ပခုက္ကူမြို့နယ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး
ဇန်န ၈
The Kaladan Post
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်း စက်မှုဇုန်နယ်မြေတွင် ဇန်နဝါရီ ၆ရက် မွန်းလွဲ ၁၂ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း ဆက်ကြေးကောက်ခံနေသော စစ်ဆေး ရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ စနိုက်ပါနှင့် ၄၀ မမ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေး ရဲဘော်များ က ယာယီ ဆုတ်ခွာခဲ့ရပြီး ရဲဘော်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ပြောဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်း၊ ANYAR AYEYAWADDY REVOLUTION FORCE (AARF) နှင့် GOLDEN EAGLE (PDF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံ၍ ဖိနှိပ်နေသော စစ်ကောင်စီ ဂိတ်များကို ဆက်လက် တုံ့ပြန်သွားမည့်ဟု တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုကြသည်။

တောင်သာမြို့ စစ်တပ်ဝန်ထမ်းအိမ်ရာ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး
ဇန်န ၈
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ အထိုင်ချထားသော ဝန်ထမ်းအိမ်ရာဝင်းကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း က ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်တပ် ဘက်မှ ယူနီဖောင်း၊ လွယ်အိတ်များ၊ ကျည်ကာအင်္ကျီများနှင့် စစ်အသုံးဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိပြီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကာ ဝန်ထမ်းအိမ်ရာအနက် အိမ် ၂ လုံးကို မီးတင်ခဲ့သည်ဟု အဆိုပါတပ်ရင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီ ဘက်မှ ကားများဖြင့် စစ်ကူရောက်ရှိ လာကာ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေး ရဲဘော်များက ယာယီ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း ရဲဘော်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ပြောဆိုသည်။ စစ်တပ်တွေ ထိန်းချုပ်ထားတဲ့ တောင်သာမြို့ပေါ်ကို အချိန်မရွေး ဝင်ချင်ရင် ဝင်လို့ရတယ်ဆိုတာ ပြချင်လို့ ဝင်တိုက်ခဲ့တာဖြစ်သည့်အပြင် ဤစစ်ဆင်ရေးသည် မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာ နေရာများကို ဆက်လက် ဖိအားပေးသွားမည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဤတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း၏ တစ်ကိုယ်တည်း လုပ်ဆောင်မှု ဖြစ်ခြင်း ဖြစ်သည်။

ဘယ်ကောင်မှ လာမတိုက်ရဲဘူးဟု ကြွေးကြော်ထားသည့် ရွှေတောင်ကုန်း စစ်တပ်ဂိတ်ကို တိုက်ခိုက် ခံရပြီး ၄ ဦး သေဆုံး
ဇန်န ၈
The Kaladan Post
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဇန်နဝါရီ ၆ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ဝန်းကျင်က မြို့ အနောက်ဘက်ရှိ ရွှေတောင်ကုန်း စစ်ဂိတ် (“ဘယ်ကောင်မှ လာမတိုက်ရဲဘူး” ဟု ကြွေးကြော်ထား သည့် ဂိတ်) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF ၃၆၀၁ တပ်ခွဲ-၁) နှင့် သဲကုန်းမြို့နယ် ပကဖ တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် – ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း မီးလှုံနေသည့် စစ်သား ၂ ဦးနှင့် ဇရပ်မှ ဆင်းလာသော စစ်သား ၁ ဦးတို့ကို အနီးကပ်ပစ်ခတ်ခဲ့ပြီး ဘန်ကာအတွင်းမှ G-3 နှင့် အူဇီ လက်နက်များဖြင့် ပြန်လည်ခုခံပစ်ခတ်လာသောကြောင့် အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိုအချိန်တွင် သဲကုန်း-ဆင်မြီးဆွဲ ကားလမ်းအတိုင်း စစ်ကူအဖြစ် ထွက်လာသော