မေးမြန်းသူ- RAIN, Program Host
ဖြေဆိုသူ- Dr Saw Oo Nway (CDM), ဆရာဝန်
မေးမြန်းသူ – အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် interview မှာ ဖိတ်ခေါ်ထားတာကတော့ CDM က ဒေါက်တာ စောဦးနွေပဲ ဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါ မင်္ဂလာပါဆရာ။ ဟုတ်ကဲ့ပါ ပထမဦးဆုံးအနေနဲ့ ဒီကျွန်မတို့ရဲ့ The Kaladan Post အစီအစဉ်လေးမှာ လာရောက်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ ဒီနေရာကနေပြီးတော့ ပထမဦးဆုံးအနေနဲ့ ဒီဆရာ့ရဲ့ ဟို နာမည်လေးရယ် ပြီးတော့မှ CDM မလုပ်ခင်က ဆရာ့ရဲ့ ဒီဖြတ်သန်းလာခဲ့မှုတွေနဲ့ လက်ရှိအချိန်မှာရော ဘယ်လိုပုံစံတွေနဲ့ ဒီပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေလဲဆိုတာလေးကို အရင်ဆုံး မိတ်ဆက်ပေး ပါဦးရှင်။
ဖြေကြားသူ – အားလုံးမင်္ဂလာပါ။ The Kaladan Post ကို လာရောက်ပြီးတော့ ဖြေကြား ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော့်နာမည်ကတော့ ဒေါက်တာစောလို့ ခေါ်ပါတယ်။ ဟုတ် ကျွန်တော် ဒီ အရင်ဆုံးပြောမယ့် အကြောင်းအရာတွေကပေါ့နော် အဖွဲ့အစည်းတို့ ပုဂ္ဂိုလ်နဲ့မဆိုင်ဘဲနဲ့ ကျွန်တော့်ရဲ့ တစ်ယောက်တည်း ပုဂ္ဂလိက ဆရာဝန်တစ်ယောက်ရဲ့ အမြင်သာဖြစ်တယ်ဆိုတာကို အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောကြားထားချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဆရာဝန်တစ်ယောက်အနေနဲ့ပေါ့နော် ဒီ CDM ကို ဝင်ရောက်လာခဲ့တာဖြစ်တယ်။ ဆိုတော့ ဆရာဝန်တစ်ယောက်ရဲ့ ဒီမြင့်မြတ်တဲ့ ကျင့်ဝတ် သိက္ခာနဲ့ ဒီပြည်သူ့အသက်ကို ကာကွယ်ရမယ့် တာဝန်အရပေါ့လေ ဒီလုံခြုံတဲ့ဆရာဝန်ဘဝကို စွန့်လွှတ်ပြီးတော့မှ ဒီ စစ်အာဏာရှင်ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဖို့ ဒီ CDM ပြုလုပ်လာဖို့အတွက် အဓိကအဆုံးဖြတ်ချက်ကို ဘယ်လိုမျိုး ဟို အခြေအနေ ဘယ်လို ခံယူချက်တွေနဲ့ ပြုလုပ်ခဲ့သလဲဆိုတာလေးလည်း ပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – ဒီ CDM ဆိုတဲ့ကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့ နွေဦးတော်လှန်ရေးရဲ့ ပြယုဒ်တစ်ခု ဖြစ်တယ်ပေါ့နော်။ အင်မတန်မှကို ကမ္ဘာမှာ စံတင်ရလောက်တဲ့ နွေဦးရဲ့ ဒီ ပြယုဒ်တစ်ခုဖြစ်တဲ့ အတွက်ပေါ့နော် ဒီဟာကို ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ထက်ပေါ့နော် CDM အားလုံးရဲ့အမြင်နဲ့ အရင်ဆုံးဖြေချင်တယ်ပေါ့နော်။ ဒါ ကျွန်တော်တို့ CDM ဆိုတာကို ဘယ်လိုခံယူချက်တွေနဲ့ ရွေးခဲ့ကြသလဲဆိုရင် အားလုံးပဲ ခံစားမိမှာပါ၊ တရားလား မတရားလားဆိုတဲ့ အခြေအနေ ပေါ့နော်။ အဲ့ဘက်မှာ ကျွန်တော်တို့ ဘယ်ဘက်မှာရပ်မလဲဆိုတဲ့ အခြေအနေပေါ်မှာပဲ မူတည် ပြီးတော့ ဆုံးဖြတ်ခဲ့ကြတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ တရားတဲ့ဘက်မှာ ရပ်ခဲ့တယ်။ ဒါက CDM မှာ အားလုံးရဲ့ ခံယူချက်ပါ။ ဆိုတော့ ဒီတရားတဲ့ဘက်မှာ ရပ်ပြီးတော့ ရင်ဆိုင်ခဲ့ ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကတော့ CDM မှာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့နော်။ ဆိုတော့ အဲ့တော့ ကျွန်တော်တို့ဒီအချိန်မှာ ဒီ CDM အကြောင်းကို ပြန်ပြောရတယ်ပေါ့နော်။ CDM ဘာလို့လုပ်ခဲ့ကြသလဲဆိုတာကို ပြန်မပြောခင်ပေါ့နော် ကျွန်တော်တို့မေးခွန်းမေးရမယ့်အရာတစ်ခုရှိတယ်။ ဒါကတော့ ဒီလိုမျိုး COVID-19 ဒီကမ္ဘာ လုံးဆိုင်ရာ ကပ်ရောဂါကြီးဖြစ်နေတဲ့အချိန်မှာ ဘာလို့အာဏာသိမ်းသလဲဆိုတဲ့မေးခွန်းကို ကျွန်တော်တို့ CDMမာတွေက ဒီစစ်ကောင်စီကို ပြန်မေးချင်တယ်ပေါ့နော်။ ကျွန်တော်တို့ CDM လုပ်ကြတယ်၊ တရားတဲ့ဘက်မှာရပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုမျိုးအချိန် တစ်ကမ္ဘာလုံးဒုက္ခရောက် နေတဲ့အချိန် မြန်မာနိုင်ငံမှာ COVID-19 wave တွေစပြီးရောက်နေတဲ့အချိန်မှာ ဒီလိုမတရားတဲ့ အာဏာသိမ်းမှုကို ဘယ်သူ့မျက်နှာမှမထောက်ဘဲနဲ့လုပ်ခဲ့တဲ့ စစ်ကောင်စီကိုရော ဘာလို့ အာဏာသိမ်းသလဲဆိုတာကို CDM က ပြန်ပြီးတော့ အခုချိန်မှာ မေးခွန်းပြန်ထုတ်သင့် တယ်လို့ ထင်တယ်ပေါ့နော်။ ဒါကတော့ CDM လုပ်ကြတဲ့သူတွေအားလုံးရဲ့ ဒီဒီကာလမှာ ဖြတ်သန်း ခဲ့ရတဲ့အခြေအနေပါပဲ။ ဟုတ်။ ကျွန်တော့်အနေနဲ့ကကျတော့ နှစ်ပိုင်းခွဲပြီးပြောလို့ရပါတယ်။ ကျွန်တော်က အာဏာမသိမ်းခင်မှာ ကျွန်တော်က အရပ်ဘက်အဖွဲ့အစည်းမှာပေါ့နော် ဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်လုပ်နေခဲ့တယ်။ ဆိုတော့ ကျွန်တော်က CDM ကို ဒီအရပ် ဘက်အဖွဲ့အစည်းကနေ ဝင်ရောက်ပြီးတော့ ပူးပေါင်းပါဝင်လာတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းဘဝကနေ CDM လုပ်လာတဲ့ ဆရာဝန်မဟုတ်ဘဲနဲ့ပေါ့နော်။ ဒီအရပ်ဘက်ကဆရာဝန်တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ဆန္ဒအရ ပူးပေါင်းပါဝင်လာတဲ့ CDM မှာတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ ဒီအာဏာမသိမ်းခင် ကျွန်တော်အရပ်ဘက်အဖွဲ့အစည်း မှာလုပ်ခဲ့တယ်။ ဒီအာဏာသိမ်းပြီးနောက်ပိုင်းပေါ့နော် အခုလေးနှစ်ကျော်ကာလအတွင်းမှာ ကျွန်တော် နှစ်ပိုင်းခွဲပြီးခေါ်လို့ရတယ်ပေါ့နော်။ ခုနက ရှေ့ကမေးခွန်းအတိုင်းပဲပေါ့နော်။ ကျွန်တော်တို့ဒီ COVID-19 ကပ်ရောဂါကာလမှာ ဒီ နွေဦးတော်လှန်ရေးဖြစ်ခဲ့တဲ့အတွက် ပေါ့နော်။ ကျွန်တော်တို့မှာ COVID နဲ့ပတ်သက်ပြီးရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ အများကြီးရှိ တယ်။ အဲ့ဒီအချိန်မှာ လူတွေကဆေးရုံဆေးခန်းမှာ မသွားနိုင်တော့တဲ့အချိန်၊ နောက်ပြီးတော့ ဒီဆေးရုံဆေးခန်းတွေက ဘယ်လိုမှ ဒီ COVID လူနာတွေကို လက်မခံနိုင်လောက်တဲ့အချိန်မှာ ဒီ CDM ဆရာဝန်တွေကိုယ်တိုင်ပေါ့နော် ကျွန်တော်လည်းအပါအဝင်ပေါ့နော် COVID-19 လူနာတွေကို အိမ်တိုင်ရာရောက်သွားပြီးတော့ ကုသပေးရတဲ့အခြေအနေတွေရှိခဲ့ပါတယ်။ ဒါက ဆရာဝန်တွေဟာ CDM လုပ်ပေမဲ့လည်း သူတို့လုပ်ရမယ့်အလုပ်ကို မပျက်ကွက်ခဲ့ဘဲနဲ့ ပြည်သူကို ဒီကပ်ရောဂါကာလမှာ စောင့်ရှောက်ပေးခဲ့တယ်ဆိုတဲ့ဟာကို အားလုံးကိုသတိရ စေချင်လို့ပြန်ပြောတာဖြစ်ပါတယ်။ အဲ ဒီနောက်ပိုင်း COVID wave တွေငြိမ်သွားပြီး နောက်ပိုင်းမှာ ဒီ ၂၀၂၃ မှာပေါ့နော် ဒီအမျိုးသားညီညွတ်ရေးအစိုးရကနေ အဲ ဆရာဝန်တွေကို လုပ်အားပေးခေါ်တယ်ပေါ့နော်။ ကျွန်တော့်အနေနဲ့ ဒီအခက်အခဲရှိတဲ့ဒေသတွေကို ရွေးချယ် ပြီးတော့ အလုပ်လုပ်ဖို့ လျှောက်ထားခဲ့တယ်ပေါ့နော်။ အဲ့အချိန်မှာ ပထမဆုံးအနေနဲ့ ကျွန်တော် တိုင်းရင်းသားနယ်မြေဒေသတစ်ခုကို ရောက်လာတယ်။ အဲ အဲ့ချိန်ကစပြီး ကျွန်တော့်ရဲ့ ဒီတိုင်းရင်းသားဒေသက တော်လှန်ရေးခရီးကစတင်ခဲ့တယ်ပေါ့နော်။ ဆရာဝန် တစ်ယောက်အနေနဲ့ တိုင်းရင်းသားဒေသမှာ အခုဆိုရင် နှစ်နှစ်ရှိပါပြီ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ အခုလိုမျိုး ပဋိပက္ခကာလအတွင်းမှာပေါ့နော် ဒီမြေပြင်မှာ အမှန်တကယ် ဟို ရင်ဆိုင်နေရတဲ့ ဒီကျန်းမာရေးစနစ်နဲ့ ဟို အဓိကစိန်ခေါ်မှုတွေ ဆိုလို့ရှိ ရင်ရော ဘာတွေဖြစ်မလဲပေါ့နော်။ ဒီဆေးဝါးလိုအပ်ချက်တွေ ပြီးတော့မှ ဒီဆေးပစ္စည်းတွေ လုံခြုံရေး ပြီးတော့ ဒီအခြေခံအဆောက်အအုံစတဲ့ လိုအပ်ချက်တွေများစွာထဲမှာပေါ့လေ ဘယ်အရာက အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံး စိန်ခေါ်မှုလို့ ပြောလို့ရမလဲရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့ပါ ကျန်းမာရေးစနစ်လို့ပြောရင်ပေါ့နော် ကျွန်တော်တို့ဆရာတွေ ဆရာမတွေပြောကြတဲ့ ဥပမာလေးတစ်ခုရှိတယ်။ ဆိုတော့ အဲ့ကျန်းမာရေးစနစ်ကို လူတစ် ယောက်အနေနဲ့ မြင်လိုက်ပါပေါ့။ အဲ့အချိန်မှာ ကျန်းမာရေးကဏ္ဍ ဆုံးဖြတ်ပြီးတော့ ဆုံးဖြတ် ဆောင်ရွက်ရတဲ့ head governance အပိုင်းပါတယ်ပေါ့နော်။ အဲ့ဒါက လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့တူတယ်ပေါ့နော်။ ပြီးရင် ကျန်းမာရေးဝန်ဆောင်မှုပေးရတဲ့ ကျန်းမာရေးဝန်ထမ်း တွေပါတယ်၊ ဆရာဝန်တွေ၊ ဆရာမတွေ၊ ကျေးလက်က ကာကွယ်ဆေးထိုးတဲ့ဆရာမတွေ၊ နောက် ဒီဆေးပစ္စည်းနဲ့ ပတ်သက်ပြီးအလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေရှိတယ်။ သူ သူတို့ကို လူ့ရဲ့ ခြေတွေလက်တွေလို့ မြင်ကြည့်လိုက်ပါပေါ့နော်။ ပြီးရင် ဒီခြေတွေလက်တွေအလုပ်လုပ် နိုင်ဖို့ဆိုရင် ခေါင်းကနေခြေတွေလက်တွေကို ဒီအာရုံကြောတွေက စီစဉ်ပြီးတော့ ဆက်သွယ်ရ တယ်။ အဲ့လိုမျိုးဆက်သွယ်ဖို့အတွက် သတင်းအချက်အလက်တွေလည်းပါတယ်ပေါ့နော်။ အခုကျွန်တော်ပြောခဲ့တဲ့အပိုင်းမှာဆိုရင် သုံးပိုင်းပါသွားပြီ။ ဦးဆောင်မှုအပိုင်းပါတယ်ပေါ့နော်။ နောက် တကယ်အလုပ်လုပ်တဲ့အပိုင်းပါတယ်။ ပြီးရင် ဆက်သွယ်တဲ့အပိုင်းတွေ ပါတယ် ပေါ့နော်။ ဒါတွေက ကျန်းမာရေးစနစ်ရဲ့ ဒေါက်တိုင်တွေပဲပေါ့နော်။ ပြီးရင် ကျွန်တော်တို့ရဲ့ အသည်းနှလုံး နှလုံးသားလို့ပြောလို့ရမယ့် ဒီဝန်ဆောင်မှုပေးတဲ့အပိုင်း၊ ပြည်သူကို service delivery ပေးတဲ့အပိုင်း ဒါကလည်း ဒေါက်တိုင်တစ်ခုအနေနဲ့ပါတယ်ပေါ့နော်။ ဒါ့အပြင် ဒီခန္ဓာ ကိုယ်ကြီးလုံခြုံနေဖို့ အမိုးအကာတွေလိုတယ်၊ အစားအသောက်တွေလိုတယ်။ ဒါတွေကတော့ ဆေးဝါးတွေ ဒီ infrastructure တွေပေါ့နော်။ ဒီအပိုင်းတွေပါတယ်။ ဆိုတော့ ကျန်းမာရေး ကဏ္ဍမှာဆိုရင် ဒီလူ့ခန္ဓာကိုယ်လိုပဲပေါ့နော် စနစ်တစ်ခုလိုမျိုးလည်ပတ်နေရတယ်။ ဘယ်စနစ် ကမှ ပျက်ယွင်းသွားလို့မရဘူးပေါ့နော်။ ဆိုတော့ ဘယ်စနစ်အရေးကြီးဆုံးလဲလို့ပြောရင် စနစ်တိုင်းကအရေးကြီးပါတယ်။ ဒီထဲကတစ်ခုခုချို့ယွင်းသွားတာနဲ့ ကျွန်တော်တို့ ဒီကျန်းမာ ရေးစနစ်တစ်ခုလုံးကိုထိခိုက်တယ်ပေါ့နော်။ အင်မတန်ထိခိုက်လွယ်တဲ့ ဒီကျန်းမာရေးစနစ် ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲ့အချိန်မှာ အာဏာသိမ်းမှုဖြစ်လိုက်တဲ့အခါမှာ ဒီစနစ်ကြီးတစ်ခု လုံးက နှလုံးရပ်သွားတဲ့လူလိုမျိုးပဲ ဘုန်းဘုန်းလဲပြီးကျသွားတယ်။ ဆိုတော့ အဲ့လိုမျိုးဘုန်းဘုန်း လဲပြီးကျသွားတဲ့အခြေအနေကနေ ကျွန်တော်တို့က CPR လုပ်ရတယ်ပေါ့နော်။ Resuscitate နှလုံးဖိပြီး resuscitate ပြန်လုပ်ရတဲ့အခြေအနေကို ပြန်ရောက်သွားတယ်ပေါ့နော်။ ဒါ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ ကျန်းမာရေးစနစ်ရဲ့ စိန်ခေါ်မှုပါပဲ။ ဆိုတော့ သေမလိုဖြစ်သွားတဲ့ ကျန်းမာရေးစနစ်ကြီးကို အသက်ပြန်နိုးပြီးတော့ ဒီရင်ဆိုင်ခဲ့ရတဲ့အခြေအနေပါ။ ကျွန်တော်တို့ ကျန်းမာရေးစနစ်က ပြန်ပြီးအခုအသက်ရှင်လာတဲ့ အသက်ရှင်အောင် ကျွန်တော်တို့ အသက်သွင်းခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်ပေါ့နော်။ အဓိကစိန်ခေါ်မှုလို့ပြောရမယ်ဆိုရင် ကျန်းမာရေးဝန်ဆောင်မှုတွေအားလုံးက ရပ်သွားတယ်ပေါ့နော်။ ဒီရပ်သွားတဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေကို ကျွန်တော်တို့က ပြန်ပြီးတော့ အစပြုဖို့အတွက် ဒီစနစ်ရဲ့ဒေါက်တိုင် အားလုံးကို ပြန်ပြီးနိုးရတယ်ပေါ့နော်။ ဆိုတော့ ဦးဆောင်မယ့်လူ ကျွန်တော်တို့မှာမရှိ တော့ဘူး။ ဆိုတော့ ဦးဆောင်မယ့်လူမရှိဘဲနဲ့ ကျွန်တော်တို့က ခြေတွေလက်တွေက အလုပ်လုပ်ခဲ့ရတယ်ပေါ့နော်။ အမျိုးသားညီညွတ်ရေးအစိုးရကတော့ရှိတယ်။ ဒါပေမဲ့ ဒီအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီပြည်သူလူထုနဲ့အတူတူ CDM နဲ့အတူတူ ပေါ်ပေါက် လာတဲ့အစိုးရဖြစ်တဲ့အတွက် ဗဟိုကနေထိန်းချုပ်ပြီးတော့ command ပေးဖို့ဆိုတာ ဒီကျန်းမာရေးကဏ္ဍမှာ မဖြစ်နိုင်သေးဘူး။ ဆိုတော့ ဒီကျေးရွာမှာရှိတဲ့ CDM က ဆရာဝန်တွေ ဆရာမတွေ ဝန်ထမ်းတွေအားလုံးကပဲ အောက်ခြေကနေပြန်စပြီးတော့ ဒီစနစ်ကိုပြန်ပြီးတော့ အသက်သွင်းခဲ့ရတယ်ပေါ့နော်။ ပထမဆုံး ကျွန်တော်တို့ ဒီကျန်းမာရေးဝန်ဆောင်မှု ပေးခြင်း ဆိုတဲ့ ဒီနှလုံးသားရဲ့အလုပ်ကို ပြန်ပြီးတော့ စခဲ့ရတယ်ပေါ့နော်။ ဒါ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုပါပဲ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ဒီစစ်ဘေးရှောင်ပြည်သူတွေအပြင် ဒီတော်လှန်ရေး ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေကို နေ့စဉ်နဲ့အမျှ ဒေါက်တာတို့အနေနဲ့ ကုသပေးနေရတဲ့ အခါမှာပေါ့နော်။ ဟို အများဆုံးကြုံတွေ့ရတဲ့ ကျန်းမာရေးပြဿနာတွေဆိုရင်ရော ဘာတွေ ဖြစ်မလဲပေါ့လေ။ ဒီတိုက်ပွဲဒဏ်ရာတွေအပြင် ကူးစက်ရောဂါလိုမျိုး ဒီအခြားအခြားသော ပေါ့နော် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွေမှာရော ဘယ်လိုအခက်အခဲတွေမျိုးနဲ့ ရင်ဆိုင်နေရတာမျိုးရှိလဲရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့ပါ ကျန်းမာရေးလုပ်ငန်းတွေမှာပေါ့နော် အများကြီးကျယ်ပြန့်တဲ့ အပိုင်းတွေရှိပါတယ်။ ဥပမာ စစ်ပွဲမဖြစ်ခင်ကာလမှာဆိုရင် လုပ်နေရတဲ့ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍတွေအများကြီးရှိတယ်။ အထဲမှာ လူသိများတဲ့ကဏ္ဍတွေဆိုရင် ကာကွယ် ဆေးထိုးတဲ့လုပ်ငန်းတွေပါတယ်။ ပြီးရင် ဒီမိခင်နဲ့ကလေးပေါ့နော် စောင့်ရှောက်မှုလုပ်ငန်း တွေပါတယ်။ ပြီးရင် ကူးစက်ရောဂါတွေပေါ့နော် ဥပမာ COVID-19 လို တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကူးစက်ရောဂါတွေ ဆောင်ရွက်ရတဲ့အပိုင်းပါတယ်။ နောက် မကူးစက်တဲ့ရောဂါ တွေလည်းရှိတယ်ပေါ့နော်။ အဲ့ဒါတွေကကျတော့ ဒီသွေးတိုးတို့ ဆီးချိုတို့ ပုံမှန်အမြဲတမ်း တစ်သက်လုံးဆေးသောက်နေရတဲ့ရောဂါတွေနဲ့ပတ်သက်ပြီးတော့ ကုသတဲ့အပိုင်းပါတယ်။ ဆိုတော့ ကျွန်တော်တို့က ဒီအလုပ်တွေအားလုံးကို ကဏ္ဍနှစ်ခုခွဲပြီးလုပ်ကြတယ်ပေါ့နော်။ အဲ့ဒါကတော့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးပေါ့နော်။ ဆိုတော့ ကုသရေးကကျတော့ ဆေးရုံမှာရောက်လာတဲ့လူနာတွေကို ဆရာဝန်တွေ အထူးကုဆရာဝန်တွေက အဆင့်မြင့် ခွဲစိတ်တာတွေ နောက် ဒီဆေးရုံတင်ပြီးကုသတာတွေလုပ်ကြတယ်ပေါ့နော်။ ဆိုတော့ ဒီလို အလုပ်တွေက ဒီတော်လှန်ရေးကာလမှာ နောက်ကျသွားရတဲ့အပိုင်းတွေရှိပါတယ်။ ထုံးစံ အတိုင်းဆိုတော့ အားလုံးဒီကျေးရွာကိုပြောင်းသွားတဲ့အတွက် ကျေးရွာတွေမှာ ဆေးရုံ ဆေးခန်တွေ မရှိပါဘူး။ ရှိတဲ့အဆောက်အအုံပဲ ဆေးရုံဖြစ်အောင် ဆေးခန်းဖြစ်အောင် ကျွန်တော်တို့ကပြောင်းခဲ့ရတယ်ပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ အဓိကဒီတွေ့ကြုံရတဲ့ ပြဿနာကတော့ပေါ့နော် ဒီဆေးရုံတင်ပြီးကုသရမယ့်လူနာတွေပေါ့နော်။ ကျွန်တော်တို့က မြို့ပေါ်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ဆေးရုံကို ကျွန်တော်တို့က ပို့လို့မရတော့တဲ့ အခြေအနေဖြစ်သွားတယ်။ ပြီးရင် ခုနကပြောတဲ့ ဒီပုံမှန်လုပ်နေရတဲ့အလုပ်လေးတွေ လည်းရှိတယ်ပေါ့နော်။ ဥပမာ ကာကွယ်ဆေးထိုးတာတွေ၊ နောက်မိခင်နဲ့ကလေးစောင့်ရှောက် မှု ပေးပြီးတော့ ကလေးမွေးပေးတာတွေ၊ ကလေးတွေကို ပုံမှန်အာဟာရပေးတာတွေပေါ့နော်။ ဒါတွေအားလုံးကလည်း အသစ်ကပြန်စရတယ်ပေါ့နော်။ ဆိုတော့ ဒီအလုပ်တွေအားလုံးက ပုံမှန်လုပ်နေကြထက်ပေါ့နော် ပိုပြီးစိန်ခေါ်မှုများတဲ့ အခြေအနေနဲ့ကျွန်တော်တို့ လုပ်ခဲ့ကြရ တာဖြစ်ပါတယ်ပေါ့နော်။ ဒါပေမဲ့ ဒီလုပ်ခဲ့ရတဲ့ဟာက အချိန်တစ်ခုအတိုင်း အတာတစ် ခုရောက်လာတဲ့အခါမှာ တည်ငြိမ်လာတာတွေလည်းရှိပါပြီပေါ့နော်။ ပြောရရင် ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့စနစ်က အခုအသက်စပြီးတော့ဝင်လာပြီလို့ပြောလို့ရတယ်ပေါ့နော်။
မေးမြန်းသူ – ဟုတ်ကဲ့ ဆိုတော့ ဒီလိုမျိုး အခုကာလလိုမျိုးပေါ့လေ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတဲ့ ဒီမိဘပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ဒီ mental health အခြေအနေကရော ဘယ်လောက်ထိဆိုးရွားနေတာမျိုးတွေ ရှိလဲပေါ့လေ။ ဒီစိတ်ဒဏ်ရာတွေ ခံစားနေရတဲ့သူတွေကိုရော ရှေ့တန်းကရဲဘော်တွေကိုရော ပြီးတော့မှ ဒီဒေါက်တာကိုယ်တိုင်ရဲ့ စိတ်ဖိစီးမှုတွေကိုရော ဘယ်လိုမျိုးကုစားဖြေရှင်းနေရပါသလဲရှင့်။
