ရွေးကောက်ပွဲ သုံးပိုင်းလုံး မဲပေးသူ ၅၄% ကျော်ရှိပြီး ကြံ့ခိုင်ရေးပါတီ အပြတ်အသတ်အနိုင်ရဟု ဇော်မင်းထွန်း ပြော
ဇန်န ၂၇
The Kaladan Post
စစ်တပ် ကျင်းပခဲ့သော ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းလုံး ပြီးဆုံးခဲ့ပြီး မဲပေးသူ စုစုပေါင်း ၁၃.၁၄ သန်း ရှိကာ မဲပေးခွင့်ရှိသူ ၂၄.၂၂ သန်းတွင် ၅၄ ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း ဇော်မင်းထွန်း က ပြောဆိုသည်။ အပိုင်း (၁) တွင် ၆.၀၉ သန်း၊ အပိုင်း (၂) တွင် ၄.၂၄ သန်း၊ အပိုင်း (၃) တွင် ၂.၇၉ သန်း မဲပေးခဲ့ပြီး မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဇော်မင်းထွန်းက ပြောဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် အပိုင်း သုံးပိုင်းလုံးတွင် ကွင်းဆင်းစစ်ဆေးကာ မဲဆန္ဒရှင် များနှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်းခဲ့သဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်း ဇော်မင်းထွန်း က အလေးပေး ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲအတွင်း သတင်းမီဒီယာ၊ သံတမန်များနှင့် လေ့လာစောင့်ကြည့်ရေး အဖွဲ့များ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ပြီး စစ်တပ်နောက်ခံ ကြံ့ဖွတ်ပါတီ က လွှတ်တော်အမတ်နေရာ ၇၅ ရာခိုင်နှုန်း ကျော် အနိုင်ရရှိထားကာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပြီ ဖြစ်ကြောင်း ပါတီ သတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

