ဖေဖေါ် ၁၈
The Kaladan Post
Peru သမ္မတ Jose Giri သည် တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။
ရာထူးလက်ခံယူပြီး လေးလခန့်အကြာတွင်သာ အဆိုပါ အရှုပ်တော်ပုံနှင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပသော လွှတ်တော် မဲခွဲပွဲတွင် အမတ် ၇၅ ဦးက ထုတ်ပယ်ရန် ထောက်ခံမဲပေးခဲ့သည်။ သမ္မတဘက်မှ ရပ်တည်မဲ ၂၄ မဲသာ ရရှိခဲ့ပြီး ၃ ဦးက မဲမပေးဘဲ ကြားနေခဲ့ကြောင်း သိရသည်။
စွပ်စွဲချက်များအရ ဂျီရီသည် တရုတ် စီးပွားရေးလုပ်ငန်းရှင် ကျိဟွာယန့်နှင့် ပွင့်လင်းမြင်သာမှုမရှိဘဲ တွေ့ဆုံခဲ့သည်ဟု ဆိုကြသည်။ ယင်းတွေ့ဆုံမှုသည် ပြည်တွင်း တရုတ်စားသောက်ဆိုင်တစ်ခုတွင် ညနက်ပိုင်းအချိန်တွင် ဖြစ်ပွားခဲ့ပြီး သမ္မတ ရောက်ရှိလာသည့် ဗီဒီယိုဖိုင် ပေါက်ကြားလာမှုကြောင့် အငြင်းပွားမှုများ ပိုမိုကြီးထွားလာခဲ့သည်။ ဆွေးနွေးမှုအကြောင်းအရာများကို တရားဝင် ထုတ်ပြန်ခြင်း မရှိသဖြင့် နောက်ကွယ်တွင် China အစိုးရ ပါဝင်ပတ်သက်နိုင်ကြောင်း စွပ်စွဲသံများလည်း ထွက်ပေါ်ခဲ့သည်။
အဆိုပါအရှုပ်တော်ပုံကို ပြည်တွင်းတွင် တရုတ်စားသောက်ဆိုင်အမည်ကို အစွဲပြု၍ “Chifagate” ဟု ခေါ်ဝေါ်လျက်ရှိသည်။ ယင်းစီးပွားရေးလုပ်ငန်းရှင်မှာ ပီရူးတွင် စတိုးဆိုင်လုပ်ငန်းများနှင့် စွမ်းအင်စီမံကိန်းတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် ပီရူးလွှတ်တော်သည် လွှတ်တော်အကြီးအကဲသစ်ကို ရွေးချယ်တင်မြှောက်ကာ သမ္မတတာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်သည်။ စည်းမျဉ်းအရ လွှတ်တော်အကြီးအကဲ Fernando Rospigliosi က သမ္မတနေရာကို ဆက်ခံရမည်ဖြစ်သော်လည်း ၎င်းက ရာထူးလက်ခံရန် ငြင်းဆိုထားကြောင်း သိရသည်။
ဂျီရီမတိုင်မီ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Dina Boluarte ကိုလည်း လွှတ်တော်က ထုတ်ပယ်ခဲ့ပြီးနောက် ဂျီရီသည် အောက်တိုဘာလတွင် သမ္မတတာဝန်ကို လက်ခံယူခဲ့ခြင်း ဖြစ်သည်။ ပီရူးနိုင်ငံတွင် သမ္မတများ ရာထူးသက်တမ်းမပြည့်မီ ထုတ်ပယ်ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်။
လေ့လာသူများအဆိုအရ အဂတိလိုက်စားမှုနှင့် ဒုစရိုက်မှု ပြဿနာများကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခြင်းသည်လည်း နိုင်ငံရေး အကျပ်အတည်းများကို ပိုမိုဆိုးရွားစေသည့် အချက်တစ်ခု ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
ဂျီရီက လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။
Source — Reuters
ဓာတ်ပုံ — Reuters