ဖြေကြားသူ – ကျန်းမာရေးလို့ပြောလိုက်ရင် ကျွန်တော်တို့တစ်နိုင်ငံလုံး စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုလုပ်ထားပါတယ်။ ဒါကတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒီ တယ်လီကျန်းမာ မှာပေါ့နော်။ တယ်လီကျန်းမာ page ကနေပြီးဦးဆောင်ပြီးတော့ လုပ်ထားတဲ့ စစ်တမ်းပေါ့နော်။ မျှော်လင့်ထားတဲ့အတိုင်းပေါ့နော် စစ်တမ်းရဲ့အဖြေ အဖြေက ဒီအားလုံးက စိတ်ပူပန်မှု anxiety state က တော်တော်လေးတက်နေတယ်ဆိုတဲ့ အဖြေထွက်လာတယ်ပေါ့နော်။ လူတွေအားလုံးရဲ့အဖြေက အဲ့လိုမျိုးဖြစ်နေတယ်။ ဆိုတော့ စိတ်ကျန်းမာရေးရဲ့ အနီရောင်အဆင့်ကို ကျွန်တော်တို့ကရောက်နေတယ်။ ဆိုတော့ ကျွန်တော်တို့အားလုံး စိတ်ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်ပေါ့နော်။ ဆိုတော့ အဲ့ထဲမှာမှ ပိုပြီးထိခိုက်လွယ်တဲ့အုပ်စုတွေရှိပါတယ်ပေါ့နော်။ အဲ့ဒါကတော့ ဒီစစ်ဘေးရှောင် နေရတဲ့ပြည်သူတွေ၊ ဒီပြည်တွင်းမှာရော ပြည်ပမှာရောပေါ့နော်။ Refugee အနေနဲ့ စစ်ဘေး ရှောင်ရတဲ့ပြည်သူတွေဆိုရင် ပိုပြီးတော့ထိခိုက်လွယ်ပါတယ်။ ကိုယ့်နေရာဒေသနဲ့ အဝေးမှာ နေနေရတဲ့အတွက်ပေါ့နော်။ အိမ်ပြန်လို့လည်းမရတဲ့အခြေအနေမှာဆိုရင် ပိုပြီးတော့ စိတ်ကျန်းမာရေးထိခိုက်နေတဲ့အခြေအနေရှိပါတယ်။ နောက် ဒီတော်လှန်ရေးရဲဘော် တွေဆို ပေါ့ ဒီအစကတည်းကနေအခုချိန်ထိ ဒီဘာအကျိုးခံစားခွင့်မှမယူခဲ့ဘဲနဲ့ပေါ့နော်။ ဘာလစာမှ လည်း မရှိဘူး၊ သူတို့မှာဒီ ဘာဝင်ငွေမှလည်းမရှိဘူး၊ မိသားစုကိုလည်းပြန်မထောက်ပံ့နိုင်ဘူး။ သူတို့ ဒီတော်လှန်ရေးကိုယုံကြည်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ ရဲဘော်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ဒီစိတ်ကျန်းမာရေးကို ပြန်ပြီးကုစားပေးနိုင်မယ့်အခြေအနေတွေက ဒီတောက်လျှောက် မှာ မရှိနေခဲ့ဘူးပေါ့နော်။ ဆိုတော့ ရဲဘော်တွေလည်းထိခိုက်လွယ်တဲ့အုပ်စုထဲမှာပါပါတယ်။ နောက်ပြီးတော့ ဒီထုံးစံအတိုင်းပေါ့နော် ကျေးရွာမှာရှိတဲ့လူနာတွေ၊ ကိုယ်တိုင်လည်း စိတ်ကျန်းမာရေး ထိခိုက်တယ်။ ဒီကျွန်တော်တို့ဒီကျန်းမာရေးဝန်ထမ်းတွေပေါ့နော်၊ ဝန်ထမ်းတွေကလည်း စိတ်ကျန်းမာရေးထိခိုက်တယ်။ အထူးသဖြင့် ဒီကျန်းမာရေးဝန်ထမ်း တစ်ယောက်က ဒီအရင်ကအလုပ်လုပ်ခဲ့ပြီးတော့ အခုဒီ စစ်အာဏာသိမ်းမှုကာလမှာ အလုပ် မရှိတော့ဘူးဆိုရင် သူ့မှာတစ်သက်လုံးသူလုပ်လာခဲ့တဲ့အလုပ်ကိုမလုပ်ရတဲ့အတွက် သူစပြီး စိတ်ဓာတ်ကျတယ်ပေါ့နော်။ ဆိုတော့ အဲ့လိုမျိုးစိတ်ကျန်းမာရေးထိခိုက်မှုတွေ မဖြစ်အောင် ဆိုရင် ကျွန်တော်တို့ ဒီကျန်းမာရေးနယ်ပယ်ကဝန်ထမ်းတွေကိုပဲ ကျွန်တော်တို့အရင်ဆုံး လုပ်ပေးခဲ့တာက အလုပ်ရှာပေးတာပေါ့နော်။ ဆိုတော့ ကျွန်တော်ကတော့ အလုပ်မပေး နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်အလုပ်လုပ်ပေးနိုင်တဲ့ ဒီတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ရဲ့ကျွမ်းကျင်မှုအလိုက် ဒီမှာဥပမာ ကာကွယ်ဆေးထိုးတဲ့ ဆရာမဆိုရင် ကာကွယ်ဆေးထိုးလုပ်ငန်းတွေပြန်စနိုင်အောင်လုပ်ပေးတယ်။ တခြားဒီရုံးမှာ စာရင်းအင်းအချက်အလက်လုပ်ရတဲ့ဆရာမတွေဆိုလည်း ဒီအချက်အလက်တွေ လုပ်နိုင် အောင် ချိတ်ဆက်ပေးတယ်။ နောက် သူနာပြုဆရာမတွေဆိုလည်း ဆေးရုံဆေးခန်းတွေနဲ့ ကျွန်တော်တို့ပြန်ပြီးတော့ ချိတ်ဆက်ပေးတယ်ပေါ့နော်။ ဒါမျိုးဆိုရင် သူတို့ရဲ့ဒီအလုပ် အကိုင် တစ်ခုပြန်ပြီးတော့ ရသွားပြီဆိုရင် စိတ်ကျန်းမာရေးအခြေအနေက သူတို့ခိုင်မာသွားတဲ့ အခြေအနေမှာရှိတယ်။ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင်လည်း စိတ်ကျန်းမာနေမှပေါ့နော် ကျွန်တော်တို့နဲ့ထိတွေ့ဆက်ဆံနေတဲ့ လူနာတွေလည်း ကျွန်တော်တို့သေချာလေး နားထောင် ပြီးတော့ သူတို့ပြဿနာကို ကျွန်တော်တို့စိတ်ဝင်တစားနဲ့အမှန်တကယ် ဂရုဏာနဲ့နားထောင် ပြီးတော့ဖြေရှင်းပေးနိုင်ပါတယ်ပေါ့နော်။ ဆိုတော့ လူနာတွေရဲ့ပြဿနာကိုတော့ ကျွန်တော် တို့ အများဆုံးလုပ်ပေးနိုင်ခဲ့တာက စိတ်ကျန်းမာရေးအနေနဲ့ပေါ့နော် စိတ်ပိုင်းဆိုင်ရာ အကူ အညီပံ့ပိုးမှုအနေနဲ့ သေချာနားထောင်ပြီးတော့ ခံစားပြီးတော့ နားလည်ကြောင်းသူတို့ကို လူနာတွေကိုရှင်းပြခဲ့တယ်။ နောက်ပြီးတော့ ဒီဖြစ်နေတဲ့ဒီကိစ္စတွေကို ကျွန်တော်တို့ ထိန်းချုပ် လို့မရပေမဲ့လည်း ကျွန်တော်တို့ကိုယ်ကိုယ်ကိုတော့ တစ်နေ့တစ်နေ့မှာ ဘယ်လို ရည်ရွယ်ချက် မျိုးနဲ့ ဘယ်လိုမျှော်လင့်ချက်မျိုးနဲ့နေထိုင်မလဲဆိုပြီးတော့ ကျွန်တော်တို့ ကိုယ့်ရဲ့ယုံကြည်ရာ အတိုင်းပေါ့နော် ဒီမျှော်လင့်ချက်ကိုမမေ့ဖို့အတွက် ကျွန်တော်တို့လုပ်ကြဖို့အတွက်ပေါ့နော် ကျွန်တော်တို့အကြံပေးနိုင်တယ်ပေါ့နော်။ ပြီးရင် အထူးသဖြင့်ရဲဘော်တွေနဲ့ဆိုရင် ကျွန်တော် တို့ ရဲဘော်တွေရဲ့ခံစားချက်တွေကို ကျွန်တော်တို့နားထောင်ပေးတယ်။ ရဲဘော်တွေ ဘယ်လို ဖြစ်နေ၊ ဘာတွေခံစားနေရတာလဲဆိုတာကို ကျွန်တော်တို့နားထောင်ပေးခြင်းအားဖြင့်ပေါ့နော် ပြီးရင်ကျွန်တော်တို့နဲ့အတူတူ သွားရည်လာရည်နေတဲ့ နေထိုင်စားသောက်ခြင်း အားဖြင့်ပေါ့ နော်။ မျှဝေခံစားခြင်းအားဖြင့်ပဲ ဒီကာလကိုဖြတ်သန်းပါတယ် ဟုတ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဒေါက်တာ့အနေနဲ့ ဒီစစ်မြေပြင်မှာပေါ့လေ ရန်သူ မိတ်ဆွေ မခွဲခြားဘဲနဲ့ ဆေးကုသပေးရတဲ့ ဒီကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှုတွေရော ကြုံတွေ့ရတာမျိုးရှိ လားရှင့်။ ဒီအရင်းအမြစ်တွေ အင်မတန်ရှားပါးနေတဲ့ အခုလိုအချိန်မျိုးတွေမှာဆိုလို့ရှိရင် ဒီဘယ်လူနာကို ဦးစားပေးပြီးတော့ ကုသပေးရမယ်ဆိုတာမျိုး ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချရတဲ့အခါမျိုးမှာပေါ့နော် ဘယ်လိုစံနှုန်းတွေနဲ့ စဉ်းစားဆုံးဖြတ်ရတာမျိုးရှိလဲရှင့်။