ကား ၁ စီး နှင့် ဆိုင်ကယ် ၃ စီးကို တော်လှန်ရေးတပ်မှ ရှေ့ထွက်မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၂ စီး လဲကျသွားပြီး ကားမှာ ထိုးရပ်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည်ဟု ပြည်ခရိုင် ပကဖ က ပြောဆို သည်။ ထို့ပြင် စစ်ကူအဖွဲ့မှ စစ်သား ၃ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဤတိုက်ခိုက်မှုတစ်ခုလုံးအတွင်း စစ်ကောင်စီဘက်မှ စုစုပေါင်း ၄ ဦး သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် အလောင်းများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်တွင်မူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပြီး ဤစစ်ဆင်ရေးကို ဗျူဟာ(၂၁) ၏ လမ်းညွှန်မှုဖြင့် PPDF ၃၆၀၁ တပ်ခွဲ(၁) နှင့် သဲကုန်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူများအား စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် အတူနေထိုင်ခြင်း၊ ဂိတ်များအနီး သွားလာခြင်းများကို အထူးသတိထားရှောင်ရှားရန် ပြည်ခရိုင် ပကဖ ကထပ်မံ အသိပေးထားသည်။

မြောင်မြို့နယ်အတွင်း အင်အား ၂၀၀ခန့်ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး
ဇန်န ၈
The Kaladan Post
မကွေးတိုင်း၊ ရေစကြိုမြို့နှင့် မြောင်မြို့နယ်ကြားတွင် ဇန်နဝါရီ ၅ ရက်နေ့က အင်အားဖြည့်တင်းရန် ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း (အင်အား ၂၀၀ နီးပါး) ကို ကျေးရွာတပ်ပေါင်းစု(Myaung) ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက နှစ်ကြိမ်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစု ကထုတ်ပြန်သည်။ ပထမအကြိမ်တွင် နံနက် ၉ နာရီ ၃၅ မိနစ်ခန့်က သနပ်ကုန်းနှင့် ဇီးကျွန်းကျေးရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး၊ ဒုတိယအကြိမ်တွင် မွန်းလွဲ ၃ နာရီ ၄၇ မိနစ်ခန့်က နနွင်းကိုင်းကျေးရွာအရောက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဤတိုက်ပွဲ များအတွင်း စစ်ကောင်စီဘက်မှ သေဆုံး ၅ ဦး၊ ဒဏ်ရာရရှိ ၁၈ ဦး ရှိခဲ့ပြီး ရေစကြိုဆေးရုံသို့ ပို့ဆောင်စဉ် ပြင်းထန်ဒဏ်ရာရသူများထဲမှ နောက်ထပ် ၅ ဦး ထပ်မံသေဆုံးကာ စုစုပေါင်း ၁၀ ဦး သေဆုံး ခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစု တာဝန်ရှိသူ ကိုဝေကြီးက ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ကျည်ဖူး ၁ ခု၊ ၆၀ မမ ၁၁ လုံး၊ 5.56 ကျည် ၁၅၀ တောင့် အပါအဝင် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီဘက်မှ ၁၂၀ မမ လက်နက်ကြီး ၁၀ ကြိမ် ပစ်ကူပေးခဲ့ပြီး စက်လှေ များဖြင့် စစ်ကူထပ်ရောက်လာသောကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ဤစစ်ဆင်ရေးကို မြောင်မြို့နယ်ပကဖ၊ ကျေးရွာတပ်ပေါင်းစု(Myaung)၊ RBDF(Myaung)၊ 9 Brothers၊ Thwaythauk Revolution Forces၊ 11Brothers၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၁)27RF လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း(၄) MSPDF နှင့် အခြားမဟာမိတ်တပ်ဖွဲ့များစွာက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရွှေတောင်ကုန်း စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေးဆုံး၂ ဦး ဒဏ်ရရှိ
ဇန်န ၈
The Kaladan Post