အပိုင်း ၃ ရွေးကောက်ပွဲနေ့တွင် တောင်သာ စစ်တပ်မဲရုံနှင့် စစ်တပ်ကင်းပုန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
ဇန်န ၂၇
The Kaladan Post
စစ်ကောင်စီ ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲ အပိုင်း (၃) နေ့ ဇန်နဝါရီ ၂၅ ရက်တွင် မန္တလေးတိုင်း တောင်သာမြို့ပေါ်ရှိ စစ်တပ်မဲရုံနှင့် ရုံးစည်ကြီးရွာ အနီး ကင်းပုန်းများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။နံနက် ၆ နာရီခန့်မှ စတင်ကာ လက်လုပ်လက်နက်ကြီး ၄ လုံး အပါအဝင် ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက် အတိအကျ အတည်မပြုရသေးကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီး စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် သံဘိုရွာ၊ သားပေါင်းဂိတ်နှင့် ရုံးစည်ကြီးရွာ တဝိုက်သို့ ပါရာမော်တာ ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရှိရသည်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း စစ်တပ်စခန်းကိုလည်း ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး ၁၀ လုံးကျော်ဖြင့် ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်တွင် ထိခိုက် သေဆုံးမှု ရှိနိုင်သော်လည်း အရေအတွက် အတည်မပြုရသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း ဆေးရုံ ၂ ခုကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်
ဇန်န ၂၇
The Kaladan Post
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း ချောင်းဝဆေးရုံနှင့် တုံပင်ဆေးရုံတို့ကို စစ်ကောင်စီ လေတပ်က ဇန်နဝါရီ ၂၅ ရက် ည ၇နာရီခန့်နှင့် ဇန်နဝါရီ ၂၆ ရက် နံနက် ၁နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုသည်။ တံတားဦးလေတပ်စခန်းမှ ထွက်ခွာလာသော ဂျက်ဖိုက်တာ လေယာဉ် ၂ စီးသည် ဖားကန့်မြို့ဘက်အထိ ပျံသန်းလာပြီး အင်းတော် ကြီး ဒေသပတ်ဝန်းကျင်ရှိ ဆေးရုံနှစ်ခုကို ပစ်မှတ်ထား ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဗုံးကြဲမှု ကြောင့် ဆေးရုံ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှု ရှိ၊ မရှိ အတိအကျ မသိရသေးကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် အင်းတော်ကြီး ဒေသ၌ မိုင်းနောင်ရွာ၊ မမုံကိုင်ကျေးရွာ စစ်တပ်စခန်းများကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် သြဂုတ်လကတည်းက ထိန်းချုပ်ထားပြီး လက်ရှိ စစ်ကောင်စီက လေကြောင်း ပစ်ကူယူ၍ မြေပြင်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ အင်းတော်ကြီးကန် အရှေ့ဘက်ဒေသတချို့တွင် ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဖားကန့်မြို့နယ်တွင်လည်း ဇန်နဝါရီ ၂၅ ရက်က စစ်ကောင်စီ ပစ်မှတ်များကို KIA/KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများအတွင်း အရပ်သား ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။ လက်ရှိ ကချင် ပြည်နယ်အတွင်း ဖားကန့်၊ ဗန်းမော်၊ အင်းတော်ကြီး ဒေသများတွင် တိုက်ပွဲများနှင့် စစ်ရေး တင်းမာမှု မြင့်မားနေသဖြင့် လေကြောင်း အန္တရာယ်ကို ပိုမိုသတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက ဒေသခံ ပြည်သူများအား ထပ်မံ သတိပေးထားကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်စစ်ရှောင်စခန်းတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ကလေးငယ်များ အရေပြားဝေဒနာ ခံစားနေ
ဇန်န ၂၇
The Kaladan Post
ကရင်နီပြည်နယ် ရှားတောမြို့နယ်အတွင်း ကလေးငယ်များနှင့် လူငယ်များတွင် ပြင်းထန်ပြီး ကူးစက် မြန်သော အရေပြားရောဂါ ဖြစ်ပွားမှု ကျယ်ပြန့်လျက်ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ယနေ့ ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါ ရောဂါသည် အဓိကအားဖြင့် သန့်ရှင်းသော သောက်သုံးရေ မလုံလောက်မှုကြောင့် ဖြစ်ပွားလျက်ရှိပြီး စစ်ရှောင်စခန်းအချို့တွင် လည်း ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဆေးဝါးပြတ်လပ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် လုံလောက်သော ကုသမှု မရရှိသေးဘဲ ကလေးငယ်များ အထူးခံစားနေ ရကြောင်း အဖွဲ့က အလေးပေး ထုတ်ဖော်ထားသည်။ စစ်အာဏာသိမ်းမှုမတိုင်မီ လူဦးရေ သုံးသိန်း ဝန်းကျင်ရှိခဲ့သော ကရင်နီပြည်နယ်တွင် လက်ရှိ စစ်ဘေးရှောင်နှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူ နှစ်သိန်းခွဲဝန်းကျင် ရှိနေပြီး ရှားတောအပါအဝင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ ဖယ်ခုံ၊ မယ်စဲ့ စသည့် မြို့နယ်များတွင် စစ်ရှောင်ပြည်သူ နှစ်သိန်းရှစ်သောင်းကျော် ရှိနေကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက်က ထုတ်ပြန်ထားသည်။ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်း သည့် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ ကန့်သတ်မှုများကြောင့် နိုင်ငံတကာ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အကူအညီ မရောက်ရှိနိုင်ဘဲ ဒေသဆိုင်ရာ အဖွဲ့အစည်းများမှတဆင့်သာ အကူအညီ တောင်းခံ ရယူနေရသည်။

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ်ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး
ဇန်န ၂၇
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်နေ့က စစ်တပ်၏ ရွေးကောက်ပွဲ ကျင်းပနေ ချိန် မြို့ပေါ်ရှိ ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Royal Tiger Force က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်သား ၁ ဦး မျက်မြင်သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ နောက်ထပ် ၃ ဦး ဆက်လက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီ၏ အင်အား ၁၀၀ ကျော် တပ်စွဲထားသော နေရာများ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး မြို့ပေါ်တွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်း မရှိကြောင်း၊ ယန်စီဘက်တွင် သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force၊ ဆားလင်းကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်ရုံးတပ်၊ ပလဖ၊ C.D.F ချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F၊ Solo အောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့ စသည့် တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး တိုက်ခိုက်ပြီးနောက် ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၊ နေအိမ်တစ်လုံး ပျက်စီး
ဇန်န ၂၇
The Kaladan Post
တနင်္သာရီတိုင်း၊ ကစယ်ဒိုမြို့နယ်၊ ဖောင်းတောအရှေ့ကမ်း ဘောကွင်းအနီးရှိ နေအိမ်တစ်လုံး ပျက်စီးခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှု ရှိ/မရှိ အသေးစိတ်မသိရသေးကြောင်း ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) – မြိတ်ထားဝယ်ခရိုင်၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ညနေ ၄:၃၀ နာရီခန့်က အာဏာသိမ်း စစ်ကောင်စီ၏ Jet Fighter လေယာဉ်မှ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ဆုံးရှုံးထားရသော ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်အတွက် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်တာဖြစ်ကြောင်း ကေအဲန်ယူ က ပြောဆိုသည်။

