တောင်ငူမြို့ပေါ် ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး

ဇန်န ၆
The Kaladan Post
ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် ည ၇ နာရီ ၄၂ မိနစ်ခန့်က အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူနှင့် တောင်ငူပကဖ တို့ ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT၊ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စခန်းသိမ်းပိုက်ရန်နီးကပ်ချိန်တွင် စစ်ကူများလျင်မြန်စွာ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ပြန်ဆုတ်ခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း MGN 35 တာဝန်ခံ ကိုနွေမိုက်က ပြောဆိုသည်။

နတ်မောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့် သေဆုံး

ဇန်န ၆
The Kaladan Post
မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်း ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က စစ်တပ်စစ်ကြောင်းနှင့် စစ်သားလိုက်ပါ အိမ်စီးကားများကို ဆက်တိုက် မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့်က ဂွေးကုန်းကျေးရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို နတ်မောက်ပကဖ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်ဘက်က ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ သေဆုံးစစ်သားအလောင်းများကို ဖျောက်ဖျက်နေကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ပြောဆိုသည်။ ထို့အပြင် ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီခန့် တွင် တဲကြီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဖန်းခါးကျေးရွာသို့ ရောက်ချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင်လည်း တဲကြီးကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီခန့် တွင် စိုင်ကောင်း-ရွာမွန်လမ်းပိုင်းတွင် ပကဖတပ်ဖွဲ့ဝင်များ လမ်းပိုင်းစစ်ဆေးနေစဉ် စိုင်ကောင်းကျေးရွာ ဘက်မှ လာသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦး လိုက်ပါသည့် အိမ်စီးကားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး စစ်တပ် အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦး သေဆုံးခဲ့ပြီး MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ဘောက်နှင့် ၅.၅၆ မမ ကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဇန်န ၆
The Kaladan Post
ဇန်နဝါရီ ၅ ရက် ည ၈ နာရီကျော်အချိန်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ကျောင်းကို တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ထုတ်ပန်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် စစ်ရှောင်ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြား ရှိနေကြောင်း ကနဦးသတင်းများအရ သိရသည်။ မန္တလေးတိုင်းနှင့် ဆက်စပ်နေသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်များတွင် စစ်ကောင်စီ စစ်ကြောင်းထိုးမှုများ ပြင်းထန်နေသဖြင့် ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရာ ဝေးလံသော ကျောင်းများအထိ ရောက်ရှိလာရခြင်း ဖြစ်သည်။ ထို့ပြင် ဇန်နဝါရီ ၅ ရက်တွင်ပင် မတ္တရာမြို့နယ်အနောက်ခြမ်းမှ ထွက်လာသော စစ်ကြောင်းက စဉ့်ကူးမြို့နယ် ဟင်္သာမအုပ်စုကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံများက ပြောဆိုထားသည်။

ဝန်းသိုမြို့တွင် စစ်တပ်စခန်းများကို တိုက်ခိုက်မည်ဖြစ်သောကြောင့် ပြည်သူများ အမြန်ဆုံး မြို့မှ ထွက်ခွာရန် PDF သတိပေး

ဇန်န ၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့တွင် တပ်မတော်ခမရ ၁၂၀ နှင့် ခမရ ၁၁၁ တပ်ရင်းများကို တော်လှန်ရေးတပ် များက တိုက်ခိုက်မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း က အသိပေးထားသည်။ ယနေ့ (ဇန်နဝါရီ ၆ ရက်) မှ စတင်ကာ ဇန်နဝါရီ ၉ ရက်နောက်ဆုံးထားပြီး ဝန်းသိုမြို့တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မြို့အတွင်းမှ ထွက်ခွာပေးရန် အသိပေးထားကြောင်း၊ စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုမခံ ရစေရန် ရည်ရွယ်ချက်ဖြင့် ကြိုတင်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ကောလင်းမြို့နယ် တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အရှိန်မြှင့်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကာ တော်လှန်ရေးတပ်များကလည်း ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်များ အရှိန်တင်လျက်ရှိသည်။ ဝန်းသိုမြို့မှ စစ်ကူပို့ဆောင်နေမှုကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေးနှင့် နီးစပ်သည့် ထောက်ပို့သတင်းရင်းမြစ်က ရှင်းပြထားသည်။ ဝန်းသိုမြို့တွင် ကောလင်းမှ စစ်ရှောင်များလည်း ရှိနေသဖြင့် ပြည်သူများ အမြန်ဆုံး သတိထားကာ ဘေးလွတ်ရာ ထွက်ခွာရန် လိုအပ်သည်ဟု ကောလင်းခရိုင် အမှတ်(၄) တပ်ရင်း က ပြောဆိုသည်။

