စစ်ကိုင်းတက္ကသိုလ်အဝင် စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး

ဇန်န ၃၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စစ်ကိုင်းတက္ကသိုလ်အဝင်တွင် စစ်တပ် တပ်စွဲထားသော စစ်ဆေးရေး ဂိတ်နှင့် တက္ကသိုလ်ဝင်းရှေ့ ပြည်သူပိုင် (၃)ထပ်တိုက်အပေါ်ထပ်တွင် အထိုင်ချ တပ်စွဲနေထိုင်ကာ ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) မှ အသိပေးထားသည်။ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့၏ တာဝန်ရှိ သူက ပြောကြားသည်။ တိုက်ပွဲအတွင်းနှင့် ပြီးဆုံးချိန်အထိ စစ်ကိုင်းမြို့ တပ်မ (၃၃) နှင့် စစ်ကိုင်း-ခရိုင်ချင်းဆက်လမ်း (စာရေးလမ်းခွဲ) အထိုင်ချထားသော စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) သည် မကြာမီ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ရန်ရှိပြီး ပူးပေါင်းလက်တွဲလိုသော မဟာမိတ်အဖွဲ့များကို ကြိုဆိုထား ကြောင်း အသိပေးထားသည်။

မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးစစ်တပ် ၁၀ ကြိမ်တိုက်ခိုက်ခံရပြီး စစ်သား ၃၀ သေဆုံး

ဇန်န ၃၁
The Kaladan Post
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ဇန်နဝါရီလ ၁၇ ရက်မှ စတင် စစ်ကြောင်းထိုးသော စစ်တပ်က ကြပ်ကြီး၊ မဲဇလီ၊ သရက်အုပ်၊ ထိန်ကိုင်း၊ ထန်းလေးပင်၊ ပြောင်း၊ သီးပင်ကုန်း၊ ဝက်ကော်၊ သဖန်ရောင်၊ တမာ၊ ကင်းမွန်တောင့်စသည့် ကျေးရွာများသို့ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းကို သရက်ခရိုင် အမှတ်-၄ တပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ လိုက်လံ ခုခံတိုက်ခိုက်ရာ တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃၀ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်း က ထုတ်ပြန်သည်။ စစ်ကြောင်းက ရွာများအတွင်း ယာယီတပ်စွဲ၊ လူသားဒိုင်းအဖြစ် ပြည်သူ များကို ဖမ်းဆီး၊ နေအိမ်များမှ ပစ္စည်းများ လုယက်သိမ်းဆည်း၊ ဆိုင်ကယ်၊ ကားများ မတရားယူဆောင် သွားခဲ့သည်။ ၎င်း စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ရှိပြီး အထိနာပြီးနောက် နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ရာ ဝက်ကော်ရွာမှ ၂၈ လုံး၊ ထန်းလေးပင်ရွာမှ ၅၀ ကျော်၊ ကင်းမွန်တောင့်ရွာမှ ၃၀ ကျော် အပါအဝင် စုစုပေါင်း နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သည့်အပြင် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် သီးပင်ကုန်းရွာတွင် ချင်းတိုင်းရင်းသား အမျိုးသား ၁ ဦးကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကြောင်းသည် မင်းတုန်းမြို့အနီး ကျွဲဘေးကျေးရွာ တွင် ရှိနေဆဲဖြစ်ကာ လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်တပ် သံချပ်ကာယာဉ်တစ်စီး ထပ်မံ ဖျက်ဆီးခံရ

ဇန်န ၃၁
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မ တော် (KIA) နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီ၏ သံချပ်ကာယာဉ်တစ်စီးကို ဇန်နဝါရီ ၂၈ ရက်နေ့ တွင် ထပ်မံ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဗန်းမော်မြို့ တွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ်များ ကုန်ခမ်းသွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။ ထို့အပြင် စစ်ကောင်စီ တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်က အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းကို သိမ်းပိုက်စဉ် သံချပ်ကာယာဉ် ၇ စီး ရရှိခဲ့ကြောင်း KIA က ယခင်က ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ဗန်းမော်၊ ဝိုင်းမော်နှင့် တနိုင်းဒေသများတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကချင်ပြည်နယ် အချို့နေရာများ တွင် စစ်ရေး တင်းမာမှုများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ပျဉ်းချောင်းကျေးရွာတွင် စစ်တပ်ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံး

ဇန်န ၃၁
The Kaladan Post
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်များ ကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး) မှ သတင်းထုတ်ပြန်သည်။ ထောက်ကြံ့ကွင်းဂိတ်မှ ပျဉ်းချောင်းရွာသို့ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ များ စီးနင်းလာသည့် မက်(ခ်)တူး အိမ်စီးကား (အဖြူရောင်) ကို တပ်တွင်းဖရဲသီး၏ သတင်းပေးပို့ ချက်အရ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတပ်ဖွဲ့က ဆိုသည်။ ကားပေါ်တွင် ကပစ-၁၈ မှ ဗိုလ်ကြီး သက်ထွန်း အပါအဝင် စစ်သား ၆ ဦး လိုက်ပါလာခဲ့ပြီး ပျဉ်းချောင်းရွာ အထိုင်ချ ဂိတ်စခန်းသို့ ထွက်ခွါစဥ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ အဏ္ဏဝါ၊ ဖိုးကာ နှင့် နောက်တစ်ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီး သက်ထွန်း နှင့် တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိကာ မကွေးစစ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။ ၎င်း တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ (တောင်တွင်းကြီး)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဇန်နဝါရီ ၁၄ ရက်ကလည်း ဆက်ကြေးကောက် ပြီး ပြန်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး လက်နက်အချို့ ရရှိခဲ့ကြောင်း သိရသည်။

အနာဂတ်မျိုးဆက်များကို ငြိမ်းချမ်းဖွံ့ဖြိုးသော လူမှုဘဝ လက်ဆင့်ကမ်းနိုင်ရန် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

ဇန်န ၃၁
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဇန်နဝါရီ ၃၁ ရက် ကျရောက် သည့် (၇၇)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။ အာဏာ သိမ်းစစ်တပ်၏ အာဏာတည်မြဲရေး ကြိုးပမ်းမှုများကို လုံးဝ လက်ခံ၍ မရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ ဆက်လက်တည်မြဲရေးနှင့် စစ်တပ်အာဏာ ဆက်ကြီးစိုးရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသော ရွေးကောက်ပွဲ အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် နည်းပရိယာယ်များကို ပြတ်သားစွာ ဆန့်ကျင်ရမည်ဟု အလေးပေး ပြောကြားခဲ့သည်။ တိုင်းပြည် တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးအကြီးဆုံးမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရေး၊ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ အာမခံပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိ သော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စု တည်ဆောက်ရေးကို အလေးပေး ပြောကြားပြီး၊ ကော်သူးလေ ကရင်ပြည်ကို သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ တဆင့်ချင်း တည်ဆောက်လျက် ရှိကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအ တွက် KNU တစ်ခုတည်းဖြင့် မဖြစ်နိုင်ဘဲ တော်လှန်ရေး အင်အားစုများ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း အလေးပေးပြောဆိုသည်။ ပြည်ထောင်စုတစ်ခုလုံး အာဏာရှင်စနစ်နှင့် ယန္တရားများမှ လွတ်မြောက်ရေး၊ တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားနှင့် အခြေခံရပိုင်ခွင့်များ အာမခံပေးနိုင်ရေး၊ မျိုးဆက်သစ်များအတွက် ငြိမ်းချမ်း ဖွံ့ဖြိုးသော လူမှုဘဝ လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် ကရင်အမျိုးသားအဖွဲ့အစည်းများနှင့် တော်လှန်ရေး ပါဝင်နေသော အဖွဲ့အစည်းများ၊ တိုင်းသူပြည်သားများ စည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ဆက်လက် တိုက်ပွဲဝင် ကြရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ တပ်သား ၁,၉၇၄ ဦး သေဆုံးနှင့် ၂၁၄ ဦး လက်နက်ချ အလင်းဝင်ဟု KNU ပြောဆို

