ရှီကျင့်ဖျင်ဖိတ်ခေါ်မှုဖြင့် မင်းအောင်လှိုင် တရုတ်သွားမည်ဟု ဆို

 

ဇွန် ၁၃

The Kaladan Post

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်တွင် တရားဝင်ကြေညာထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ယင်းခရီးစဉ်မှတစ်ဆင့် မြန်မာနိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုများကို ပိုမိုနက်ရှိုင်းစွာ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

ယခုခရီးစဉ်သည် မင်းအောင်လှိုင်က သမ္မတရာထူးကို ရယူပြီးနောက် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ သည့် ခရီးစဉ်အပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်ဖြစ်လာသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဖိအားများနှင့် သံတမန်ရေးအထီးကျန်မှုများ ကြုံတွေ့နေရသည့် စစ်ကောင်စီအတွက် ယခုခရီးစဉ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးခိုင်မာစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်နေကြသည်။

တစ်ဖက်တွင်လည်း မြန်မာ့အရေးလေ့လာသုံးသပ်သူနှင့် ISP Myanmar တည်ထောင်သူ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် “သူလျှိုလုပ်မှု” နှင့် “အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု” စွပ်စွဲချက်များဖြင့် ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက အတည်ပြုထုတ်ပြန်ခဲ့သည်။ ဦးမင်းဇင်သည် မြန်မာ့နိုင်ငံရေးနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးပြုသုတေသန ပြုနေသူဖြစ်ပြီး၊ ၎င်း၏ ဖမ်းဆီးခံရမှုသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း စိုးရိမ်မှုများ မြင့်တက် လာစေခဲ့သည်။

#မင်းအောင်လှိုင်#တရုတ်နိုင်ငံ#ရှီကျင့်ဖျင်#ဦးမင်းဇင်#ISPMyanmar#မြန်မာ့အရေး

Meta က Mytel ပိုင် TV360 Facebook စာမျက်နှာကို ဖယ်ရှား

 

ဇွန် ၁၃

The Kaladan Post

Meta ကုမ္ပဏီသည် စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel နှင့် ဆက်နွယ်သည့် TV360 Facebook စာမျက်နှာကို ဇွန်လ ၁၂ ရက်တွင် အပြီးတိုင် ဖယ်ရှားလိုက်ကြောင်း Justice For Myanmar က ထုတ်ပြန်သည်။ အဆိုပါ TV360 စာမျက်နှာသည် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ထုတ်လွှင့်ပြသမည့် အစီအစဉ်များအား ကြော်ငြာရန် အသုံးပြုနေခဲ့ခြင်းဖြစ်ပြီး၊ JFM က အထောက်အထားများဖြင့် Meta ထံ တိုင်ကြားခဲ့ပြီးနောက် ဖယ်ရှားခံရခြင်းဖြစ်ကြောင်း သိရသည်။

JFM က FIFA သည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်တပ်နှင့် ဆက်နွယ်သော Mytel ထံ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့် ပေးအပ်ခဲ့ခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လျစ်လျူရှုသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ထားသည်။ Mytel ကို စစ်တပ်စီးပွားရေးလုပ်ငန်းစု MEC က ပူးတွဲပိုင်ဆိုင်ထားခြင်းကြောင့် စစ်အုပ်စုအတွက် အရေးပါသည့် ဝင်ငွေရင်းမြစ်တစ်ခုအဖြစ် ရှုမြင်ထားကြသည်။

JFM ၏ လေ့လာချက်များအရ Mytel မှတစ်ဆင့် မြန်မာစစ်တပ်သည် ဒေါ်လာသန်းရာချီ ဝင်ငွေရရှိ နိုင်ပြီး၊ အဆိုပါလုပ်ငန်းသည် စစ်တပ်၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းများကို လည်း အထောက်အပံ့ပေးနေသောကြောင့် Mytel နှင့် MEC တို့အပေါ် အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည်။

