BGF တပ်များ KNA ဘက်တံဆိပ်ပြောင်းလဲမှုကို စစ်တပ်က ကြောက်လန့်သဖြင့် ပူးတွဲတပ်များ ချက်ချင်းရုပ်သိမ်း
ဇန်န ၃
The Kaladan Post
ကရင်ပြည်နယ်အတွင်း ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များက ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ကရင်အမျိုးသားတပ်မတော် (KNA) ဘက်တံဆိပ်သို့ ပြောင်းလဲဝတ်ဆင် ခဲ့မှုကို မြန်မာစစ်တပ်က သဘောမတူကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ဘက်တံဆိပ်ပြောင်းလဲမှုကို စစ်တပ်ထံ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် စစ်တပ်ဘက်က ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အချို့ BGF တပ်များက အသိပေးရုံသာ ပြုလုပ်ခဲ့ပြီး ညှိနှိုင်းမခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စစ်တပ်က BGF တပ်များနှင့် ပူးတွဲထားသော စစ်သားများ ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းနေပြီး လှိုင်းဘွဲ့မြို့နယ် BGF တပ်ရင်း ၁၀၁၆ နှင့် အခြားတပ်ရင်းများ တွင် တွဲဖက်ထားသည့် စစ်သား ၂၀ ကျော်အပါအဝင် မိသားစုဝင်များကို ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်း တွင် စစ်ကားများဖြင့် လာရောက်ခေါ်ယူသွားခဲ့ကြောင်းသိရသည်။ ရွှေကုက္ကိုလ်၊ KK Parks နှင့် BGF တပ်နယ် ၂၊ တပ်နယ် ၃ တို့တွင်လည်း ပူးတွဲစစ်သားများကို မြဝတီမြို့ဘက်သို့ ပြန်ခေါ်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ BGF ဘက်က စစ်သားများကို ကြည်ကြည်ဖြူဖြူ ထွက်ခွင့်ပေးထား ပြီး တပ်ပြန်ရုပ်သိမ်းမှုများကို ငြိမ်းချမ်းစွာ လုပ်ဆောင်နေသည်ဟု သိရသည်။ သို့ရာတွင် BGF တပ်နယ် ၁ နှင့် တပ်နယ် ၄ အပါအဝင် အချို့တပ်များက ဘက်တံဆိပ်မပြောင်းဘဲ စစ်တပ်လက်အောက်တွင်သာ ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ KNA ဘက်တံဆိပ်ပြောင်းလဲသည့် BGF တပ်များ၏ ရပ်တည်ချက် အမှန်မှာ ဘက်တံဆိပ်ပြောင်းလဲမှုသာ ဖြစ်ပြီး စစ်တပ်ဘက်သို့ ဆက်လက်သစ္စာခံနေခြင်းဖြစ်နိုင် ကြောင်း သုံးသပ်သူများရှိနေသလို လူမျိုးနာမည်ကိုအသုံးပြုပြီး အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း နေပါက လူမျိုးကို ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည်ဟု ပြောဆိုသူများလည်းရှိနေသည်။ ထို့အပြင်စစ်တပ် က တရုတ်နှင့်ပူးပေါင်း၍ ကျားဖြန့်နှိမ်နင်းရေးဟု ဆိုကာ ကရင်ပြည်နယ်အတွင်း စစ်ရေးတပ်ဖြန့် မှုများ တိုးချဲ့နေသဖြင့် BGF ခေါင်းဆောင်များ၏ လုံခြုံရေးအခြေအနေ စိုးရိမ်ရသည်ဟုလည်း သတင်းရင်းမြစ် က ထောက်ပြသည်။

ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်နေ့၌ စစ်တပ်က Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို လက်နက်တပ်ဆင်ပေး၍ စစ်တိုက်ခိုင်း
ဇန်န ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ ၇ ရက်မြောက်ရောက်ရှိလာချိန် တွင် စစ်တပ်က ခမရ ၃၀၉ တပ်ရင်းအပါအဝင် စခန်းများအတွင်း ခိုလှုံနေသော Non-CDM ဝန်ထမ်း များနှင့် မိသားစုဝင်များအား လက်နက်ငယ်များ တပ်ဆင်ပေးကာ လုံခြုံရေးယူခိုင်းရုံသာမက တိုက်ပွဲ ဝင်တိုက်ခိုက်ခိုင်းနေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ထွေ/အုပ်၊ မီးသတ်၊ တရားရုံး၊ ဘဏ်နှင့် လ၀က အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင် ၁၀၀ ဝန်းကျင်မှာ စစ်တပ်နှင့် ရဲစခန်းများတွင် ပူးပေါင်းခိုလှုံနေရာ အသက်ပြည့်ပြီးသော သားသမီးများ၊ လူငယ်လူရွယ် များနှင့် ဝန်ထမ်းများကို အထက်အမိန့်ဖြင့် လက်နက်ငယ်များ ချက်ချင်းသင်ကြားပေးကာ တိုက်ပွဲ အတွင်း ပါဝင်စေနေသဖြင့် ငြင်းဆန်ခွင့်မရှိဘဲ ဖြစ်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် KIA နှင့် PDF တပ်များက မြို့အဝင်ဂိတ်၊ ကားကြီးဝင်း၊ ပညာရေးကောလိပ်နှင့် အထက်တန်းကျောင်းနေရာများကို သိမ်းပိုက်ထားပြီး စစ်တပ်က ရဲစခန်း၊ အကျဉ်းထောင်နှင့် ခမရ ၃၀၉ တပ်ရင်းတို့တွင် Non-CDM ဝန်ထမ်းအချို့နှင့်အတူ ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ကာ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

မုန်းမြို့နယ်တွင် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားသစ် ၈ ဦး KNLA ထံ အလင်းဝင်
ဇန်န ၃
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသည့် တပ်သားသစ်များ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ထံ အလင်းဝင်ရောက်လာမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ခမရ ၅၉၉ တပ်ရင်းမှ တပ်သားသစ် ၃ ဦး၊ အသက် ၂၀ နှစ်အရွယ် အောင်လင်းနိုင် (ခ) နိုင်ကြီး၊ အသက် ၂၆ နှစ်အရွယ် ဖြိုးအောင် (ခ) မဲလုံး နှင့် အသက် ၁၉ နှစ်အရွယ် စန်းမင်းကို တို့ အလင်းဝင်ရောက်လာခဲ့သည်။ အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်း အဆိုပါ ခမရ ၅၉၉ တပ်ရင်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် တပ်သား ၅ ဦး၊ အသက် ၂၉ နှစ်အရွယ် ညွန့်ဇော်၊ အသက် ၂၉ နှစ်အရွယ် နေလင်းထက်၊ အသက် ၁၇ နှစ်အရွယ် စန်းကိုနိုင် (ခ) ကိုကို၊ အသက် ၂၈ နှစ်အရွယ် ကျော်ကျော် နှင့် အသက် ၃၀ နှစ်အရွယ် မြင့်သောင် တို့ KNLA တပ်ရင်း ၈ ထံ အလင်းဝင်ရောက်ခဲ့ကြသည်။ ထို့အပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ခလရ-၇၅ တပ်ရင်းမှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားသစ် ၃ ဦး၊ အသက် ၂၇ နှစ်အရွယ် မောင်စိုင်းထက်ဝေ၊ အသက် ၂၃ နှစ်အရွယ် မောင်လင်းထက်မိုး နှင့် အသက် ၃၀ နှစ်အရွယ် မောင်သက်မောင် တို့လည်း KNLA တပ်ရင်း ၈ ထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့ကြသည်။ KNU က အကြမ်းဖက်စစ်တပ်တွင် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများအား နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံ ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံရန် ဆက်လက်တိုက်တွန်းနှိုးဆော်ထားသည်။

မြင်းခြံမြို့တွင် စစ်တပ်တိုက်ခိုက်ခံရပြီး အရာရှိ ၃ ဦးအပါအဝင် စစ်သား ၁၇ ဦးသေဆုံး ပျူစောထီး ၃ ဦးအရှင်ဖမ်း
ဇန်န ၃
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက်နှင့် အမှတ် ၁၅ ရပ်ကွက်အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ပျူစောထီး ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၁) တပ်ရင်းက ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မြင်းခြံမြို့ ဇီးခြံပြည်သူ့ စစ်ဂိတ်များနှင့် အမှတ် ၂၀ ရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့သည်။ ပျူစောထီးအချို့ မြို့ထဲ ပြေးကာ တပ်ကူလာရောက်စဉ် ထပ်မံတိုက်ခိုက်ခံရပြီး