ဇန်န ၃၁
The Kaladan Post
၂၀၂၅ ခုနှစ်အတွင်း ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေတွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဦးဆောင် မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ (PDF အပါအဝင်) အကြား တိုက်ပွဲကြီးငယ် စုစုပေါင်း ၂,၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန် သည်။ ထိုတိုက်ပွဲများတွင် စစ်ကောင်စီ ကျူးကျော်တပ်စွဲထားသော တပ်စခန်း ၁၇ ခု ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး အများစုမှာ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တပ်မဟာ (၄)၊ (၆) နှင့် (၇) နယ်မြေ များတွင် ဖြစ်ကာ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မြို့ ပါဝင်ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၂ ဦး၊ ဒုရင်းမှူး ၂ ဦး၊ G-3 တစ်ဦး၊ တပ်ခွဲမှူး ၃ ဦး အပါအဝင် ၁,၉၇၄ ဦး သေဆုံး၊ ၁,၆၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပြီး ထောက်ပို့ယာဉ် ၄၂ စီး ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသော တပ်သားသစ် ၂၁၄ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးထားသည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၁၀၈ ဦး ကျဆုံး၊ ၃၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီ၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အဝ ရရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် တော်လှန်ရေး အင်အားစုများ စည်းလုံးညီညွတ်မှုကို အလေးပေး ပြောကြားခဲ့သည်။

အင်းတော်မြို့နယ် မော်လူးဒေသ၌ ဇန်နဝါရီလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှု အရပ်သား (၁၄)ဦး သေဆုံး

ဇန်န ၃၁
The Kaladan Post
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသတွင် ဇန်နဝါရီလတစ်လအတွင်း စစ်တပ်လေကြောင်း တိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား (၁၄)ဦး သေဆုံးခဲ့ပြီး (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ အထင်ရှားဆုံး ဖြစ်ရပ်မှာ ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီခန့်က လေဘို ကျေးရွာကို ဂျက်ဖိုက်တာ တစ်စင်းဖြင့် ပေါင် ၅၀၀ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အရပ်သား (၈)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ (၈)ဦးအနက် (၇)ဦးမှာ တစ်မိသားစုတည်း ဖြစ်ကာ အသက် ၇၀ နှစ်အရွယ် ဦးအောင်သန်း၊ သားသမီးများဖြစ်သော ဒေါ်ခင်စိုးကြည် (၄၈ နှစ်)၊ ဒေါ်ခင်ပြုံးရီ (၄၅ နှစ်)၊ မနွယ်မျိုးခိုင် (၂၆ နှစ်)၊ ဦးစံသိန်း (၃၈ နှစ်)၊ ဇနီး ဒေါ်ညိုညိုစိန် (၃၃ နှစ်)၊ သမီး မယုဝတီ (၃ နှစ်) နှင့် ဘေးအိမ်မှ ဒေါ်ဝါးခင် (၆၉ နှစ်) တို့ ဖြစ်သည်။ နေအိမ် (၂)လုံး ပျက်စီးခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်က မာန်ဟဲရွာထိပ်ကို လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦး သေဆုံး၊ အရပ်သား (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံး ပျက်စီး၊ နွားတစ်ကောင် သေဆုံးခဲ့သည်။ ဇန်နဝါရီ ၂ ရက်က ပဲခူးနှင့် ရွာရှည်ရွာကြားတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် G12 ကျောင်းသူ တစ်ဦး သေဆုံး၊ နောက်ထပ် ကျောင်းသူ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိ လေကြောင်း ပျံသန်းမှုများ ခပ်စိပ်စိပ် တွေ့ရှိနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန်၊ ဗုံးခိုကျင်းများ တူးထားရန်နှင့် လေကြောင်း သတင်းများကို နားစွင့်ထားကြရန် လိုအပ်ကြောင်း တော်လှန်ရေးရဲဘော်များက တိုက်တွန်းထားကြ သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် KIA၊ KPDF ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်

