၂၀၂၆ နှစ်ဦးပိုင်း တော်လှန်ရေးအောင်ပွဲများအတွက် NUG ဝန်ကြီးချုပ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

ဇန်န ၂၅
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တပ်ဖွဲ့များက ရရှိခဲ့သော အရေးပါအောင်ပွဲများ အတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။ သဝဏ်လွှာတွင် ရန်သူ၏ အရေးကြီးစခန်း များကို ထိုးဖောက်သိမ်းပိုက်နိုင်ခြင်း၊ မြို့သိမ်းတိုက်ပွဲများတွင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခြင်း၊ လမ်းပိုင်း များကို စိုးမိုးထိန်းချုပ်နိုင်ခြင်း၊ တပ်ဖွဲ့များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ဟန်ချက်ညီညီ လုပ်ဆောင်နိုင် ခြင်းတို့ကို အထူးဂုဏ်ယူသည်ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပဲခူးတိုင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေတွင် စစ်ကောင်စီ စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် ကျောက်တံခါးမြို့နယ် တောကျွဲအင်း (သို့မဟုတ် အောင်မြင်မြို့) ကို သိမ်းပိုက်နိုင် ခဲ့ကာ တစ်ရက်တည်း စခန်း ၁၄ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောဆိုသည်။ ထို့ပြင် မကွေး တိုင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးအပါအဝင် စစ်ကောင်စီ အဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ လက်ရှိအောင်ပွဲများကို အရှိန်မြှင့် ဆက်လက်ချီတက်ရန် တိုက်တွန်းခဲ့ပြီး တိုက်ပွဲဝင်တပ်ဖွဲ့ဝင်များ၊ ကွပ်ကဲမှုအဆင့်ဆင့်၊ အသက်ပေးဆပ်ခဲ့သူများ၊ နည်းလမ်း မျိုးစုံဖြင့် ပံ့ပိုး ကူညီပေးနေသော ပြည်သူများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကိုပါ အထူးလေးစားဂုဏ်ပြု ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။ နှစ်ဆန်းစစ်ရေးရည်မှန်းချက်များကို ရာနှုန်းပြည့်နီး ပါး အောင်မြင်ခဲ့ပြီး ရန်သူ၏ ဗဟိုချက်ဒေသများကို ခြိမ်းခြောက်နိုင်ခဲ့မှုကြောင့် ပြည်တွင်းပြည်ပ ပြည်သူလူထုတစ်ရပ်လုံး အားရကျေနပ်ကြောင်းပြောဆိုပြီး ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထား သော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသည်အထိ ဆက်လက်ချီတက်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။


စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က လူငယ် ၁၅၀ ကျော် ပေါ်တာဆွဲဖမ်းဆီး

ဇန်န ၂၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြို့ပေါ်များတွင် စစ်ကောင်စီ တပ်ဖွဲ့က စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် လူငယ်များကို ပေါ်တာဆွဲ အတင်းအကျပ်ဖြင့် စုစုပေါင်း လူငယ် ၁၅၀ ကျော် ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီ ၂၀ ရက်နေ့တွင် မုံရွာမြို့ပေါ်တွင် စစ်တပ်က အိမ်စီးကားများဖြင့် တစ်ရက် တည်း လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ မှ ၃၅ နှစ်အရွယ် အမျိုးသားများ ဖြစ်ပြီး လမ်းဆုံများ၊ စက်မှုဇုန်နှင့် ပြည်ထောင်စုလမ်းပေါ်ကဲ့သို့ နေရာများတွင် ကားရပ်ထားပြီး အလုပ်သွား အလုပ်ပြန် လူငယ်များကို အဓိက ပစ်မှတ်ထားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မိသားစုများနှင့် တွေ့ဆုံခွင့် မပေးဘဲ ငွေကြေးဖြင့် ရွေးမြှောက်ရန်ကိုပါ ငြင်းပယ်ခဲ့ကြောင်း ဆွေမျိုးတစ်ဦးက ရှင်းပြသည်။ အလားတူ စစ်ကိုင်းမြို့ပေါ်တွင် ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ ၆ ရက်ဆက်တိုက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး မြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၄ ဦး သေဆုံး