ထို့ပြင် FIFA သည် ယခင်ကလည်း စစ်တပ်နှင့် နီးစပ်သော စီးပွားရေးသမားများနှင့် ဆက်နွယ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ဖူးကြောင်း JFM က ထောက်ပြထားသည်။ FIFA အနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးကွန်ရက်များနှင့် ဆက်ဆံနေမှုများကို ရပ်တန့်ကာ မိမိတို့ ကြေညာထားသည့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို လက်တွေ့လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း JFM က တောင်းဆိုထားသည်။

#Mytel#TV360#Meta#FIFA#JusticeForMyanmar#MEC#MyanmarNews

မန္တလေး PDF တာဝန်ခံဟောင်း ၂ ဦးအား တပ်ဖွဲပိုင် ရွှေ ၁၆.၆ ပိဿာ ထုတ်ယူမှုကြောင့် ဖမ်းဆီးဟု ဆို

 

ဇွန် ၁၃

The Kaladan Post

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) သည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံဟောင်း ရဲဘော်မုန်တိုင်းနှင့် စစ်ထောက်တာဝန် ခံဟောင်း ရဲဘော်နိုင်ကြီးတို့ကို တပ်ဖွဲ့ပိုင်ရွှေ ၁၆.၆ ပိဿာအား လုပ်ထုံးလုပ်နည်းများချိုးဖောက်၍ တရားမဝင်ထုတ်ယူခဲ့မှုနှင့် အခြားစစ်စည်းကမ်းဖောက်ဖျက်မှုများကြောင့် လက်နက်ဖြုတ်သိမ်းကာ အချုပ်ဖြင့် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ရဲဘော်မုန်တိုင်းသည် ၂၀၂၄ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးနှင့် လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီးနောက် တပ်တွင်းစည်းလုံးမှု ထိခိုက်သဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရ လတွင် တပ်ဖွဲ့ဖွဲ့စည်းပုံ ပြင်ဆင်ကာ အချုပ်ပြစ်ဒဏ် ၆ လ ချမှတ်ခဲ့ကြောင်း သိရသည်။ သို့သော် ပြစ်ဒဏ်ကာလအတွင်း တပ်ဖွဲ့အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများတွင် ဆက်လက်စွက်ဖက်ခဲ့ပြီး ရဲဘော်နိုင်ကြီးနှင့် ပူးပေါင်းကာ တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေနှင့် ရွှေများကို ထုတ်ယူခဲသည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့သည့် စာရင်းစစ်အဖွဲ့၏ စစ်ဆေးချက်များအရ ရဲဘော်မုန်တိုင်းနှင့် ရဲဘော်နိုင်ကြီးတို့သည် တပ်ဖွဲ့ပိုင်ရွှေ ၁၆.၆ ပိဿာကို တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း ပေါ်ပေါက် ခဲ့ပြီး၊ ပြန်လည်အပ်နှံရန်နှင့် ပြစ်ဒဏ်ခံယူရန် ဝန်ခံကတိပြုထားသော်လည်း ယနေ့အချိန်အထိ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။ ထို့ပြင် တပ်ဖွဲ့ခေါင်းဆောင်များ၏ လမ်းညွှန်ချက်များကို မနာခံခြင်း၊ ကွပ်ကဲမှုယန္တရားကို ထိခိုက်စေခြင်းနှင့် တပ်တွင်းစည်းလုံးမှု ပျက်ပြားစေသည့် လုပ်ရပ်များ ကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တာဝန်များမှရပ်ဆိုင်းကာ အချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးခုံရုံးသည် သက်သေ ၂၀ ဦးကို စစ်ဆေးထားပြီး ကြားဖြတ်အစီရင်ခံစာအရ ရဲဘော်မုန်တိုင်းက ဘဏ္ဍာရေးနှင့် ရွှေလုပ်ငန်း ဆိုင်ရာ စာရင်းဇယားများကို ဖျက်ဆီးစေခဲ့ကြောင်း၊ ရဲဘော်နိုင်ကြီးကလည်း လုပ်ပိုင်ခွင့်ကျော်လွန်ကာ ရွှေ ၁၆ ပိဿာကျော်ကို ထုတ်ပေးခဲ့ကြောင်း တွေ့ရှိသည်ဟု ဆိုသည်။ MOD က အမှုကို စစ်ဘက်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး တပ်ဖွဲ့များအားလုံးကို မူဝါဒနှင့် စည်းကမ်းများအတိုင်း ထိန်းကျောင်းကြပ်မတ်သွားမည်ဟု ထုတ်ပြန်ထားသည်။