အောင်လံမြို့တွင် ခရိုင်ပညာရေးရုံး စာရေး ဦးမိုးဌေးခိုင်ကို မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီး

ဇန်န ၆
The Kaladan Post
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ခရိုင်ပညာရေးမှူးရုံး ရေးစီမံဌာနမှ စာရေး ဦးမိုးဌေးခိုင်ကို သရက်ခရိုင်တပ်ရင်း(၂) က ဖမ်းဆီးထားကြောင်း သတင်းရင်း မြစ်က ပြောဆိုသည်။ ဖမ်းဆီးခံရသူ ဦးမိုးဌေးခိုင်သည် အောင်လံမြို့၊ အေးချမ်းဖြိုးလမ်း၊ ရွာထောင် ရပ်ကွက်နေသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ ခရိုင်ပညာရေးမှူးရုံးတွင် စာရေးအဖြစ် တာဝန်ထမ်း ဆောင်ကာ Non-CDM ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီခန့်က အောင်လံမြို့နယ်၊ မြို့လှကျေးရွာနှင့် သံချိတ်ဂိတ်တံတားအနီး၌ စစ်ဆေးရာတွင် WY ၁၀၅ ပြား၊ Mango အမှတ်တံဆိပ် ဆေးခြောက် ၂၀ ကျပ်သားခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သရက်ခရိုင် တပ်ရင်း (၂) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဦးမိုးဌေးခိုင်သည် ခရိုင်ပညာရေးရုံးဝန်ထမ်း ဖြစ်သည့်အတွက် စစ်ဆေးမှုများကို လွတ်ကင်းနေနိုင်ခဲ့ပြီး ဂိတ်များ၊ ရဲစခန်းများနှင့် ပတ်သက်မှု ကြီးမားသဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်နိုင်ခဲ့ကြောင်း စစ်ဆေးမှုများအရ ထွက်ဆိုချက်ရရှိ ထားကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူကို သရက်ခရိုင်တပ်ရင်း(၂) ထံတွင် ထိန်းသိမ်း ထားဆဲ ဖြစ်ပြီး အရေးယူဆောင်ရွက်နိုင်ရေး အောင်လံမြို့နယ် ပကဖနှင့် သက်ဆိုင်ရာ ကွပ်ကဲရေး အဆင့်ဆင့်သို့ အသိပေး တင်ပြထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ် ကုန်းကြီးရွာ စာသင်ကျောင်းကို စစ်တပ်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် စစ်ရှောင်ပြည်သူ ၃ ဦး သေဆုံး

ဇန်န ၆
The Kaladan Post
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ဖက်ခြမ်း၊ မြေနီလျှိုလမ်းဆုံမှ ခရိုင်ချင်းဆက်လမ်း အနီး ကုန်းကြီး ကျေးရွာ စာသင်ကျောင်းနှင့် ဆက်စပ်ဆီခြံတွင် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်နေရာ၊ ဇန်နဝါရီ ၅ ရက် (၂၀၂၅) ည ၈:၃၀ နာရီခန့်တွင် စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှု ကြောင့် အရပ်သား စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ရော့ကက် ၁ လုံး ကျဲချခဲ့ခြင်း ဖြစ်ပြီး စစ်ရေးပစ်မှတ်နှင့် လုံးဝ မသက်ဆိုင် သည့် အရပ်သားများ စုဝေးနေထိုင်ရာ စာသင်ကျောင်းနှင့် ဆီသိုလှောင်ခြံကို အဓိကပစ်မှတ်ထား တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုနယ်မြေမှ စစ်ရှောင်များကို ခင်ဦးမြို့နယ်ဘက်သို့ တိမ်းရှောင်လာသည့်အခါ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း ကြောင်းသိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများအတွက် ကယ်ဆယ်ရေးနှင့် ဆေးကုသမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ခင်ဦးမြို့နယ် ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောကြားထားသည်။ ထို့ကြောင့် ခင်ဦးမြို့နယ်အတွင်း နေထိုင်ကြသော နယ်မြေခံပြည်သူများ၊ စစ်ဘေးရှောင်များနှင့် ခရီးသွားပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်မှ ကာကွယ်ရန် ဗုံးခိုကျင်း၊ တူးမြောင်းများ ကြိုတင်ပြင်ဆင်ထားရန်၊ လေကြောင်းကုဒ်သတိပေးချက်များကို နားထောင်ရန်၊ လေယာဉ်ဖြတ်သန်း ချိန်တွင် လုံခြုံရာ နေရာများသို့ ချက်ချင်း ဝင်ရောက်ရန်နှင့် အဆောက်အအုံများအတွင်း လုံးဝ မနေထိုင်ကြရန် ခင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။


ပန်းတောင်းမြို့နယ် ၆၆၆ ကုန်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၀ ဦး သေဆုံး

