရီးသွားလာခြင်း၊ အထူးသဖြင့် မြို့ပေါ်နှင့် အနီးတဝိုက်သို့ လုံးဝ မသွားရောက်ကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။ စစ်ကောင်စီ၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် လေကြောင်းရန်ကို အထူးသတိထားရန်နှင့် လုံခြုံသော နေရာများတွင် စစ်ရေးသတိဖြင့် နေထိုင်ကြရန် လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့က တိုက်တွန်း ပြောဆိုသည်။