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင်လည်း ဇန်နဝါရီ ၆ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က ရွှေတောင်ကုန်း စစ်ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာ ၂ ဦး ရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကူအဖြစ် ထွက်လာသော ကား ၁ စီးနှင့် ဆိုင်ကယ် ၃ စီးကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြပြီး ဆိုင်ကယ် ၂ စီး လဲကျသွားကာ စစ်သားများ ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေး ကြောင်းနှင့် စစ်ကောင်စီတပ် သေဆုံးသူများ၊ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်ခဲ့ကြသည်ဟု စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။ ဤတိုက်ခိုက်မှုကို ဗျူဟာ ၂၁ ဦးစီး၍ ပြည်ခရိုင်အမှတ်(၁) ၃၆၀၁ တပ်ရင်း တပ်ခွဲ(၁) နှင့် သဲကုန်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရခိုင်ယတြာခေါင်းလောင်း၏ ရာဇဝင်၊ သမိုင်းကြောင်းကို အမြန်ဆုံးတင်ပြရန် မင်းအောင်လှိုင် ညွန်ကြား
ဇန်န ၈
The Kaladan Post
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားကုန်းတော်အနီး မဟာမုနိဘုန်းကြီးကျောင်းတစ်နေရာမှ အာရက္ခတပ်တော် (AA) က ရှေးဟောင်း သမိုင်းဝင် ယတြာခေါင်းလောင်းကြီးကို ပြန်လည်တူးဖော်တွေ့ရှိခဲ့ကြောင်း ရခိုင်အခြေစိုက် မီဒီယာများက ဒီဇင်ဘာလအတွင်း ဖော်ပြခဲ့သည်။ ဤခေါင်းလောင်းသည် မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် နိုင်ငံတော်စစ်ရေး ကာကွယ်ရေးအတွက် သွန်းလုပ်ခဲ့သော ရှေးဟောင်း ယတြာခေါင်းလောင်း ဖြစ်ပြီး၊ ရခိုင့်သမိုင်းတွင် ပြည်ပရန်သူများကို ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်စေ ခဲ့သည့် အရေးပါဆုံး ပစ္စည်းတစ်ခုအဖြစ် လူသိများသည်။ တစ်ကြိမ်တီးခတ်လျှင် အရှေ့ပြည်သုံးခါ ပြိုပျက်နိုင်သည်ဟု ရှေးအယူအဆများတွင် ဖော်ပြထားကာ၊ မြန်မာဘုရင်များပင် ထိတ်လန့်ခဲ့ရသည်ဟု ဆိုသည်။ ခေါင်းလောင်းတွင် ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးဖြင့် ယတြာများ ရေးထိုးထားပြီး၊ အင်း၊ အိုင်၊ ခါးလှည့် ယတြာများပါဝင်ကာ ဓါတ်ကြီး ၄ ပါး (မြေ၊ မီး၊ ရေ၊ လေ) ကို အတိုက်နှင့် အခံ အင်းကွက် ၈ ကွက်ဖြင့် စီမံထားသည်။ ဤခေါင်းလောင်းကို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့ရာ မဟာမုနိဘုရားကုန်းတော်တွင် မြှုပ်နှံထားကြောင်း သိရှိသူ မဟာမုနိဂေါပကအဖွဲ့ဝင်ဟောင်း အသက် ၈၄ နှစ်ရှိ ဦးထွန်းအောင်က တည်နေရာကို ဖော်ပြပေးခဲ့ပြီး AA ထံမှ ဂုဏ်ပြုသိန်း ၅၀၀ ချီးမြှင့်ခံရ သည်။ ယင်းသတင်းများကြောင့် နေပြည်တော်စစ်ရုံးချုပ်မှ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနကို ယတြာခေါင်းလောင်း၏ ရာဇဝင်၊ သမိုင်းကြောင်းနှင့် အသေးစိတ်အချက်အလက် များကို အမြန်ဆုံး အစီရင်ခံစာ တင်ပြရန် ညွှန်ကြားခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ရေးတင်းမာမှု မြင့်တက်လာ၍ ပြည်သူများ သတိထားနေထိုင်ရန် BNRA ထုတ်ပြန်
ဇန်န ၈
The Kaladan Post
ယနေ့ ဇန်နဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ်မှ စတင်ကာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေ သတိပြုနေထိုင်ကြရန် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ အသိပေး ထုတ်ပြန်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ လျှို့ဝှက်ညွှန်ကြားချက်ဖြင့် ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာကွယ်ရေး တာဝန်ရှိ သစ်ညိမ်း တို့က ယမန်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပြီး၊ ယနေ့မှ စတင်ကာ BNRA ကို တိုက်ခိုက်ရန် တပ်အင်အားများ ပြင်ဆင်စုစည်းနေကြောင်း သိရှိရသည်ဟု BNRA က ပြောဆိုသည်။ အဆိုပါ အစီအစဉ်တွင် သဘောမတူသော ရင်းမှူးအချို့ ရှိသော်လည်း “အမိန့်” ဟူသော စကားဖြင့် အတင်းအကျပ် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ ယခင်ကလည်း