ဇန်န ၆
The Kaladan Post
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ကွန်မန်ဒိုတပ်ဖွဲ့က စစ်တပ်စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီးအဆင့်ရှိသူ တစ်ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီ ခန့်တွင် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်းရှိ ၆၆၆ ကုန်း နှင့် ကပစ် ၁၆ အကြား၊ မသုန်ရွာ အနောက်ဘက်ဘက်မီတာ ၅၅၀၀ ခန့်အကွာတွင် စခန်းချနေသော စစ်တပ် စစ်ကြောင်းကို AA ကွန်မင်ဒိုစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် ကလေးမြို့အခြေ စိုက် စကခ ၁၀ စကခမှူး ဟုယူဆရသော ဗိုလ်မှူးကြီး တစ်ဦး၏ အလောင်းနှင့်အတူ စစ်သား အလောင်း ၁၀ ကျော်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ တိုက်ပွဲ ကြာချိန်မှာ မိနစ် ၃၅ ခန့်ဖြစ်ပြီး AA ဘက်မှ အထိအခိုက်အနည်းဆုံး ဖြင့် အောင်မြင်စွာ ဆုတ်ခွာလာခဲ့သည်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တွင် AA မှ ၆၆၆ ကုန်းကို ဝိုင်းရံပိတ်ဆိုဖြတ်တောက်ထားမှုမှာ ကာလ အတန်ကြာခဲ့ ပြီဖြစ်ကာ ထိုစစ်ကြောင်းမှ စစ်သားများမှာ ခဲယမ်း၊ ရိက္ခာ ပြတ်လပ်နေမှုကြောင့် နေ့စဉ်နှင့်အမျှ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အတွင်း ပန်းတောင်းမြို့နယ်တွင် အလင်းဝင်သူ စစ်သား ၁၀ ဦး ကျော်ရှိခဲ့ပြီး AA က ၆၆၆ ကုန်းမှ လက်ကျန်စစ်တပ်ကို အမှည့်ခြွေ တိုက်ခိုက်လျက်ရှိကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဖလမ်းမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်း တိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံး

ဇန်န ၆
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့ဘက်သို့စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါတိုက်ပွဲသည် သိုင်းငင်းရွာဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ခွမ်ကလေးရွာ၊ Khuangli ရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး မနက် ၆ နာရီမှ ၁၀ နာရီအထိ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ များပြားခဲ့ပြီး စစ်သုံ့ပန်း ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် လက်နက်ကြီးအချို့၊ လက်နက်ငယ် ၁၀ လက်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြသည်။ စစ်တပ်များက ဖလမ်းမြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည့်အချိန်တွင် ချင်းပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် မှုများ ဆက်လက်ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း Khuangli ရွာအနီး တိုက်ပွဲဖြစ်ပွား ခဲ့ရာ စစ်သား ၅ ဦး သေဆုံး၊ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့ပြီးသည်။ ယခင်က ဒီဇင်ဘာ ၂၉ ရက်နေ့တွင် လည်း အလားတူ တိုက်ပွဲတစ်ခုတွင် စစ်သား ၃ ဦး သေဆုံး၊ စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် Khuangli ရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်း (အင်အား ၂၀၀-၃၀၀ ခန့်ရှိ) သည် တစ်လနီးပါးကြာ ချင်းပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ဖလမ်းမြို့သို့ ရောက်ရှိရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စစ်ကောင်စီက ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်

ဇန်န ၆
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်မှ ၆ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဂျက်ဖိုက်တာ၊ Y-12 ဘက်စုံသုံးလေယာဉ်များဖြင့် ဗုံးကြဲချမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်က ထုတ်ပြန်သည်။ စုစုပေါင်း ဗုံးအလုံး ၈၀ ခန့် ကြဲချခဲ့ပြီး တိုက်ပွဲ မဖြစ်ပွားသော နေရာများကိုပါ အကြောင်းမဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်တွင် ၂ ကြိမ်၊ ယမန်နေ့ ၅ ရက် မနက်အစောပိုင်း ၁ ကြိမ်နှင့် ယနေ့ ၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၃ လုံး ကြဲချခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ မနက် ၁ နာရီ ၁၅ မိနစ်ခန့်က တောင်ခင်ရန်းရွာကို ဗုံးကြဲချမှုကြောင့် လူနေအိမ်များနှင့် စပါးသိုလှောင်ရာ စပါးတိုက်များ ပျက်စီးခဲ့ပြီး စပါးတင်း ၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ လက်ရှိ ယောဒေသတစ်ခု လုံးတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၁၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံ မိဘပြည်သူများနှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများအနေဖြင့် လေကြောင်းရန်ကို အထူးသတိထားရန် လိုအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားကြသည်။