#မန္တလေးPDF#NUG#MOD#ရဲဘော်မုန်တိုင်း#ရဲဘော်နိုင်ကြီး#စစ်စည်းကမ်းဖောက်ဖျက်မှု

နိုင်ငံအနှံ့ထိုးစစ်ဖွင့်ပြီး နောက်ခံမလုံသည့် စစ်တပ်လက်နက်တိုက် ဓာတ်ပုံပေါက်ကြား

 

ဇွန် ၁၃

The Kaladan Post

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တပ်ရင်းများနှင့် ဆက်စပ်သည့် လက်နက်ဓာတ်ပုံများ လူမှုကွန် ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းဓာတ်ပုံများသည် ခမရ ၅၈၈ ဓာတ်ပုံတွေ၊ ခမရ (၅၈၇) တပ်ရင်းမှ လက်နက်များဖြစ်ကြောင်း စစ်တပ်အတွင်း ငြင်းခုံမှုများ ဖြစ်ပွားခဲ့ရာမှ တိုင်းစစ်ဌာနချုပ်အထိ သတင်းရောက်ရှိသွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ရေးမြို့နယ်ရှိ တပ်ရင်းများကို ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဆေးမှုရလဒ်အရ ပျံ့နှံ့နေသည့် ဓာတ်ပုံများမှာ ခမရ (၅၈၇) နှင့် သက်ဆိုင်ကြောင်း တွေ့ရှိခဲ့ပြီး ယင်းကိစ္စနှင့် ဆက်နွှယ်သည်ဟု ယူဆရသော တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#ရေးမြို့နယ်#ခမရ၅၈၇#စစ်တပ်#လက်နက်ဓာတ်ပုံ#တပ်တွင်းစစ်ဆေးမှု#မွန်ပြည်နယ်

မြိုင်မြို့နယ်တွင် စစ်ကြောင်းလှုပ်ရှားမှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

 

ဇွန် ၁၃

The Kaladan Post

မကွေးတိုင်း၊ မြိုင်မြို့နယ် အလယ်ပိုင်းရှိ နေရာတစ်ခုကို ယနေ့ နေ့လယ် ၁၂:၄၀ နာရီ၊ ၁၂:၅၀ နာရီနှင့် ၁:၀၀ နာရီခန့်တွင် တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တစ်ဖက်တွင် ပခုက္ကူမြို့နယ် ကန်တော်ဘက်မှ ထွက်ခွာလာသည့် စစ်ကြောင်းသည် ရေလာလေး ကျေးရွာအနီးသို့ ရောက်ရှိနေပြီး မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမပျူရွာဘက်သို့ ဦးတည်ရွေ့လျားလာ နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့အပြင် တွင်းမပျူရွာအတွင်း၌လည်း လှုပ်ရှားမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုထားသည်။

ထို့ကြောင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်ကြောင်းလှုပ်ရှားမှုများကို သတိပြု စောင့်ကြည့်ရှောင်ရှားကြရန်နှင့် မြိုင်မြို့နယ် အလယ်ပိုင်း၊ အနောက်ပိုင်းဒေသများမှ ပြည်သူများလည်း လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ဒေသခံအဖွဲ့အစည်းများက အသိပေးထားသည်။

ထို့အပြင် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို နေပြည်တော် အေလာလေတပ် မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့်  တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အလားတူ ယနေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့ပေါ်တနေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သေးကြောင်းသိရသည်။

#မြိုင်မြို့နယ်#လေကြောင်းတိုက်ခိုက်မှု#မကွေးတိုင်း#စစ်ကြောင်းထိုး#ဒေသခံသတိပေးချက်

