မတ် ၃

The Kaladan Post

 

ဒေသတွင်း စစ်ရေးတင်းမာမှုများ အရှိန်အဟုန်ပြင်းထန်နေသည့်အချိန်တွင် အစ္စရေးစစ်တပ်က အီရန်နိုင်ငံ မြို့တော် Tehran ကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု လှိုင်းသစ်များ စတင်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့ညနှောင်းပိုင်းတွင် တရားဝင် ကြေညာခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲနေသည့် စစ်ရေးဆောင်ရွက်မှုအတွင်း ယခုတိုက်ခိုက်မှုသည် နောက်ထပ် အပြင်းအထန် လှုပ်ရှားမှုတစ်ရပ်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုများ မစတင်မီ အစ္စရေးဘက်မှ တီဟီရန်မြို့ခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးဌာနဖြစ်သည့် Islamic Republic of Iran Broadcasting (IRIB) ရုံးချုပ်အနီး နေထိုင်သူများကို အမြန်ဆုံး ရှောင်ရှားကြရန် သတိပေးခဲ့ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မတ် ၂ ရက်နေ့တွင် ရိုက်ကူးထားသည့် သတင်းဓာတ်ပုံများအရ တီဟီရန်မြို့ ကောင်းကင်ယံ၌ ပေါက်ကွဲမှုများ ဖြစ်ပွားကာ မီးခိုးငွေ့များ အူထွက်နေသည်ကို တွေ့မြင်ရသည်။ အစ္စရေးနှင့် အမေရိကန် ပူးပေါင်းတပ်များသည် အီရန်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်နေပြီး ဒေသတွင်း တင်းမာမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခန့်မှန်းရသည်။

ယခု လေကြောင်းတိုက်ခိုက်မှု လှိုင်းသစ်ကြောင့် အီရန်ဘက်တွင် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုနှင့် အသေအပျောက် အခြေအနေအသေးစိတ်ကိုတော့ လတ်တလောအချိန်ထိ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

 

ကိုးကား – Reuters

ဓာတ်ပုံ – Reuters