ဇန်န ၃၁
The Kaladan Post
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၃၀ ရက်ညပိုင်းမှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုးလာခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်များက ကြားဖြတ်ခုခံ တိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီ ၃၁ ရက် မနက်အစောပိုင်းမှ စတင်ကာ ညောင်ပင်ကုန်း၊ ယူမာ ကျေးရွာ နှင့် ဆက်စပ်နေရာများတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ဖွဲ့က ဗျူဟာကုန်းမှ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ ထို့အပြင် ထုံးဘိုကျေးရွာ ဘက်ခြမ်းရှိ ဒေသခံပြည်သူများ ရွာထဲတွင် ပိတ်မိနေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖားကန့်မြို့ ပတ်ပတ်လည်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲနေကြောင်း ဖော်ပြထားသည်။ ဇန်နဝါရီ ၂၈ ရက်က ဖားကန့်မြို့တွင် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပစဉ် KIA၊ KPDF ပူးပေါင်းတပ်များက ပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းနောက်ပိုင်း စစ်ရေး တင်းမာမှု ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်တပ်ကို စစ်ရှိန်မြှင့် တိုက်ခိုက်ရန် ပဲခူးခရိုင် တပ်ရင်း(၂) တပ်သားသစ်များ ဖိတ်ခေါ်

ဇန်န ၃၁
The Kaladan Post
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးခရိုင် အမှတ်(၂) တပ်ရင်း (P2-3702) က စစ်တပ်ကို စစ်ရှိန်မြှင့်တိုက်ခိုက်နေချိန်တွင် တပ်သားသစ်များ ထပ်မံ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ စစ်ဖိနပ် အောက်မှာ ဆက်ငုံ့ခံမလား၊ ညီကိုတွေနဲ့အတူ တော်လှန်မလား ဟု မေးခွန်းထုတ်ကာ စစ်အာဏာရှင် စနစ်အောက်တွင် အနာဂတ်ပျောက်ဆုံးနေရသည့် လူငယ်များ ရုန်းထွက်ရန် တိုက်တွန်းထားသည်။ မတရားမှုကို အတူတကွ တွန်းလှန်တိုက်ခိုက်လိုသူများကို လက်တွဲ ပူးပေါင်းရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ တပ်ရင်း(၂) သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃) တပ်ရင်း(၉) တွင် အခြေစိုက်ကာ သန္ဓေတည်ခဲ့ပြီး ပဲခူးတိုင်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ညောင်လေးပင် မြို့နယ်များတဝိုက် စစ်တောင်းမြစ်ဝှမ်း တစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် နေသည့် တပ်ရင်းဖြစ်ကြောင်းသိရသည်။ တော်လှန်ရေးတွင်ပါဝင်လိုသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ကျန်းမာရေး အထူးကောင်းမွန်ရမည်ဖြစ်ပြီး PDF ၏ စံပြုတည်မြဲ အမိန့်ပါ ကျင့်ဝတ် နှင့် စည်းကမ်းများ၊ တပ်ရင်း ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာနိုင်ရမည်သူဖြစ်မည်ဟု ဆိုသည်။ ထို့အပြင် ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ မထားဘဲ ပြည်သူ့ကို ဦးစားပေး၍ တော်လှန်ရေး ပြီးဆုံးသည် အထိ ရပ်တည်ချက် ခိုင်မာပြီး လူမှုရေး အရှုပ်အထွေး ကင်းရှင်းရမည်။ ပြည်သူလူထု၊ တော်လှန်ရေးနှင့် တိုင်းပြည်အပေါ် သစ္စာစောင့်သိ၍ စွန့်လွှတ်အနစ်နာခံ ယူလိုစိတ်ရှိရမည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စိတ်ဝင်စားသူများအနေဖြင့် ပဲခူးခရိုင် အမှတ်(၂) တပ်ရင်း၊ P2-3702 ၏ Facebook Page Messenger မှတစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။