ဇန်န ၂၅
The Kaladan Post
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာအနီးတွင် စစ်ဘေးရှောင်နေ ထိုင်ကြသော အရပ်သားပြည်သူများကို စစ်ကောင်စီ တပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက်နေ့တွင် ဒရုန်းနှင့် ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၁ နှစ်အရွယ် အဘွားအိုတစ်ဦးအပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး အသက် ၉ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အာရက္ခတပ်တော် (AA) က အသိပေးထားသည်။ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်နှင့် ၁၂ နာရီ ၅၈ မိနစ်တို့တွင် ဒရုန်း ၂ စီးဖြင့် ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သိုင်းချောင်းရွာမှ စစ်ရှောင် ဒေါ်ဖြူနု (၈၁ နှစ်) နှင့် ဦးမှဲဒေါင်း (၅၆ နှစ်) သေဆုံးခဲ့ကာ စိုင်ခြုံဒွိန်ကျေးရွာမှ မောင်အေးမင်းခိုင် (၉ လ)၊ ဒေါ်ခင်ဆန်းဝင်း (၃၄ နှစ်)၊ သိုင်းချောင်းကျေးရွာမှ ဒေါ်မြရင် (၅၆ နှစ်)၊ ဇိုင်ချောင်းကျေးရွာမှ ဒေါ်ဘနုမ နှင့် ဦးမောင်ကျော် (၆၃ နှစ်) တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် မူရွင်းကျေးရွာကို ဒရုန်း ၂ စီးဖြင့် ထပ်မံ ဗုံးကျဲခဲ့ပြီး ညနေ ၅ နာရီ ၂၀ မိနစ်တွင် မူရွင်းနှင့် ကုန်ဘောင်ကျေးရွာများကို ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း AA က ပြောဆိုသည်။ ယခင်ရက်များတွင်လည်း ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက်တို့က ကျောက်ကလေကျေးရွာကို ဂျက်ဖိုက်တာ၊ ဒရုန်းများနှင့် ပင်လယ်ပြင်မှ စစ်သင်္ဘောများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ ရှိခဲ့ပြီး နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်က ဇင်ချောင်း ကုန်ဘွေရွာကို ဒရုန်း ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

ကနီမြို့နယ်တွင် စစ်တပ်က ရွေးကောက်ပွဲ ကျင်းပစဉ် အနီးဝန်းကျင်ရွာများကို ပါရာမော်တာဖြင့် ဗုံးကြဲချ

ဇန်န ၂၅
The Kaladan Post
ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပလျက်ရှိစဉ် မနက် ၇ နာရီခွဲမှ ၉ နာရီခွဲအတွင်း ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း အနီး ဝန်းကျင်ရွာများကို ပါရာမော်တာဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ကနီမြို့ပေါ်တွင် မဲရုံတစ်ရုံ၊ အလယ်ကျွန်းရွာ တွင် မဲရုံတစ်ရုံ ဖွင့်လှစ်ထားပြီး ရွေးကောက်ပွဲကို မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်သောလည်း မဲလာပေးသူ မရှိသလောက်ရှားပြီး မဲရုံနှစ်ရုံ စလုံးတွင် မဲရုံမှူး တစ်ဦးသာ ရောက်ရှိလာခဲ့ကြောင်း မြို့ခံများက ဆိုသည်။ မနက် ၁၁ နာရီခန့်တွင်လည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရာမော်တာ တစ်စီး ထပ်မံတက်လာပြီး ကနီမြို့နယ်အတွင်း ပျံဝဲနေကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ ၂၂ ရက်ကလည်း ကနီမြို့နယ်အတွင်း ဂျက်ဖိုက်တာနှင့် ပါရာမော်တာများဖြင့် တစ်နေကုန် ဗုံးကြဲခဲ့ရာ အရပ်သား တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ ရွေးကောက်ပွဲ အပိုင်း(၃) တွင် စစ်ကိုင်းတိုင်းမှ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်ကျင်းပလျက်ရှိသည်။

မြင်းခြံတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်တပ်ဗိုလ်တစ်ဦး အပါအဝင် ၂ ဦးသေဆုံး

