ဖေဖေါ် ၁၃
The Kaladan Post
တရုတ်စစ်တပ်အတွင်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် လုပ်ဆောင်နေသည့် အားထုတ်မှုများကို သမ္မတ ရှီကျင့်ဖျင်က အထူးအသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာများက ဖော်ပြခဲ့သည်။
စစ်တပ်အတွင်း ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ထိပ်တန်းအရာရှိများကို အဂတိစွပ်စွဲချက်များကြောင့် တာဝန်မှ ဆိုင်းငံ့ထားရပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်အစိုးရ အာဘော် CCTV သတင်းဌာနက ယင်းအကြောင်းကို ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီလအတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်ယုရှကို ပြင်းထန်သော ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုများအတွက် စစ်ဆေးနေပြီး ရာထူးမှ ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အခြား ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် လျိုကျိလီလည်း စစ်ဆေးမှုများ ခံယူနေရကြောင်း အတည်ပြုခဲ့သည်။
ကျန်ယုရှနှင့် လျိုကျိလီတို့သည် တရုတ်နိုင်ငံ၏ အာဏာအမြင့်ဆုံး စစ်ရေးအဖွဲ့ဖြစ်သည့် ဗဟိုစစ်ရေးကော်မရှင် (CMC) အဖွဲ့ဝင်များဖြစ်ပြီး ကျန်ယုရှမှာ တပ်အင်အား သန်းနှင့်ချီသော PLA ကို တိုက်ရိုက် ကြီးမှူးရသည့် အဖွဲ့၌ သမ္မတ ရှီပြီးနောက် ဒုတိယ အမြင့်ဆုံးရာထူးကို ထမ်းဆောင်နေသူ ဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့နှစ်ဦးအား အဂတိစွပ်စွဲချက်များကြောင့် စစ်ဆေးအရေးယူနေသည်ဟု ဆိုထားသော်လည်း တစ်ဖက်တွင်တော့ ရှီကျင့်ဖျင်က စစ်တပ်အပေါ် ဩဇာအာဏာကို ပိုမိုခိုင်မာစေရန် နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တရုတ်စစ်သားများအား မိန့်ခွန်းပြောကြားစဉ် ရှီကျင့်ဖျင်က PLA သည် အဂတိတိုက်ဖျက်ရေးဆိုင်ရာ “တော်လှန်ရေးကာလ” တစ်ခုကို ဖြတ်သန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အဂတိတိုက်ဖျက်ရေး လှုပ်ရှားမှုများကြောင့် တရုတ်အစိုးရနှင့် အာဏာပိုင်အဖွဲ့အစည်းများအတွင်း စည်းကမ်းကြပ်မတ်မှု ပိုမိုအားကောင်းလာသည်ဟု မြင်ကြသော်လည်း ထိုစည်းမျဉ်းများကို အသုံးပြုပြီး ရှီကျင့်ဖျင်က နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားနေသည်ဟု စွပ်စွဲချက်များလည်း ဆက်လက်ရှိနေသည်။
CMC အဖွဲ့တွင် ၂၀၂၂ ခုနှစ်က အဖွဲ့ဝင် ၇ ဦးရှိခဲ့သော်လည်း လက်ရှိတွင် ရှီကျင့်ဖျင်နှင့် နောက်ထပ် ဗိုလ်ချုပ်တစ်ဦးသာ ကျန်ရှိပြီး အခြားအဖွဲ့ဝင်များမှာ အဂတိစွပ်စွဲချက်များကြောင့် စစ်ဆေးခံရခြင်း သို့မဟုတ် ဖယ်ရှားခံရခြင်းများ ကြုံတွေ့ခဲ့ရသည်။
ရှီကျင့်ဖျင်က PLA သည် ပြီးခဲ့သည့် တစ်နှစ်အတွင်း ထူးခြားပြီး ပုံမှန်မဟုတ်သော အခြေအနေများကို များစွာ ကြုံတွေ့ခဲ့ရသော်လည်း တရုတ်စစ်သားများအနေဖြင့် ယုံကြည်အားကိုးထိုက်ကြောင်း အပြည့်အဝ သက်သေပြခဲ့ကြသည်ဟုလည်း အလေးအနက် ပြောကြားခဲ့သည်။
CCTV ၏ ဖော်ပြချက်အရ မိန့်ခွန်းပြောကြားချိန်တွင် ဗဟိုစစ်ရေးကော်မရှင်အတွင်း လက်ရှိကျန်ရှိနေသည့် ဗိုလ်ချုပ် ကျန်ရှန်မင်းလည်း ရှီကျင့်ဖျင်နှင့်အတူ ရှိနေခဲ့ပြီး ကာကွယ်ရေးဝန်ကြီး တောင်ကျန့်ကိုပါ ရှီ၏ အနီးတွင် တွေ့ရကြောင်း သိရသည်။
သတင်းရင်းမြစ် (Source)
- AFP
- ဓာတ်ပုံ – Reuters, EPA