ဆုတ်ခွာသွားခဲ့ရကြောင်းသိရသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မြင်းခြံခရိုင်အမှတ်(၁) တပ်ရင်းနှင့် ထနောင်းမြေစစ်ကြောင်းတို့ ပူးပေါင်းကာ ကင်းပုန်း ဝပ်စောင့်ဆိုင်းနေစဉ် ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ နောက်လိုက် အမျိုးသမီး ပျူစောထီး ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင်လည်း အမှတ် ၁၅ ရပ်ကွက်ရှိ SP ရုံး (အင်အား ၂၀ ခန့်) ကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး မြို့ပြမစ်ရှင်အဖြစ် ဆောင်ရွက်ခဲ့သဖြင့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင်အမှတ်(၁) တပ်ရင်း၊ ထနောင်းမြေ စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် စစ်သားနှင့် ပျူစောထီးများ တပ်စွဲရာ နေရာများနှင့် အဝေးဆုံးနေထိုင်ကြရန်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များကို ကူညီပေးကြရန် မြင်းခြံခရိုင်အမှတ်(၁) တပ်ရင်းက နှိုးဆော်ထားသည်။

စလင်းနှင့် ဆိပ်ဖြူမြို့နယ်များတွင် PDF တပ်များ ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် စစ်သား ၁၉ ဦးသေဆုံး ၁ ဦးအရှင်ဖမ်း
ဇန်န ၃
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ထွေအုပ်ရုံးအပါအဝင် အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်ရုံးဌာနများကို PDF တပ်ဖွဲ့များက မီးရှို့ရှင်းလင်းခဲ့ပြီး ဆိပ်ဖြူမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်သား ၁၉ ဦး သေဆုံးကာ ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက် ထုတ်ပြန်သည်။ ဇန်နဝါရီလ ၁ ရက်နေ့တွင် မင်းဘူးခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်ဖွဲ့ဝင်များက ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် စစ်တပ်ဒေါက်တိုင်ရုံးများကို ဝင်ရောက်စီးနင်း၍ မီးရှို့ အပြီးသတ်ရှင်းလင်းခဲ့သည်။ ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်များက စီးနင်းတိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ဂိတ်ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ ထွက်ခွာလာသော အင်အား ၃၅ ဦးပါ စစ်တပ်ယာဉ်တန်းကို ပခုက္ကူခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁ ဦးကို အရှင်ဖမ်းဆီးရ မိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကား ၂ စီး ပျက်စီးခဲ့ကာ လက်နက်ချောင်း ၈ လက်နှင့် ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့သည်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) သည် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ မကွေးတိုင်းအတွင်း စစ်ကောင်စီ၏ အခြေပြုစခန်းများကို အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ပြည်သူများ အနေဖြင့် PDF တပ်ဖွဲ့ဝင်များကို တတ်နိုင်သမျှ ကူညီဖေးမကြောင်း (NUG)ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

လှည်းကူးမြို့နယ် ခရိုင်ထွေအုပ်ရုံးကို Yangon Army က ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
ဇန်န ၃
The Kaladan Post