NUG ဘက်မှ အခြား တော်လှန်ရေးအဖွဲ့များအပေါ် ဖိနှိပ်မှုများ ရှိခဲ့သည်ကို ပြည်သူအများစု သိရှိကြပြီးဖြစ်သည်ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်က BNRA စခန်းတစ်ခုကို NUG ခရိုင်တပ်ရင်းများက လက်နက်ဖြင့် ဝိုင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ BNRA ဘက်မှ ခရိုင်တပ်ရင်းမှူး၊ စစ်ကြောင်းမှူးအပါအဝင် လူ ၃၀ ခန့်နှင့် လက်နက်အချို့ကို အနီးကပ် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့သော် လည်း၊ ကာကွယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်ဖြေရှင်းရန် ကြိုးစားခဲ့ရာ လုံးဝ ခေါင်းရှောင်နေသဖြင့် အရေးယူခဲ့ရပြီး၊ နောက်ပိုင်း ဖမ်းဆီးခံ ရဲဘော်များကို ထိခိုက်မှုမရှိစေဘဲ လက်နက်ခဲယမ်းများပင် ပြန်အပ်နှံ၍ လွှတ်ပေးခဲ့ကြောင်း BNRA က ပြောဆိုသည်။ ယခုတစ်ကြိမ်တွင်မူ အတွင်းဆက်သွယ် ဖြေရှင်းရန် မဖြစ်နိုင်တော့သဖြင့် ပြည်သူများကို ကြိုတင်အသိပေးရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ BNRA သည် စတင်ဖွဲ့စည်းချိန် မှ ယနေ့တိုင် ပြည်သူအပေါ် သစ္စာရှိရှိ ကြိုးစားလုပ်ဆောင်ခဲ့ပြီး၊ ပြည်သူကို ဖိနှိပ်အနိုင်ကျင့်မှု မရှိခဲ့ ကြောင်း အလေးပေး ဖော်ပြပြီး အကယ်၍ NUG ဘက်မှ ထိုသို့ ရှေ့ဆက်လုပ်ဆောင်ပါက BNRA အနေဖြင့် လုံးဝ လက်မခံနိုင်ဘဲ ရန်ဘက်အဖြစ် သတ်မှတ်ကာ အဆုံးစွန်ထိ ရင်ဆိုင်တုံ့ပြန်သွားမည်ဟု
BNRA က သတိပေးထားသည်။

တီးတိန်မြို့နယ် ကနေဒီတောင်စစ်စခန်းကို ပြန်လည်သိမ်းပိုက်ပြီး စစ်သား ၁၀ ဦးသေဆုံး ၂၀ ဦးကျော် ဖမ်းမိ
ဇန်န ၈
The Kaladan Post
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော စစ်စခန်းကို PDF Zoland၊ ချင်းညီနောင် (Chin Brotherhood – CB) နှင့် CDF-CDM Siyin တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် အပြီးအသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF Zoland က ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦးကျော် သေဆုံးပြီး၊ ဗိုလ်မှူး ကျော်သူထိုက် အပါအဝင် စစ်သုံ့ပန်း ၂၀ ဦးကျော် ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ငယ် အလက် ၃၀ ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PDF Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယင်း စစ်စခန်းကို တိုက်ခိုက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး၊ ပထမအကြိမ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် PDF Zoland က ဦးဆောင်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး၊ ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်သုံ့ပန်း ၁၂ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး စခန်းကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားရာချီ စစ်ကြောင်းထိုးလာသဖြင့် ချင်းတော်လှန်ရေးတပ်များက စခန်းကို ယာယီလက်လွှတ်ခဲ့ရပြီး ယခု ၂၀၂၆ ဇန်နဝါရီတွင် ဒုတိယ အကြိမ် ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ ပြန်လည်စစ်ကြောင်းထိုးလာမှု မရှိသေးကြောင်း သိရှိရပြီး၊ စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေဖြင့် အချိန်မီ လက်နက်ချ အလင်းဝင်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်သူ ဦးလွင်မြင့်ကို ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
ဇန်န ၈
The Kaladan Post