ဖြေကြားသူ – ရန်သူမိတ်ဆွေခွဲခြားတာကတော့လေ အစကတည်းကမရှိခဲ့ဘူးပေါ့နော်။ ကျွန်တော်တို့က ဒီကျင့်ဝတ်အရလုပ်ရတဲ့ ဒီ professional ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ခွဲခြားပြီးတော့ ဆက်ဆံတာမျိုး ကုသတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ဒီကျွန်တော်တို့အပေါ်ကို ပဲပေါ့နော် ဒီဒီတော်လှန်ရေးလုပ်နေတဲ့နယ်မြေက ဒီလူတွေ ဆေးရုံတွေအပေါ်ကိုပဲ ဦးတည် ပြီးတော့ပစ်မှတ်ထားပြီးတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နေတဲ့ နောက် ဒီဆေးရုံ ဆေးခန်းတွေကိုမီးရှို့ဖျက်ဆီးနေတယ်ဆိုရင်တော့ ဒီလိုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့အစည်းကိုပဲ ဒီရန်သူမိတ်ဆွေခွဲခြားတာကတော့ မေးရမယ်ပေါ့။ ပြီးတော့ ကျွန်တော်တို့ ဒီစစ်ပွဲအတွင်းမှာ တစ်ကမ္ဘာမှာဆိုလည်း ဒီ Geneva Convention ရှိတယ်၊ Geneva Convention မှာဆိုရင် စစ်ပွဲအတွင်းမှာအကာအကွယ်ပေးရမယ့်လူတွေရှိတယ်။ အဲ့ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေပါတယ်ပေါ့နော်။ ကျန်းမာရေးကဏ္ဍနဲ့ဆိုင်တဲ့လူပုဂ္ဂိုလ်တွေပါတယ်၊ နောက် ဘုရားကျောင်းတွေ ဆေးရုံတွေပေါ့နော်။ ဒီလိုမျိုးအဆောက်အအုံနေရာတွေဆိုတာ ဒါလုံးဝကိုအကာအကွယ်ပေးရမယ်၊ protected person တွေ protected area ဖြစ်တယ်ဆို တာကို Geneva Convention က ပြောထားတယ်ပေါ့နော်။ ဒါကို ကျွန်တော်တို့တော်လှန်ရေး ဘက်ကအဖွဲ့အစည်းတွေအားလုံးကတော့ လေးစားလိုက်နာတယ်။ ပြီးရင်ကျွန်တော်တို့လည်း ကျင့်ဝတ်နဲ့အညီပေါ့နော် စစ်သုံ့ပန်းတွေကိုရော ပြည်သူလူထုတွေကိုရော တစ်တန်းတည်း ကျွန်တော်တို့စောင့်ရှောက်မှုတွေပေးတယ်။ ဒါပေမဲ့ ဒီဒီလိုမျိုး Geneva Convention ကိုချိုး ဖောက်ပြီးတော့ war crimes တွေ တောက်လျှောက်အကြိမ်ကြိမ် စနစ်တကျကျူးလွန်နေတာ စစ်ကောင်စီအဖွဲ့အစည်းပဲဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က တော်လှန်ရေးဘက်ကအဖွဲ့အစည်းတွေကတော့ အမြဲတမ်းလိုက်နာလုပ်ဆောင် ပါတယ်လို့ ဟုတ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဒီဒေသခံတိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေ ပြီးတော့မှ ဒီတခြားသော CDM ကျန်းမာရေးဝန်ထမ်းတွေရော ပြီးတော့ ဒီလူမှုကူညီရေးအဖွဲ့ တွေနဲ့ ဆရာတို့ ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တာမျိုးရှိလဲရှင့်။ အဲ ပြီးတော့မှ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့အခါမှာ ဟိုအကျိုးသက်ရောက်မှုရှိလဲဆိုတာလေးလည်း ပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲပေါ့နော်။ ကျွန်တော်တို့က ကျန်းမာရေးက အင်မတန်မှထိလွယ်ခိုက်လွယ်တဲ့စနစ်ဖြစ်တယ်ပေါ့နော်။ နိုင်ငံတစ်နိုင်ငံပြို လဲရင် ကျန်းမာရေးစနစ်က အရင်ဆုံးထိခိုက်တာပဲပေါ့နော်။ ဆိုတော့ ဒီစနစ်ကြီးကို ကျွန်တော်တို့ကပြန်ပြီးတော့အသက်သွင်းချင်ကြတဲ့အခါမှာ ဒီစနစ်ရဲ့အလုပ်တွေ အားလုံး လည်ပတ်ဖို့ဆိုရင် ကျွန်တော်တို့က ချိတ်ဆက်မှုမရှိဘဲနဲ့လုပ်လို့မရပါဘူး။ ဆိုတော့ ကျွန်တော် ဆေးပဲ ကုနေလို့မရဘူး။ ဒီရေရှည်တစ်နိုင်ငံလုံးအမြင်နဲ့ တစ်ပြည်နယ်လုံးအမြင်နဲ့မြင်နိုင်တဲ့ ဒီကျန်းမာရေးနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ governance လိုတယ်ပေါ့နော်။ ပြီးရင် သတင်းအချက်အလက်တွေကို ကျွန်တော်တို့စနစ်တကျစုစည်းပြီးတော့ ဒီနှစ်မှာတော့ ဒါတွေဖြစ်ခဲ့တယ်၊ နောက်နှစ်မှာဘာဆက်လုပ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့၊ program တွေ implement လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် တွေလိုတယ်။ ဒါတွေဆိုလည်း ကိုယ့်တစ်နေရာတည်းကိုယ်ကအလုပ်လုပ်နေလို့ မရဘူးပေါ့ နော်။ တစ်ပြည်နယ်လုံးနဲ့ တစ်နိုင်ငံလုံးနဲ့ချိတ်ဆက်ပြီးလုပ်ရပါတယ်၊ ဒီလိုမျိုးချိတ်ဆက်ပြီး လုပ်တဲ့အခါမှာပေါ့နော် ကျွန်တော်တို့ကိုယ့်ရွာအလိုက် ကိုယ့်မြို့နယ်အလိုက်လုပ်ကြတဲ့ အခါမှာ ကိုယ့်မြို့နယ်မှာဖြစ်နေတဲ့ ဒီရောဂါက တခြားမြို့နယ်တွေမှာဖြစ်တယ်ဆိုရင် ဒါကျွန်တော်တို့ပူးပေါင်းပြီးတော့ အရင်းအမြစ်တွေကို ဒီဆေးတွေကိုတူတူရှာဖွေ ကြတယ်ပေါ့ နော်။ ပြီးတော့ကိုယ့်မြို့နယ်မှာ ခွဲစိတ်ပေးနိုင်တဲ့အထူးကုဆရာဝန်ကမရှိဘူးဆိုရင် ကျွန်တော် တို့ တခြားမြို့နယ်မှာ မဖြစ်မနေလွှဲရမယ်ဆိုရင် အဲ့မြို့နယ်ကကျန်းမာရေးအဖွဲ့ အစည်းနဲ့ ကျွန်တော်တို့စကားပြောပြီးတော့ ယုံကြည်မှုတည်ဆောက်ထားရတယ်ပေါ့နော်။ ဥပမာ လေယာဉ်ပစ်လို့ဒီမှာ အထိအခိုက်ဒဏ်ရာရတဲ့လူတွေများတယ်ဆိုရင် ကျွန်တော်တို့ ဘယ်ဆေးရုံကိုတော့ပို့ပါ့မယ်ဆိုတာမျိုး ကြိုပြီးတော့စီစဉ်ထားရတယ်ပေါ့နော်။ Referral pathway ကိုစီစဉ်ထားရတယ်။ ဆိုတော့ ကျွန်တော်တို့အလုပ်တွေက နယ်မြေတစ်ခုတည်း ကိုယ်ကလုပ်နေလို့မရပါဘူး။ ပြီးရင် ရှိတာကလည်း ကျွန်တော်တို့မှာလူကအများကြီးမရှိဘူး၊ အင်မတန်မှကိုနည်းတယ်ပေါ့နော်။ ဆရာဝန်အထူးကုက တော်တော့်ကိုနည်းပါတယ်ဆိုတော့ ဒီအထူးကုကတော့ ရွာတိုင်းကိုမရောက်နိုင်ဘူး၊ မြို့နယ်တိုင်းမရောက်နိုင်ဘူး။ ဒါပေမဲ့ သူရှိတဲ့ နေရာကိုရောက်အောင်တော့ ရောက်အောင်တော့ ကျွန်တော်တို့ပို့ပေးနိုင်တယ်ပေါ့နော်။ ဆိုတော့ အဲ့လိုမျိုးဒီလမ်းကြောင်းတွေပွင့်ဖို့အတွက် ကျွန်တော်တို့အဖွဲ့အစည်း၊ ဒီကျန်းမာရေး အဖွဲ့အစည်းတွေသာမကဘဲနဲ့ပေါ့နော် တခြားဒီကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ စကားပြော ပြီးရင် ညှိနှိုင်းရတာတွေရှိတယ်၊ ဒီအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက် ပြီးတော့ ကျွန်တော်တို့အလုပ်တွေကိုတော့ အားလုံးသဘောတူခဲ့တဲ့အလုပ်တွေအနေနဲ့ လက်ခံပြီးတော့ဆောင်ရွက်ကြဖို့အတွက် ပြောရတာတွေရှိပါတယ်။ အဲ့အချိန်မှာ ဦးစီးဦး ဆောင်မှုပေးမယ့်အခန်းကဏ္ဍပေါ့နော်။ ဆိုတော့ အစိုးရတစ်ရပ်မရှိတဲ့အချိန်မှာဆိုရင် ကျွန်တော်တို့ အလုပ်တွေကို ဘယ်သူကဦးဆောင်ပေးမှာလဲ။ ဆိုတော့ အဲ့အချိန်မှာ ဒီပြည်နယ် က ဒီ CDM ကျန်းမာရေးဝန်ထမ်းတွေကပဲ ပြန်ပြီးစုဖွဲ့ထားတယ်ပေါ့နော်။ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေပေါ်လာခဲ့တယ်။ ဆိုတော့ ဒီတိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း တွေကပဲ တစ်ပြည်နယ်လုံးနဲ့ဆိုင်တဲ့ကိစ္စတွေကို ဒီ CDM မှာအားလုံးရဲ့အသံနဲ့ အတူတူပေါ့နော်။ ဆုံးဖြတ်ပြီးတော့လုပ်ကိုင်တာမျိုးတွေ ကျွန်တော်တို့လုပ်ကြတယ်ပေါ့နော်။ ဆိုတော့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေရှိခြင်းအားဖြင့် ဒီနိုင်ငံတကာက အကူအညီတွေလာမယ်ဆိုရင်လည်း ဒီပြည်နယ်မှာတော့ ဒီအဖွဲ့အစည်းရှိပါတယ်ဆိုတဲ့ သူတို့ရဲ့ ယုံကြည်မှုရစေတယ်ပေါ့နော်။ ဆိုတော့ ဒီအဖွဲ့အစည်းက ဒီလိုမျိုးဝန်ဆောင်မှုတွေ ပေးနေတယ်ဆိုတာကိုသိတယ်ဆိုရင် အကူအညီပေးချင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကလည်း ဒီအဖွဲ့အစည်းကနေတစ်ဆင့်ချိတ်ဆက်ပြီးတော့ ပြည်သူတွေဆီကိုရောက်အောင် ပေးနိုင်မှာဖြစ်ပါတယ်။ ဆိုတော့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းရဲ့အခန်းကဏ္ဍက အင်မတန်အရေးပါပါတယ်။ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေကပဲ ဒီအချိန်မှာ တစ်ပြည်နယ်လုံးကိစ္စကိုလုပ်ပေးနိုင်တာဖြစ်ပါတယ်ပေါ့နော်။
မေးမြန်းသူ – ဟုတ်။ နောက်ထပ်အနေနဲ့ ဒီတော်လှန်ရေးအာင်မြင်ပြီးတဲ့နောက်မှာ တည်ဆောက်ချင်တဲ့ Federal Democracy နိုင်ငံရဲ့ ဒီကျန်းမာရေးစနစ်က ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်လို့ ဒေါက်တာအနေနဲ့မျှော်မှန်းထားတာမျိုးရှိလဲရှင့်။ ဒီလက်ရှိစစ်အာဏာရှင် မတိုင်ခင်က ကျန်းမာရေးစနစ်ရဲ့ ဘယ်လိုမျိုးအားနည်းချက်တွေကို ဟို အဓိကပြုပြင် ပြောင်းလဲသွားချင်တာမျိုးရှိလဲရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့ပါ ဆိုတော့ ကိုယ့်ပြည်နယ်အတွက် ကိုယ်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အလုပ်တွေလုပ်ကြတာပေါ့နော်။ ဆိုတော့ အဲ့ဒီအချိန်မှာ အရင်ကလိုမျိုး ဒီဗဟိုအစိုးရ တစ်ရပ် ကနေပြီးတော့ပဲ ဘာလုပ်ပါ၊ ဘာ budget ကိုတော့ ဘယ်လောက်ခွဲပေးပါ့မယ် ဆိုတဲ့ ပုံစံမျိုးမဟုတ်တော့ဘူး။ ကိုယ်ထူကိုယ်ထ ကိုယ်အားကိုယ်ကိုးပြီးရုန်းကန်နေရတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ပေါ့နော်။ နောက်တစ်ချိန်ကျရင်လည်း ဒီတိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အစည်းတွေရဲ့တည်ဆောက်ခဲ့တဲ့ကျန်းမာရေးစနစ်ပေါ့နော်။ ပြည်နယ်ကျန်းမာရေးစနစ်နဲ့ ဒီတစ်နိုင်ငံလုံးကိုခြုံငုံတဲ့ကျန်းမာရေးစနစ်က parallel သွားမယ်ပေါ့နော်။ အပြိုင်သွား သွားမယ့်စနစ်မျိုးဖြစ်တယ်ပေါ့နော်။ ဒါမျိုးကလည်း ဖြစ်လည်းဖြစ်သင့်ပါတယ်။ ကိုယ်ထူ ကိုယ်ထလုပ်နိုင်မယ်ဆိုတာ အင်မတန်ကိုဂုဏ်ယူစရာကောင်းတယ်။ ဥပမာ ချင်းပြည် လိုနေရာမျိုးမှာဆိုရင် အင်မတန်အရင်းအမြစ်ရှားတယ်၊ ခက်ခဲတယ်၊ ဖွံ့ဖြိုးမှုလည်း အနိမ့်ကျ ဆုံးပဲ။ ဒါပေမဲ့ ဒီလိုမျိုးပြည်နယ်တစ်ခုကနေ ကိုယ့်ကျန်းမာရေးကိုစောင့်ရှောက်ဖို့အတွက် အလုပ်လုပ်နိုင်တယ်ဆိုတာ အင်မတန်မှကို ကျွန်တော်တို့ဂုဏ်ယူရတယ်ပေါ့နော်။ ကျွန်တော် ပြည်မကလာတဲ့ဆရာဝန်တစ်ယောက်အနေနဲ့ ချင်းပြည်နယ်အတွက် အင်မတန် ဂုဏ်ယူရတဲ့ စနစ်က ဒီအခုတိုင်းရင်းသားကျန်းမာရေးကနေပေါ်လာမယ့်စနစ်ပဲပေါ့နော်။ ကျွန်တော်တို့ ဒီတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဒီကျန်းမာရေးပြဿနာတွေကိုလည်း စိန်ခေါ်မှုတွေဆိုတာလည်း ရှိမှာပဲ။ ဥပမာ COVID-19 ဖြစ်တယ်။ ဒီ COVID-19 ပိုးက passport မလိုဘူး၊ ဗီဇာမလိုဘူး။ ဆိုတော့ သူကသွားချင်တဲ့နေရာပဲသွားမှာပဲ။ ဆိုတော့ ကိုယ့်ပြည်နယ်တစ်ခုတည်း အတွက် ပဲလုပ်မယ်ဆိုလို့မရတော့ဘူးပေါ့နော်။ ကိုယ့်နိုင်ငံတစ်ခုတည်းအတွက်ပဲလုပ်မယ်လို့ မရတော့ ဘူး။ ဆိုတော့ အားလုံးပေါင်းပြီးလုပ်ရတဲ့ ရောဂါတွေလည်းရှိတယ်။ ဆိုတော့ အဲ့လိုမျိုး အခြေအနေမှာဆိုရင် ကျွန်တော်တို့က ဗဟိုအစိုးရရယ် ကျန်းမာရေးစနစ်နဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးလုပ်မယ်ပေါ့နော်။ ပြီးရင် အရင်းအမြစ် ဒီဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာပေါ့နော်။ ဒီလိုမျိုးဆိုရင် ကျွန်တော်တို့ဒီကိုယ့်ပြည်နယ်က ဒီကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာက အကူအညီကိုပဲ မှီခိုနေရတယ်ဆိုရင် ဒါတွေကရေရှည်အဆင်မပြေဘူး။ ဆိုတော့ ရေရှည် အဆင်ပြေအောင်ဆိုရင် ကျွန်တော်တို့က ကိုယ်ထူကိုယ်ထကျန်းမာရေးရန်ပုံငွေတွေ ရှိဖို့လိုတယ် ပေါ့နော်။ ဒီရန်ပုံငွေရလာအောင် ဒီလူတွေရဲ့အခွန်ကနေ ဒါမှမဟုတ် ဗဟိုအစိုးရ ဆီကနေ ကျွန်တော်တို့ဘယ်လိုမျှဝေပြီးသုံးစွဲမလဲ၊ ကျခံရမလဲပေါ့နော်။ ဒီလိုမျိုးဘဏ္ဍာရေး ပိုင်းဆိုင်ရာကိစ္စတွေမှာဆိုရင် ဗဟိုအစိုးရတွေရဲ့ အကူအညီတွေပြန်ပြီးတော့လိုပြန်တယ် ပေါ့နော်။ ဆိုတော့ နောက်တစ်ချိန်ဖြစ်လာမယ့် Federal အစိုးရတွေကတော့ နှစ်ခုလုံး လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကိုယ်ထူကိုယ်ထကျန်းမာရေး စနစ်လည်း ရှိမယ်။ ပြီးရင် ဗဟိုအစိုးရနဲ့ပူးပေါင်းပြီးဆောင်ရွက်မယ့်အစီအမံတွေလည်းရှိမယ်ပေါ့နော်။ ဆိုတော့ ကျွန်တော့်အနေနဲ့ တစ်ခွန်းတည်းနဲ့ပြောရရင် အကောင်းမြင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့လိုမျိုး