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို Yangon Army (YA) တပ်ဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် သွားရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း YA တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ အဆိုပါ ခရိုင်ထွေအုပ်ရုံးသည် ပဲခူး ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက် ပွဲကို ဦးဆောင်လုပ်ဆောင်နေသည့် နေရားတစ်ခုဖြစ်ကာ ရုံးတွင် စစ်သားများမရှိဘဲ ပျူစောထီးများသာ လုံခြုံရေးယူစောင့်ကြပ်ထားသည်ဟု သိရသည်။ တိုက်ခိုက်မှုအတွင်း ရုံးစောင့်ပျူစောထီးများ ထိခိုက် ဒဏ်ရာရရှိခဲ့သော်လည်း အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိ လုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း လှည်းကူးမြို့နယ်အပါအဝင် ရန်ကုန်တိုင်းတွင် စစ်တပ်ထောက်တိုင်များ၊ နောက်ခံပါတီရုံးများကို Yangon Army နှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လှည်းကူးမြို့နယ်၌ စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ အပိုင်း(၂) လုပ်ဆောင်ရန် ရှိနေသဖြင့် ပါဝင်လုပ်ကိုင်သူများကို အပြင်းအထန် တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း Yangon Army က သတိပေးထားသည်။ ပြည်သူတွေက တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရင်ပဲ ကျွန်တော်တို့ ကျေနပ်နေပါပြီ အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ ရွေးကောက်ပွဲမှာ ပါဝင်လုပ်ကိုင်သူတွေကို အပြင်းအထန် တိုက်ခိုက်သွားမယ် ဟု Yangon Army တာဝန်ရှိသူက ပြောဆိုသည်။

လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း တပ်ရင်းမှူးအဆင့် အပါအဝင် သေဆုံး ၃၀၀ ကျော်သေဆုံး၊ ဒဏ်ရာရ ၆၀၀ ကျော်ရှိ
ဇန်န ၃
The Kaladan Post
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို သိမ်းပိုက်ရန် စစ်ကောင်စီတပ်မ (၂၂) လက်အောက်ခံ တပ်ရင်းများက ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့ရာ ယခုအခါ တိုက်ပွဲ လေးလနီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ကရင်သတင်းရင်းမြစ် များက ပြောဆိုကြသည်။ လက်ရှိတွင် တိုက်ပွဲများ မင်းလက်ပံကျေးရွာအနီးတွင် ဆက်လက်ပြင်းထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှာ အဆိုပါနေရာတွင်ပင် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေကြောင်း သိရသည်။ တပ်မ(၂၂) လက်အောက်ခံ ခမရ(၂၀၃) ဒုတပ်ရင်းမှူး၊ ခမရ(၂၀၁) တပ်ရင်းမှူး အပါအဝင် တပ်ရင်းမှူး အဆင့် အရာရှိများ သေဆုံးခဲ့ပြီး တပ်ရင်းမှူးအဆင့် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မ(၂၂) တခုလုံး သေဆုံးသူ ၃၀၀ ကျော်အထိ ရှိနေပြီး ဒဏ်ရာရသူများနှင့် စုစုပေါင်း ထိခိုက်ကျဆုံးမှု ၆၀၀ ကျော် ရှိနေကြောင်း တပ်မဟာ(၆) နယ်မြေ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ စစ်ကောင်စီဘက်မှ တပ်မ(၂၂) လက်အောက်ခံ တပ်ရင်း ၃ ရင်းကို ဗျူဟာ ၃ ခု (၂၂၁၊ ၂၂၂၊ ၂၂၃) ဖြင့် ခွဲ၍ ဗျူဟာတစ်ခုလျှင် အင်အား ၄၀၀ ကျော်၊ စုစုပေါင်း ၁၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်မှုထမ်းတပ်သား သစ်များကို အများဆုံး အသုံးပြုထားကြောင်း ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ယခင် က ပြောဆိုထားသည်။ တိုက်ပွဲများအတွင်း စစ်တပ်ထံမှ လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်ဖွဲ့ များက အများအပြား သိမ်းဆည်းရရှိထားပြီး သေဆုံးမှုများပြားမှုကြောင့် အလင်းဝင်လာသူများလည်း ရှိနေကြောင်း ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လေးကေ့ကော်မြို့သစ်ကို ခုခံတိုက်ခိုက်နေခြင်း ဖြစ်ပြီး ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက စစ်မြေပြင်တွင် ကိုယ်တိုင်ဦးဆောင် တိုက်ခိုက်နေကြောင်း သိရသည်။