SSPP နှင့် စစ်တပ် နေပြည်တော်တွင် တွေ့ဆုံပြီး တိုက်ပွဲမဖြစ်ရေးနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးဟုဆို

 

ဇွန် ၁၃

The Kaladan Post

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် စစ်အုပ်စုအသွင်ပြောင်း ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့သည် ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ SSPP ဘက်မှ ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲမဖြစ်ရေး၊ ကျားဖြန့်လုပ်ငန်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ဆွေးနွေးပွဲအတွင်း ယခင် Bilateral ဆွေးနွေးမှုများ၏ အခြေအနေ၊ မြေပြင်လုံခြုံရေးအခြေအနေနှင့် နှစ်ဖက်တပ်များကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက တွေ့ဆုံညှိနှိုင်းဖြေရှင်းရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသည်။ သို့သော် SSPP ဘက်မှ ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်သေးကြောင်း သိရသည်။

တစ်ဖက်တွင် SSPP နှင့် RCSS အကြား နယ်မြေပြဿနာများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသလို၊ SSPP ၏ တပ်စခန်းအချို့ကို နောက်ပြန်ဆုတ်ရန် ဖိအားပေးမှုများလည်း ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

#SSPP#NSPNC#ရှမ်းပြည်#FPNCC#ငြိမ်းချမ်းရေးဆွေးနွေးပွဲ#စစ်ရေးအခြေအနေ#MyanmarNews

မြစ်ခြေမြို့တွင် စစ်တပ် ပြန်လည်တပ်စွဲ၊ စဘေးရှောင် ၁၀ ဦးခန့် ဖမ်းဆီးထားဟု ဆို

 

ဇွန် ၁၃

The Kaladan Post

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ မြစ်ခြေမြို့တွင် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲထားပြီး မြို့အတွင်း အခြေချနေထိုင်ကြောင်း ဒေသသတင်းက ဆိုသည်။ ညောင်ဦးအခြေစိုက် ခလရ (၄၁၅) တပ်ရင်းနှင့် မြင်းမွေးမြူရေးတပ် (BPI) မှ စစ်ကြောင်းများသည် ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် မြို့အတွင်း ဝင်ရောက်လာခဲ့ပြီး စစ်ဘေးရှောင် ဒေသခံ ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

စစ်ကြောင်းများသည် ယနေ့အထိ မြို့အတွင်း ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ စစ်ကြောင်းများ၏ လှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ သို့ ဆက်လက်တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။ မြစ်ခြေမြို့သည် မေလ အတွင်းကလည်း စစ်ကြောင်းဝင်ရောက်မှုများကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

#မြစ်ခြေမြို့ #ပခုက္ကူ#မကွေးတိုင်း#စစ်ဘေးရှောင်များ#PDF#MyanmarNews

ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့တွင် “နှင်းဆီလှုပ်ရှားမှု” နိုင်ငံလုံးဆိုင်ရာ ဆင်နွှဲမည်

 

ဇွန် ၁၃

The Kaladan Post

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၉ ရက်တွင် “နှင်းဆီလှုပ်ရှားမှု – ROSE Movement: Roses of Hope” ကို ပြည်တွင်း၊ ပြည်ပရှိ ပြည်သူ လူထုများ စုပေါင်းပါဝင်ကာ နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအဖြစ် ဆင်နွှဲသွားမည်ဖြစ်ကြောင်း  သပိတ်အင်အားစုတွေက တရားဝင်ထုတ်ပြန်ကြေညာထားသည်။ ယင်းလှုပ်ရှားမှုသည် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးသော နိုင်ငံအနှံ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပြီး “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူသည့် ကြွေးကြော် သံဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

လှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် နှင်းဆီပန်းများ သို့မဟုတ် လက်လှမ်းမီသည့် ပန်းများကို ပန်ဆင် ခြင်း၊ ဘုရားတင်လှူခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ လူမှုကွန်ရက်များပေါ်တွင် ဓာတ်ပုံများ မျှဝေတင်ပြ ခြင်းနှင့် မြေပြင်သပိတ်လှုပ်ရှားမှုများတွင် ပါဝင်ဆန္ဒဖော်ထုတ်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ယင်းလှုပ်ရှားမှုကို “Proof of Life” ကမ်ပိန်းနှင့်လည်း ပူးတွဲဖော်ဆောင်သွားမည်ဖြစ်သည်။