ဇန်န ၂၅
The Kaladan Post
ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အနောက်ဘက် ရွှေကျွန်းသာရွာအနီး တွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့နေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို OneMore စစ်ကြောင်းဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း OneMore စစ်ကြောင်းက ထုတ်ပြန်သည်။ နံနက် ၈ နာရီခန့်က စတင်ခဲ့သော ထိုတိုက်ပွဲသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့ကြောင်း သိရသည်။ တော်လှန်ရေးဘက်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။ အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသူမိန်ရွာတွင် ဇန်နဝါရီ ၂၃ ရက်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေး ယူနေသော စစ်သားများကို Bago District People’s Defense Organization (ပဲခူးခရိုင် ပကဖ) နှင့် KNLA ရင်း ၇ ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက ပြောဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက်စုံစမ်းနေ ဆဲဖြစ်ပြီး အထိုင်အင်အား ရဲ၊ ပျူစောထီးနှင့် စစ်သား စုစုပေါင်း ၄၀ ခန့်သာ ရှိကြောင်း၊ အနီးဝန်းကျင် ရွာများပတ်လည် လိုက်ပတ်နေသော စစ်အင်အား ၂၀ ခန့်ရှိကြောင်း သိရသည်။

စစ်တပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် မန္တလေး ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေရ

ဇန်န ၂၅
The Kaladan Post
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နတ်ညွန်းတောင်ရွာနှင့် မြောက်ရွာတို့ ကို အကြမ်းဖက်စစ်တပ်စစ်ကြောင်းက နံနက်ပိုင်းမှ စတင်ကာ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက် ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ ထိုစစ်ကြောင်းသည် ဇန်နဝါရီ ၂၂ ရက်မှစ၍ ရွာအတွင်း ၄ ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး ယနေ့အထိ နေအိမ်များကို မီးရှို့နေဆဲဖြစ်ကာ ပြည်သူပိုင် ပစ္စည်းများကိုပါ စိတ်ကြိုက်မွှေနှောက်ခိုးယူနေကြောင်း ၎င်းက ဆိုသည်။ ရွာနှစ်ရွာလုံး တပြိုင်နက် တည်း မီးရှို့ခံနေရပြီး ဒေသခံများသည် စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။ ထိုစစ်ကြောင်း သည် ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ မြင်းခြံမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးလာခဲ့ပြီး လေးဖျက်ခုံ၊ ပြည်တော်သာ၊ ဓားကျွန်း၊ တန်စောင်း၊ နတ်ညွန်း၊ အောင်ဆန်းကုန်း၊ နတ်ပေးကျွန်း၊ ရဲကုန်း၊ အောင်ပြည်စိုး၊ ပတ္တာကျေးရွာစသည့် ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်လည်း ယနေ့ နံနက် ၈ နာရီခန့်မှ ကမ္မမြို့ ရဲစခန်းမှ ထွက်လာသော စစ်ကြောင်းက ဂျိုးပြန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောဆိုသည်။ နေအိမ်ပျက်စီးမှု အတိအကျ အတည်မပြုရသေးသော်လည်း ဖျက်ဆီးမှုများ ဆက်လက်ဖြစ်ပွားနေသည်။

ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်သား ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဇန်န ၂၅
The Kaladan Post
တနင်္သာရီတိုင်း၊ လယ်ဒိုစိုးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ခလရ-၄၀၆ တပ်ရင်းမှ တပ်သား ၅ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ တပ်ရင်း(၁၀) ထံသို့ အလင်းဝင် ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အလင်းဝင်လာသော တပ်သားများသည် MA-1 သေနတ် ၃ လက်၊ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ BA-100 သေနတ် ၁ လက်နှင့် ကျည်အပါ အဝင် စစ်သုံးပစ္စည်းအချို့ ယူဆောင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုတပ်သား များသည် မတရားစစ်မှုထမ်း အတင်းအကြပ်ခိုင်းစေခံရသူများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီတပ်အတွင်း ဆက်လက်မနေနိုင်တော့သည့်အတွက် လက်နက်ချ အလင်းဝင်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် မတရားစစ်မှုထမ်း အတင်း အကြပ်ခိုင်းစေခံနေရသော စစ်ကောင်စီတပ်သားများအား မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များ ထံ ရရာနည်းလမ်းဖြင့် လက်နက်ချ အလင်းဝင်ပူးပေါင်းကြရန် တိုက်တွန်း နှိုးဆော်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အုပ်ချုပ်ရေး အားနည်းချက်ကြောင့် တပ်သားရှားပါးမှုဖြစ်ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ပြောဆို