လွတ်လပ်ရေးနေ့တွင် နေအိမ်တိုင်း အလံစိုက်ခိုင်း၍ နိုင်ငံတော်အလံ ၂၀၀၀၀ ကျပ် အထိ ဈေးတက်
ဇန်န ၃
The Kaladan Post
အကြမ်းဖက်စစ်ကောင်စီက လာမည့် ဇန်နဝါရီလ ၄ရက် လွတ်လပ်ရေးနေ့တွင် နေအိမ်တိုင်း နိုင်ငံတော် အလံ မဖြစ်မနေ စိုက်ထူရမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ က အလံတစ်ခုလျှင် ကျပ် ၂ သောင်းနီးပါး အထိ စျေးတင်ရောင်းချနေသဖြင့် ပြည်သူများ စားဝတ်နေ ရေး ကျပ်တည်းနေချိန် ထပ်မံ ဒုက္ခရောက်နေရကြောင်း မကွေး၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မန္တလေးတို့မှ ဒေသခံများက သတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလံသေးတစ်ခုလျှင် ကျပ် ၂ သောင်း သတ်မှတ်ရောင်းချပြီး ပြင်ပမှ အလံများ ဝယ်ယူခွင့်မပြုကြောင်း ဒေသခံများက ဆိုသည်။ မကွေးမြို့၊ အောင်မေတ္တာ (ခ) ရပ်ကွက်တွင် လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် သိန်းထိုက်က အလံမစိုက်ထူပါက နိုင်ငံတော်အလံဥပဒေဖြင့် အရေးယူမည်ဟု အသံချဲ့စက်ဖြင့် ခြိမ်းခြောက်ကာ ရပ်ကွက်ရုံးတွင် အလံများကို ကျပ် ၂ သောင်းခွဲ မှ ၂ သောင်း ၉ ထောင်အထိ ရောင်းချနေကြောင်း သိရသည်။ စစ်ကိုင်းမြို့ပေါ်တွင်လည်း အလံစိုက်ထူရန် လက်မှတ်ထိုးခိုင်းပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အလံတစ်ခုလျှင် ကျပ် ၁၉၀၀၀ မှ ၂၄၀၀၀ အထိ ရောင်းချနေကြောင်း သိရှိရသည်။ မန္တလေးမြို့ပေါ်တွင်မူ အလံမလွှင့်ထူပါက ဒဏ်ငွေ ကျပ် ၁ သိန်း အထိ ချမည်ဟု ခြိမ်းခြောက်နေသဖြင့် ရပ်ကွက်ရုံးများက စျေးတင်ထားသော အလံများကို ပြည်သူများ အလုအယက် ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီး စစ်တပ်တပ်စွဲရာ လက်နက်ကြီးပစ်ခတ်ခံရပြီး စစ်သား ၅ ဦးသေဆုံး
ဇန်န ၃
The Kaladan Post
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းဆေးရုံအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ခန့်က လက်နက်ကြီးကျည် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ထုတ်ပြန်သည်။ အဆိုပါ လက်နက်ကြီးကျည် များသည် အေးမြဖြူ စက်ချုပ်ဆိုင်အနီးတွင်လည်း ကျရောက်ပေါက်ကွဲခဲ့သော်လည်း ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသဖြင့် ထိခိုက်သူ မရှိကြောင်း သိရသည်။ မိုးကုတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပကဖများက ဒီဇင်ဘာလမှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန် မြို့နယ်ရှိ မြို့သာ ရဲစခန်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့ များက လက်နက်ကြီး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူက ပြောဆိုသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ စခန်းအတွင်း ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး စစ်သားများ စခန်းပြင်ပသို့ ထွက်ပြေးခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ၊ မြောင်မြို့နယ် ဒေါင်းပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှေ့နေများကောင်စီက ၂၀၂၅ ရွေးကောက်ပွဲကို တရားမဝင် ရာဇဝတ်မှုအဖြစ် ကြေညာ