ဇန်နဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ် (ယနေ့) နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပြည်သူ့ပါတီ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့် အား ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဦးလွင်မြင့်သည် စစ်တပ် ကျင်းပသော ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း (၁) အတွင်း TikTok နှင့် Facebook လူမှုကွန်ရက်များမှတစ်ဆင့် မဲဆွယ်စည်းရုံးရာတွင် “နွေဦးတော် လှန်ရေး”၊ “လူထုအရေးတော်ပုံ” စသည့် စကားလုံးများကို သုံးနှုန်းခဲ့သည့်အတွက် ရွေးကောက်ပွဲ စည်းကမ်းချက်များ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။ ဦးလွင်မြင့်သည် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် နေအိမ်မှ ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း (၁) တွင် ယှဉ်ပြိုင် ခဲ့သည့် မဲဆွယ်စည်းရုံးမှုများကို စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက ဝေဖန်ခဲ့ပြီး စစ်အုပ်ချုပ်ရေး လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အရေးယူမည်ဟု ထုတ်ပြန်ခဲ့ပြီး ယနေ့ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဦးလွင်မြင့်အား သင်္ဃန်းကျွန်းမြို့နယ် အချုပ်ခန်းမှ အင်းစိန်ထောင်သို့ လွှဲပြောင်းရန် စီစဉ်နေကြောင်း သိရှိရသည်။ စစ်ကောင်စီက လာမည့် ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) အတွက် လုံခြုံရေး အင်အားဖြည့်တင်းမည်ဟု ဆိုထားရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားအောင် လုပ်ဆောင် သည်ဟု ဆိုကာ အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀ ဦး အပါအဝင် စုစုပေါင်း လူ ၃၃၅ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အရေးယူထားကြောင်းလည်း စစ်ကောင်စီ ထောက်ခံသည့် မီဒီယာများတွင် ဖော်ပြထားသည်။

စစ်ကိုင်းနှင့် မကွေးတိုင်း မြို့နယ် ၃ ခုတွင် စစ်တပ်က လေယာဉ်ကြောင်းတိုက်ခိုက်ပြီး စစ်ဘေးရှောင် ၅ ဦး သေဆုံး
ဇန်န ၈
The Kaladan Post
ဇန်နဝါရီ ၇ ရက်၊ ၂၀၂၆ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်၊ ဂန့်ဂေါ မြို့နယ်တို့တွင် စစ်ကောင်စီ တိုက်ခိုက်ရေးလေယာဉ်များက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီး ၂ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရွှေဘိုမြို့နယ် ရွာဆိုးရွာ-မြို့လှရွာ အကြား ဇန်နဝါရီ ၇ ရက် နေ့လယ် ၂ နာရီခွဲကျော်အချိန် တွင် တိုက်ခိုက်ရေးလေယာဉ် ၂ စီးဖြင့် စစ်ဘေးရှောင်တဲဆောင်များကို တိုက်ရိုက်ပစ်မှတ်ထား ဗုံးကြဲခဲ့ရာ တဲဆောင် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။ သေဆုံးသူ ၄ ဦးမှာ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်မှ စစ်ရှောင်လာရောက်နေထိုင်သူများဖြစ်ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၂ ဦး၊ အသက် ၄၀ ကျော် အမျိုးသား ၂ ဦး ပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ မကွေးတိုင်း မြိုင်မြို့နယ် ကြက်မောက်ကျေးရွာ ဇန်နဝါရီ ၆ ရက် ည ၉ နာရီခွဲကျော်တွင် တိုက်လေယာဉ်မှ ဗုံး ၁ လုံး ကြဲချခဲ့ရာ ကျေးရွာအတွင်း နေအိမ်များပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၆ ဦး ရှိခဲ့ကြောင်း မြိုင်ဒေသခံတစ်ဦးက ပြောဆိုသည်။ ထို့အပြင် ဂန့်ဂေါမြို့နယ် မြင်းဇာကျေးရွာ ဘုန်းကြီးကျောင်း ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခွဲကျော်တွင် တိုက်ခိုက်ရေးလေယာဉ်မှ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဘုန်းကြီးကျောင်းဝန်းအတွင်း ကျောင်းဆောင်အချို့၊ မီးစက်ရုံနှင့် ရေအိုးစင်တို့ မီးလောင်ပျက်စီးခဲ့သည်။ သံဃာ ၂ ပါး ဒဏ်ရာရရှိခဲ့သော်လည်း လက်ရှိ မစိုးရိမ်ရကြောင်း သတင်းရင်းမြစ်က ထုတ်ပြန်သည်။