ပြီးတော့ ဒီနိုင်ငံ တကာကြက်ခြေနီကော်မတီလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီလက်ရှိမြန်မာ ပြည်သူတွေရဲ့ ကျန်းမာရေးကပ်ဘေးကိုရော ဟိုဘယ်လိုမျိုးလက်တွေ့ကျကျနဲ့ ကူညီ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ဒီမြင်လဲပေါ့နော် ဒေါက်တာအနေနဲ့။ ပြီးတော့မှ ဒီနယ်စပ် ဖြတ်ကျော်လူသားစာနာမှုအကူအညီတွေကရော ဟိုမြေပြင်အတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာလေးလည်း ပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – အစကပြန်ပြီးပြောရရင်ပေါ့နော် ကျွန်တော်တို့နိုင်ငံက ဒီကပ်ရောဂါကာလမှာပဲ အာဏာသိမ်းခံရတဲ့အတွက် ဒီကျန်းမာရေးစောင့်ရှောက်မှုစနစ်က ပြန်ပြီးတော့အသက်ငင် သွားတဲ့အခြေအနေဖြစ်သွားတယ်။ ဆိုတော့ အဲ့အချိန်မှာ ကျန်းမာရေးစနစ်ကို ပြန်ပြီးအသက် သွင်းရတဲ့တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံမှာသဘာဝဘေးတွေပေါ့နော် ဥပမာ ဒီမုန်တိုင်းမိုခါဝင်ခဲ့တယ်၊ နောက် ရာသီဥတုလိုမျိုး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်ပေါ့နော်။ ဒါ့အပြင် ဒီ ၂၀၂၅ ထဲမှာပဲ ဒီအင်မတန်ဖျက်အားပြင်းတဲ့စစ်ကိုင်းငလျင်ကြီးဖြစ်ခဲ့တယ်ပေါ့နော်။ ကျွန်တော်တို့နိုင်ငံကပြောရရင်လေ ဒီကျန်းမာရေးကဏ္ဍက အသက်သွင်းနေရတဲ့အချိန်မှာ နောက်ထပ် shock, shock တွေက တောက်လျှောက်လာတယ်ပေါ့နော်။ အသက်ဝင်မယ့် မကျန်သေးဘူး၊ ပြန်ပြန်ပြီးတော့ ဒီအသက်ငင်နေရတဲ့အခြေအနေဖြစ်နေတယ်။ ဆိုတော့ အဲ့အချိန်မှာ အကူအညီတွေအားလုံးက တကယ့်ဝန်ဆောင်မှုပေးနေတဲ့ လူတွေဆီကိုမရောက် ဘဲနဲ့ တခြားဒီ တကယ်ဝန်ဆောင်မှုမပေးခဲ့ မပေးတဲ့ဥပမာစစ်ကောင်စီလို လက်ထဲကို ရောက်သွားတယ်ဆိုရင် အင်မတန်မှနှမြောစရာကောင်းပါတယ်။ ကူညီတဲ့အလှူရှင်တွေ လည်းကူညီရကျိုးမနပ်ခဲ့ဘူးပေါ့နော်။ သူတို့ရဲ့အကူအညီတွေကလည်း အလဟဿဖြစ် သွားတယ်ပေါ့နော်။ ဆိုတော့ ဒီလိုအကူအညီတွေရောက်ဖို့ဆိုရင် တကယ်တိုင်းရင်းသား ထိန်းချုပ်နယ်မြေဒေသမှာရှိနေတဲ့ ဒီကျန်းမာရေး၊ ဒီပြီးရင် humanitarian အဖွဲ့အစည်းတွေနဲ့ တကယ်စကားပြောဖို့လိုမယ်လို့ ကျွန်တော်အနေနဲ့မြင်တယ်။ ပြီးရင်အထူးသဖြင့် ဒီမြန်မာ နိုင်ငံအရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာဆိုရင်တောင်မှ အကွာအခြားချက်တွေ အင်မတန်များတယ် ပေါ့နော်။ ဥပမာ ကရင်နီနဲ့ကရင်ပြည်ဆိုရင် ဒါထိုင်းနယ်စပ်နဲ့နီးတဲ့အတွက်ပေါ့နော်။ နိုင်ငံတကာအကူအညီတွေအားလုံးက ထိုင်းကနေတစ်ဆင့်ဝင်လို့ရတယ်။ ဆိုတော့ အဲ့ဒီမှာ ဆိုရင် အကူအညီတွေဝင်နိုင်တာတွေရှိတယ်။ ဒါပေမဲ့ ဒီအိန္ဒိယနယ်စပ်မှာဆိုရင် အကူအညီ တွေက ကန့်သတ်ချက်တွေအများကြီးရှိတယ်။ ဘာလို့လဲဆိုရင် အိန္ဒိယနယ်စပ်မှာ နိုင်ငံတကာ ကူညီပေးဖို့အတွက် ဒီအိန္ဒိယအစိုးရကနေဖွင့်ထားတဲ့ ဒီလမ်းကြောင်းတွေမရှိနေဘူး။ ဆိုတော့ အတွက် အဲ့လိုမျိုးဒီအနောက်ဘက်ဒေသတွေအတွက်ပေါ့နော်၊ မြန်မာနိုင်ငံအနောက်ခြမ်း၊ ဒီချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးအတွက်ပေါ့နော်။ ဆိုတော့ နိုင်ငံတကာအကူအညီ ရောက်ဖို့ ဆိုရင် အိမ်နီးချင်းအစိုးရတွေရဲ့ပူးပေါင်းဆောင်ရွက်မှုလည်း အများကြီးစကားပြောရမယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်မှသာ ဒီနိုင်ငံတကာအကူအညီတွေက တိုက်ရိုက်ဝင်နိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံကိုပတ်ပြီးတော့လေ ဝိုင်းထား သလိုဖြစ်နေတဲ့အခြေအနေလို့ ကျွန်တော်တို့အခုမြင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ဒီနောက်တစ်ခုအနေနဲ့ပေါ့နော် အခုလိုမျိုး ပဋိပက္ခ ကာလအတွင်းမှာ ဒီဆေးရုံဆေးခန်းကို အလွယ်တကူမသွားနိုင်တဲ့ ဟိုမိဘပြည်သူတွေ အနေနဲ့ရော မိမိတို့ရဲ့ကျန်းမာရေးကို ဘယ်လိုမျိုးမိမိကိုယ်တိုင်ဂရုစိုက်ဖို့ ဒီအခြေခံ ဟိုအချက် တွေကိုလည်းပဲ ဒေါက်တာအနေနဲ့ အကြံပြုပေးစေလိုပါတယ်ရှင့်။
ဖြေကြားသူ – အခု ကျွန်တော်တို့ထိန်းချုပ်နယ်မြေတွေများလာတဲ့အမျှပေါ့နော် ဒီထိန်းချုပ် နယ်မြေတွေမှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်တဲ့ ဒီအလုပ်တွေပြန်ပြီးလည်ပတ်လာ ကြပါပြီပေါ့နော်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ပြည်သူလူထုတွေကို ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေကို အဓိကပြောချင်တယ်ပေါ့နော်။ ကျွန်တော်တို့ပြည်သူတွေက ခံနိုင်ရည် အင်မတန် ရှိကြပါတယ်ဆိုတော့ ဒီကာလတွေကို ကြံ့ကြံ့ခံပြီးတော့ သူတို့ရှင်သန်ခဲ့ကြတယ်၊ ပြီးတော့သူတို့အလုပ်လုပ်နိုင်အောင်ပဲ ကျွန်တော်တို့လမ်းဖွင့်ပေးရင်ပဲ ပြည်သူတွေက သူတို့ဟာသူ ကိုယ်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ကိုယ်ကိုရုန်းကန်နိုင်တဲ့အနေအထားပေါ့နော်၊ ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်တဲ့အခြေအနေမှာရှိပါတယ်။ ဆိုတော့ ပြည်သူတွေကို အလုပ်လုပ်ကိုင်နိုင်အောင် ဒီတာဝန်ရှိတဲ့သူတွေက ဖန်တီးပေးဖို့လိုပါတယ် ပြီးရင်ပြည်သူ လူထုဆီကို ဒီစားနပ်ရိက္ခာနဲ့ပတ်သက်တဲ့ ဒီအကူအညီတွေ နောက် ဒီစားနပ်ရိက္ခာနဲ့ ပတ်သက် တဲ့ လမ်းကြောင်းတွေဖွင့်ပေးဖို့အတွက်ပေါ့နော် တာဝန်ရှိတဲ့သူတွေက ဒါတွေကိုလုပ် ဆောင်ပေး လို့ရပါတယ်ပေါ့နော်။ ပြောချင်တာက ပြည်သူလူထုတွေ ဒီအစားအသောက် ပြတ်လပ်နေမှုမရှိအောင်တော့ လမ်းတွေဖွင့်ပေးထားကြပါ။ ဒီလိုမျိုး ဒီပြည်သူလူထုက အလုပ်လုပ်ကိုင်တယ်၊ သူဟာသူလုပ်နိုင်တယ်၊ ဒီအစားအသောက်လည်း ပုံမှန်ကိုယ့်ဟာ ကိုယ်ရှာဖွေနိုင်တယ်၊ လမ်းကြောင်းပွင့်တယ်ဆိုရင် ပြည်သူလူထုက တစ်နေ့တာမှာပေါ့နော် စားဝတ်နေရေးအဆင်ပြေတယ်။ ဒီအလုပ်အဆင်ပြေတယ်ဆိုရင် ဒီကျန်းမာရေးအတွက် သူတို့ပိုပြီးအာရုံစိုက်လာနိုင်တယ်ပေါ့နော်။ ငါကျန်းမာအောင်ဘယ်လို နေမလဲဆိုတဲ့အာရုံ စိုက်မှုတွေလုပ်လာနိုင်တယ်။ ခုနကပြောခဲ့တဲ့အခြေခံ စားဝတ်နေရေးအဆင်မပြေဘဲနဲ့တော့ ကိုယ့်ကျန်းမာရေးကိုယ်စောင့်ရှောက်မှုဆိုတာ တစ်ဖက်ဖက်ကိုပဲမှီခိုနေရဦးမယ်ပေါ့နော်။ ပေးနေတဲ့အကူအညီတွေက နိုင်ငံတကာအလှူရှင်တွေက အမြဲတမ်းလုပ်နိုင်မလားဆိုရင် ဒါကတော့မသေချာဘူး။ ဆိုတော့ နောက်ဆုံးကိုယ်အားကိုယ်ကိုးမယ်ဆိုရင် ကိုယ့်အချင်း ချင်းပဲပြန်ပြီးတော့စောင့်ရှောက်ရအောင်ပေါ့နော်။ အဲ့လိုစောင့်ရှောက်နိုင်ဖို့အတွက် အခု ဒီလူလူထုကိုအုပ်ချုပ်ရေးယန္တရားတွေစပြီးတော့ ဝန်ဆောင်မှုပေးနေတဲ့လူ တာဝန်ရှိတဲ့သူတွေ ကပဲ ပြည်သူလူထုကိုပိုပြီးတော့ သတင်းအချက်အလက်တွေပေးရမယ်ပေါ့နော်။ ပြီးရင် အင်တာနက်ဆက်သွယ်ရေးတွေအဆင်ပြေအောင်လုပ်ပေးရမယ်။ ဆိုတော့ အင်တာနက် ဆက်သွယ်ရေးတွေအဆင်ပြေခြင်းအားဖြင့်ပေါ့နော် online ကနေတစ်ဆင့် ကျွန်တော်တို့ ဆေးခန်းပြလို့ရတဲ့အခြေအနေတွေလည်းအခုရှိလာတယ်ပေါ့နော်။ ဆိုတော့ တစ်နိုင်ငံလုံးမှာ ဆိုရင်တော့ ဦးဆောင်တာက Tele-ကျန်းမာ ပေါ့နော်။ Tele-ကျန်းမာ ဒီအမျိုးသား ညီညွတ်ရေးအစိုးရရဲ့ online ကျန်းမာရေးဝန်ဆောင်မှု page ဖြစ်တယ်။ ဒီမှာဆိုရင် လူနာတွေအများကြီးကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ပြီးရင် specialist တွေအများကြီးနဲ့ ပေါ့နော် ဒီမှာဝန်ဆောင်မှုယူလို့ရနေတယ်ပေါ့နော်။ ဆိုတော့ဒါတွေဟာ ပြည်သူလူထုအတွက် လက်လှမ်းမီလာပြီ။ ပြီးရင် ချင်းထဲမှာဆိုရင် Chin Telehealth ဆိုတာရှိပါတယ်။ ဆိုတော့ Chin Telehealth ကနေတစ်ဆင့် ပြည်သူလူထုက ဒီအင်တာနက်ရှိတဲ့နေရာကနေ ဆရာဝန်နဲ့ တိုက်ရိုက်စကားပြောလို့ရမယ်ဆိုတဲ့အကူအညီရှိပါတယ်ပေါ့နော်။ ဆိုတော့ ဒါတွေကို ကျွန်တော်တို့အင်တာနက်လမ်းတွေ ပြည်သူလူထုကိုလက်လှမ်းမီအောင်လုပ်ပေးခြင်း အားဖြင့်လည်းပေါ့နော်။ ပြည်သူလူထုရဲ့ကိုယ့်ကိုယ်ကိုစောင့်ရှောက်နိုင်မှုကို ကျွန်တော်တို့ ဆောင်ရွက်ပေးပြီးသားဖြစ်တယ်ပေါ့နော်။ ဆိုတော့ နောက်ဆုံးအားလုံး ကျွန်တော်တို့ လုပ်ရမယ့်အလုပ်ကတော့ ကိုယ့်ကိုယ်ကိုစောင့်ရှောက်ဖို့ပဲပေါ့နော်။ ကိုယ့်ကိုယ်ကို self-care လုပ်ဖို့လိုတယ်။ အဲ့လိုလုပ်နိုင်အောင်လည်း ကျွန်တော်တို့ကျန်းမာရေးအဖွဲ့အစည်းတွေ နောက် တခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေကနေ ဆက်လက် ဆောင်ရွက်ပေးနိုင်တာတွေရှိပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဒီနောက်ဆုံးအနေနဲ့ပေါ့လေ ကျွန်မတို့ ဒီ interview လေးကနေ တစ်ဆင့် ဒီနေ့ဒီအချိန်အထိ ရဲရဲဝံ့ဝံ့နဲ့ တိုက်ပွဲဝင်နေကြတဲ့ လူငယ်ရဲဘော်လေးတွေနဲ့ သော်လည်းကောင်း၊ ပြီးတော့မှ ဒီဒုက္ခတွေမြောက်များစွာခံပြီးတော့မှ ကြံ့ကြံ့ခံနေတဲ့ မိဘပြည်သူတွေကိုလည်းပဲ ဒေါက်တာအနေနဲ့ ဘယ်လိုမျိုးတိုက်တွန်းအားပေးစကားတွေ နဲ့အတူ မျှော်လင့်ချက်စကားတွေများပြောလို့ပါသလဲရှင့်။
ဖြေကြားသူ – ဟုတ်ကဲ့ပါ နီးနီးကိုသွားချင်ရင် တစ်ယောက်တည်းသွားပါတဲ့၊ ခရီးအဝေးကို သွားချင်ရင်တော့ လူအများနဲ့သွားပါတဲ့။ ဆိုတော့ ကျွန်တော်တို့က တော်လှန်ရေးခရီးကို မကြာစေချင်ဘူးပေါ့နော်။ မြန်မြန်ပြီးစေချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မျှော်လင့်တဲ့အတိုင်း တော့မဖြစ်ပါဘူး။ ဆိုတော့ ရှည်နေတယ်၊ ကြာနေတဲ့အခါမှာ ကျွန်တော်တို့တစ်ယောက်တည်း သွားရင်ပင်ပန်းတယ်၊ ပိုပြီးတော့ထိခိုက်ဖို့ လွယ်လဲဖို့ပိုပြီးလွယ်တယ်။ ဆိုတော့ ကျွန်တော်တို့ အားလုံး အတူတူသွားကြမယ်၊ အတူတူရင်ဆိုင်ကြမယ်ဆိုတော့ စိတ်ဓာတ်နဲ့ပေါ့နော် အဲ့လိုမျိုးနဲ့ပဲ ကျွန်တော်တို့သွားလို့ရမယ်။ ဆိုတော့ အချင်းချင်းကိုကိုပိုပြီးတော့ ဂရုစိုက်ဖို့ လိုမယ်လို့ထင်ပါတယ်။ အဲ့ဒီအချင်းချင်းလို့ပြောတဲ့အခါမှာ ပြည်သူရော ရဲဘော်ရောပါ ပါတယ်ပေါ့နော်။ ပြည်သူကလည်းရဲဘော်ကို ဟိုရဲဘော်တွေကိုစောင့်ရှောက်ဖို့လိုတယ်။ ရဲဘော်တွေကလည်း ကိုယ်တွေစခဲ့တဲ့ခရီးကိုမမေ့ဖို့လိုတယ်ပေါ့နော်။ ပြည်သူလူထုကို အကာကွယ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ ဒီရဲဘော်လုပ်ခဲ့ကြတယ်ဆိုတဲ့ဟာကိုမမေ့ဖို့လို လိုတယ်။ အဲ့ဒီအတွက်ရဲဘော်တွေကလည်း မှန်မှန်ကန်ကန်နဲ့ အမှန်တရားဘက် ကနေရပ်တည်ပြီးပြည်သူလူထုကိုအကာအကွယ်ပေးမယ်ဆိုတဲ့ ဒီရပ်တည်ချက်မျိုးနဲ့ ချင်းချင်း စောင့်ရှောက်ကြဖို့လိုပါလိမ့်မယ်။ အဲ ပြည်သူလူထုတွေရဲ့ နိုင်ငံတကာအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေကနေပြီးတော့ပေါ့နော် အခုချိန်ထိ မမောမပန်းဘဲ ကူညီပေး နေတာကို ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ ဒါတွေက ရပ်လို့မရသေးဘူးပေါ့နော်။ ဆိုတော့ ဒီအကူအညီပေးနေတဲ့လူတွေအနေနဲ့လည်း ဆက်ပြီးတော့ကူညီပေးနိုင်ဖို့အတွက် ကျွန်တော် တို့ အနေနဲ့လည်းတိုက်တွန်းပါတယ်။ ဒီတောက်လျှောက်အကူအညီပေးနေတဲ့ သူတွေကို လည်း ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ အခုလိုမျိုးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ။
ဖြေကြားသူ – ဟုတ်ကဲ့ပါ အခုလိုဖြေခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။