ဇန်န ၃
The Kaladan Post
၂၀၂၅ ရွေးကောက်ပွဲသည် တရားမဝင်ပြီး စစ်ကောင်စီ၏ အာဏာတည်မြဲရေးအတွက် ကျူးလွန်သော ရာဇဝတ်မှု တစ်ရပ်သာဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီက ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ်ဖြင့် ဥပဒေအကိုးအကားများဖြင့် သက်သေပြ ကြေညာလိုက်သည်။ ထုတ်ပြန်ချက်တွင် ၂၀၂၁ အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်း၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဥပဒေမဲ့ ဖမ်းဆီးခဲ့ခြင်း၊ နိုင်ငံရေးပါတီ ၈၄ ခန့်ကို မတရားဖျက်သိမ်းခဲ့ခြင်း၊ အချို့ဒေသများတွင်သာ အပိုင်းလိုက်ကျင်းပရန် စီစဉ်ထားခြင်းနှင့် ပြည်ပရောက်လုပ်သားများကို အကျပ်ကိုင် မဲပေးခိုင်းရန် ကြိုးပမ်းနေခြင်းတို့ကို အဓိက ထောက်ပြ ထားသည်။ ထို့အပြင် အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု ၃,၃၀၀ ကျော်ဖြင့် ပြည်သူ ၁,၅၀၀ နီးပါး သေဆုံးခဲ့ရပြီး နေအိမ်တစ်သိန်းကျော် မီးရှို့ဖျက်ဆီးခံရသည့် လုပ်ရပ်များကို နိုင်ငံတကာ ဥပဒေအရ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ပြစ်မှုများအဖြစ် သတ်မှတ်ထား ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ စားဝတ် နေရေး အကျပ်အတည်းနှင့် ဘိန်းစိုက်ပျိုးမှု၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြင့်တက်လာမှုတို့ကို ဖြစ်ပေါ်စေခဲ့ပြီး အာဏာတည်မြဲရေးအတွက်သာ ရည်ရွယ်ထားသည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ငံတကာ အနေဖြင့် ဤရွေးကောက်ပွဲကို အသိအမှတ်မပြုသင့်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကောင်စီက အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။ ဤကြေညာချက်သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို တရားမဝင်ဟု တင်ပြထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြတ်သားစွာ ဆန့်ကျင်ရန် လိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။

စစ်ကိုင်းတိုင်း မြောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး
ဇန်န ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ဆေးရုံတို့တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်များကို Zin Yaw Ni Sniper packing Guerrilla forces ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း Zin Yaw Ni Sniper packing Guerrilla forces တပ်ဖွဲ့က ထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ တွင် မြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ ရဲစခန်းအဆောက်အဦး ၁ လုံး ပျက်စီးခဲ့သည်။ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် နောက်တစ်နေ့ ဒီဇင်ဘာ ၂၉ ရက်တွင် မြို့ပေါ်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ထပ်မံ လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှု ရှိခဲ့သော်လည်း အရေအတွက်အတိအကျ မသိရသေးပေ။ စစ်ကောင်စီက ၈၁ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် LPDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို Zin Yaw Ni လက်နက်ကြီး အဖွဲ့နှင့် အတူ ပကဖ၊ LPDF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