NUCC နှင့် NUG တွေ့ဆုံမှုအတွင်း တော်လှန်ရေး စည်းလုံးညီညွတ်ရေး အဆင့်သစ် ဆွေးနွေးပွဲ အောင်မြင်ဟု NUG ပြောဆို
ဇန်န ၂၇
The Kaladan Post
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှု ဦးဆောင်မှု ပိုမိုခိုင်မာအား ကောင်းလာရေး၊ အင်အားစုအသီးသီးအကြား သဘောထားကွဲလွဲမှုများ ညှိနှိုင်းဖြေရှင်းရေး အပါအဝင် နိုင်ငံရေးဆိုင်ရာ အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံးမှ သတင်းထုတ်ပြန်ကြ သည်။ ဆွေးနွေးပွဲသည် စုစုပေါင်း ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး အားကောင်းထိရောက်သော တော်လှန် ရေး ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ကောင်းမွန်သော သဘောတူညီချက်များ များစွာ ရရှိနိုင်ခဲ့ကြောင်း နှစ်ဖက်စလုံးက အသိပေးထားသည်။ မကြာသေးမီက NUG အနေဖြင့် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ ဝန်ကြီး၊ ဒုဝန်ကြီးအချို့၏ ရာထူးတာဝန်ပြောင်း လဲခန့်အပ်မှု၊ ဝန်ကြီးဌာနအချို့ ပေါင်းစည်းခြင်း၊ ဖျက်သိမ်းခြင်း၊ ကျစ်လစ်အောင် ပြန်လည်ဖွဲ့စည်းခြင်း တို့ ပါဝင်ခဲ့သည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်နိုင်သော ပိုမိုကျယ်ပြန့်ပြီး အားကောင်းထိရောက်သော နိုင်ငံရေးဦးဆောင်မှု ဖြစ်ပေါ်လာရေးအတွက်လည်း ဆက်လက် ကြိုးပမ်းသွားမည်ဟု NUG က ဆိုထားသည်။

မန္တလေးနန်းတွင်း လပခတွင် မင်းအောင်လှိုင် ယတြာချေရန် ပြင်ဆင်ချိန် ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခံရ
ဇန်န ၂၇
The Kaladan Post
မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက် နံနက် အစောပိုင်း ၄:၃၀ နာရီခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့ ဦးဆောင်မှုဖြင့် ပူးပေါင်း တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံး အောင်မြင်စွာ ကျရောက် ပေါက်ကွဲနိုင်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံးများထဲမှ အချို့ လပခ တိုင်းမှူးနေ အိမ်ကို ထိမှန်ပျက်စီးခဲ့ပြီး စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ယတြာချေရန် မင်းဝတ်တန်ဆာ ဝတ်ဆင်ကာ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှ ပြည်တော်ဝင်ရန် စီစဉ်နေချိန်တွင် တိုက်ခိုက်ခဲ့ တာဟု BWM အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ ပစ်ခတ်ပြီးနောက် မင်းအောင်လှိုင် ပျောက်ဆုံးနေ သည်ဟု သတင်းရရှိထားပြီး ရန်သူဘက် ထိခိုက်သေဆုံးမှု အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ခိုက်မှုကို BWM ၏ Mission 50 အဖြစ် No More Dictatorship (NMD-PDF)၊ Shadow (Mandalay) နှင့် Infinity (အညာ) အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။ ပစ်ခတ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု များနှင့် လက်နက်ကြီးများ ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဧရာဝတီမြစ်အနောက်ဘက် စစ်ကိုင်း၊ ဝက်လက်ဒေသများတွင် တိုက်လေယာဉ်များ အဆက်မပြတ် ပျံဝဲနေကြောင်း သိရသည်။

ဆိပ်ဖြူ စာသင်ကျောင်းနှင့် ပုဏ္ဏားကျွန်း အင်တာနက်နေရာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်
ဇန်န ၂၇
The Kaladan Post
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်း စာသင်ကျောင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာ သို့မဟုတ် နေအိမ်ပျက်စီးမှု မရှိခဲ့ဘဲ စာသင်ကျောင်း အဆောက်အအု သာ ပျက်စီးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောဆို သည်။ ဆက်စပ်ဖြစ်ရပ်အနေဖြင့် ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာ မူလတန်း ကျောင်းအနီး စစ်ကောင်စီ တိုက်လေယာဉ်က ဗုံးကျဲခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ကလေး၏ မိခင် ဖြစ်ကြောင်း သိရသည်။ ထို့အတူ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်မင်္ဂလာကျေးရွာ အနီး အများပြည်သူ အင်တာနက် အသုံးပြုသည့် နေရာကို ဇန်နဝါရီ ၂၇ ရက် နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပေါင် ၅၀၀ ဗုံး ၁ လုံး၊ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များက ဖော်ပြသည်။