ဇန်န ၂၅
The Kaladan Post
မြန်မာနိုင်ငံတွင် နှစ်ချီကြာ ဆက်လက်ဖြစ်ပွားနေသော တော်လှန်ရေးကာလအတွင်း ရဲဘော်များရှားပါး လာရခြင်း၊ တပ်မှ ထွက်ခွာလိုစိတ်ပေါက်ဖွားလာရခြင်းနှင့် တပ်နေမပျော်ဖြစ်ရခြင်းဟာ အုပ်ချုပ်ရေး၊ ထောက်ပံ့ရေး၊ ပြည်သူ့ထောက်ခံမှု၊ အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် မိသားစုဆိုင်ရာ ပြဿနာများ ကြောင့် ဖြစ်သည်ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၃) က ထုတ်ပြန်သည်။ အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေး အားနည်းချက်ကြောင့် ရဲဘော်များအား အသက်ရှင်နေစဉ် လေးစားမှုနှင့် လက်တွေ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဝတ်စုံ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု လုံလောက်စွာ မပေးနိုင်ခြင်းသည် စည်းလုံးမှုကို အားနည်းစေပြီး ရဲဘော်များ စိတ်ပျက်လက်ပျက်ဖြစ်ကြောင်း ၎င်းက ‌ထောက်ပြ သည်။ ထို့အပြင် အခွန်နှင့် အသုံးစရိတ် ခွဲဝေသုံးစွဲမှု မမျှတခြင်းကြောင့် အဖွဲ့အစည်းများပြားလာမှုနှင့်အတူ တပ်ရင်း/တပ်ဖွဲ့များရရှိသော အသုံးစရိတ် နည်းပါးလာပြီး စစ်လက်နက်၊ ဝတ်စုံ၊ ရိက္ခာ၊ သင်တန်း၊ ခွင့်ပြန်ဆီဖိုး၊ မုန့်ဖိုး စသည်တို့ လုံလောက်စွာ မရရှိခြင်းက အလှူခံရသော တပ်ဖွဲ့များများပြားလာကာ တပ်ဆင်းရဲ အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲက ပြောဆိုသည်။ ဤအကြောင်း ရင်းများသည် လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များတွင် ရဲဘော်များ တပ်နေမပျော်ဖြစ်ရခြင်း၊ တပ်သားရှား ပါးရခြင်း၏ အဓိက အကြောင်းရင်းများဖြစ်ပြီး စစ်အောင်နိုင်ရန်အတွက် ဤအားနည်းချက်များကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ကြောင်း သုံးသပ်ထားကြောင်းသိရသည်။

ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုမှု ဂရုမစိုက်ဟု မင်းအောင်လှိုင် ပြောဆို

ဇန်န ၂၅
The Kaladan Post
ယနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် မန္တလေးမြို့တွင် မဲရုံများကို လိုက်လံကြည့်ရှုနေစဉ် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မီဒီယာများနှင့် တွေ့ဆုံချိန်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှု သို့မဟုတ် မပြုမှုကို ဂရုမစိုက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မြန်မာပြည်ထဲက ပြည်သူတွေ မဲပေးတာဖြစ်ပြီး အပြင်က သူတွေ မဲပေးတာ မဟုတ်ဘူးကြေင်း နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ ကျွန်တော်တို့ နားမလည်ဘူးသို့သော် ပြည်သူက မဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုမယ် ဟု မင်းအောင်လှိုင်က ဆိုသည်။ သူက ရွေးကောက်ပွဲတွင် မဲပေးသူ များသည် မိမိတို့ ထောက်ခံလိုသူများပါဝင်လို့ မဲပေးလာခြင်းဖြစ်ပြီး နိုင်ငံတကာ ထောက်ခံမှုကို အဓိက မထားကြောင်း ၎င်းက ဆိုသည်။ ရွေးကောက်ပွဲကို မြန်မာပြည်သူများကိုယ်တိုင် ဗဟိုပြုကျင်းပခြင်း ဖြစ်ပြီး နိုင်ငံတကာ ကျေနပ်မှု သို့မဟုတ် မကျေနပ်မှုကို အရေးမပါကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီဇင်ဘာလက ပြောဆိုခဲ့ဖူးသည်။ တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းအများစုက ဤရွေးကောက်ပွဲသည် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်) သာ အနိုင်ရရန် ရည်ရွယ်ထားသော ဟန်ပြ အတုအယောင်ရွေးကောက်ပွဲ သာ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ပြည်သူလူထုက ပြင်းပြင်းထန်ထန် ရွေးကောက်တင်မြှောက်ခဲ့သော ရလဒ်ကို စစ်တပ်က မဲမသမာမှု စွပ်စွဲချက်ဖြင့် မလက်ခံဘဲ အာဏာသိမ်းခဲ့ပြီး ငါးနှစ်အကြာ ယခုအချိန်တွင် ရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပလျက်ရှိသည်။