နှင်းဆီလှုပ်ရှားမှုမှတစ်ဆင့် လူထု၏ အဓိကတောင်းဆိုချက် ၃ ရပ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနှင့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တရားဝင်နိုင်ငံရေးအခန်းကဏ္ဍကို ထပ်မံအတည်ပြုဖော်ပြရေးတို့ကို လူထုအသံအဖြစ် ထုတ်ဖော် ပြသသွားမည်ဟု ဆိုသည်။

စစ်အုပ်စုသည် နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်ခွင့်မပေးဘဲ နိုင်ငံရေးအကျဉ်းသားများအား ဖိအားပေးသည့် ကိရိယာအဖြစ် အသုံးချနေသလို၊ အဓမ္မစစ်မှုထမ်းဥပဒေကို အသုံးပြုကာ လူငယ်များ ကို အတင်းအကျပ် စုဆောင်းနေကြောင်း ဝေဖန်ထားသည်။ ထို့ကြောင့် စစ်အုပ်စု၏ ဟန်ပြနိုင်ငံရေး လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲလွန် အာဏာတည်ဆောက်ရေး ကြိုးပမ်းမှုများကို တန်ပြန်ဖိအားပေး နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နှင်းဆီလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းထားသည်။

#ROSEMovement#RosesOfHope#ဒေါ်အောင်ဆန်းစုကြည်#နိုင်ငံရေးအကျဉ်းသားများ
#နှင်းဆီလှုပ်ရှားမှု#ProofOfLife#MyanmarNews

မဘိမ်းတိုက်ပွဲတွင် ဒဏ်ရာပြင်းထန်သည့် ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင်  ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်

 

ဇွန် ၁၃

The Kaladan Post

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ရှိ မဘိမ်းမြို့နယ်တိုက်ပွဲများအတွင်း စစ်တပ်မှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သော ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ စစ်ရဟတ်ယာဉ်ဖြင့် နေပြည်တော်ရှိ စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း သတင်းရင်း ထံမှ သိရသည်။

မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအခြေစိုက် တပ်ရင်းမှတဆင့် ရွှေကူမြို့နယ်ဘက်သို့ အင်အား ၇၀၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာမှ ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ဦးဆောင်သည့် စစ်ကြောင်းမှာ အထိနာခဲ့ပြီး တပ်ဖွဲ့ဝင် အများအပြား ဆုံးရှုံးခဲ့သလို ၎င်းကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိပြီးနောက် ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင်က ကစထ (၁) မှူး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ထံ ကယ်ဆယ်ရေးရဟတ်ယာဉ် စေလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဆက်လက်တိုက်ခိုက်ရန်သာ ညွှန်ကြားခံခဲ့သဖြင့် ဒုတပ်ချုပ် ကျော်စွာလင်းထံ တိုက်ရိုက် အကူအညီတောင်းခံခဲ့ပြီးနောက်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ကယ်ထုတ်ကာ နေပြည်တော်သို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းရင်းမြစ်များ က ပြောဆိုထားသည်။

ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ဆင်းဖြစ်ပြီး ကရင်ပြည်နယ် အနန်းကွင်း ဒေသ၌ စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် တော်လှန်ရေးပူးပေါင်းတပ်များ၏ ထိုးစစ်များကို ခုခံနိုင်ခဲ့သည်ဟုဆိုကာ ၂၀၂၄ ခုနှစ်အတွင်း “သူရဘွဲ့” ချီးမြှင့်ခံထားရသူဖြစ်သည်။

#မဘိမ်းတိုက်ပွဲ#KIA#PDF#သူရဝဏ္ဏလှိုင်#စစ်ကောင်စီ#ကချင်ပြည်နယ်#MyanmarNews