ဖေဖေါ် ၂၃
The Kaladan Post
ကမ္ဘာ့နိုင်ငံများအပေါ် သမ္မတ Donald Trump က တိုးမြှင့် စည်းကြပ်ခဲ့သည့် ကုန်သွယ်ခွန်များမှာ တရားမဝင်ကြောင်း Supreme Court of the United States က ၆ မဲ – ၃ မဲဖြင့် ဆုံးဖြတ်ခဲ့သည်။
ထရမ့်သည် ၁၉၇၇ ခုနှစ် ထုတ်ပြန်ခဲ့သည့် International Emergency Economic Powers Act (IEEPA) ကို အသုံးပြုပြီး ကမ္ဘာ့နိုင်ငံများ၏ အမေရိကန်သို့ သွင်းကုန်များအပေါ် မတူညီသည့် အခွန်နှုန်းထားများကို မနှစ်က သတ်မှတ်ခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၂၀ ရက်တွင် တရားရုံးချုပ်က အဆိုပါ ဥပဒေကို အခွန်စည်းကြပ်မှုအတွက် အသုံးချခြင်းသည် ဥပဒေအရ ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
တရားရုံး၏ အမြင်အရ အခွန်နှုန်းထားအသစ်များ သတ်မှတ်ပြဋ္ဌာန်းနိုင်သည့် လုပ်ပိုင်ခွင့်သည် သမ္မတထံတွင် မရှိဘဲ လွှတ်တော်ထံတွင်သာ ရှိကြောင်း၊ ထို့ပြင် IEEPA ကို အသက်သွင်းနိုင်သည့် ရည်ရွယ်ချက်များထဲတွင် နိုင်ငံဝင်ငွေ တိုးမြှင့်ရန် ဆိုသည့် အကြောင်းပြချက် မပါဝင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဆုံးဖြတ်ချက်၏ အကျိုးဆက်အဖြစ် အမေရိကန်အစိုးရသည် အခွန်တိုးမြှင့် စည်းကြပ်မှုများမှ ရရှိခဲ့သည့် ဝင်ငွေများကို သက်ဆိုင်ရာ နိုင်ငံများနှင့် လုပ်ငန်းများထံ ပြန်လည်ပေးအပ်ရနိုင်သည့် အခြေအနေ ရှိလာနိုင်သည်။ အခွန်ပြောင်းလဲ သတ်မှတ်မှုများမှ ဒေါ်လာ ၁၃၀ ဘီလီယံခန့် ဝင်ငွေ ရရှိခဲ့ကြောင်း ခန့်မှန်းထားသည်။
ထရမ့်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် အမေရိကန်ပိုင်နက်အတွင်း ဖန်တနဲလ် မူးယစ်ဆေးဝါး ဝင်ရောက်မှု တားဆီးရေးအတွက် ဖိအားပေးလိုသည်ဟု ဆိုကာ တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့၏ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထို့နောက် လအနည်းငယ်အကြာတွင် ကမ္ဘာတဝှမ်း နိုင်ငံများ၏ သွင်းကုန်များအပေါ် ၁၀ မှ ၅၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မည့် အစီအစဉ်သစ်ကို ထုတ်ပြန်ခဲ့ပြီး သွင်းကုန်-ပို့ကုန် အချိုးမမျှတမှုကြောင့် အမေရိကန်သည် နစ်နာနေကြောင်း စွပ်စွဲခဲ့သည်။
သို့ရာတွင် တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်ပြီးနောက် နာရီပိုင်းအတွင်း ထရမ့်က ၁၉၇၄ ခုနှစ် ထုတ်ပြန်ခဲ့သည့် Trade Act of 1974 ၏ ပုဒ်မခွဲ ၁၂၂ ကို အသုံးပြုပြီး အမေရိကန်သို့ တင်သွင်းမည့် ကုန်စည်များအပေါ် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း အခွန် ယာယီ စည်းကြပ်မည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ ဥပဒေအရ သမ္မတသည် သွင်းကုန်များအပေါ် အများဆုံး ၁၅ ရာခိုင်နှုန်းအထိ ရက်ပေါင်း ၁၅၀ ကြာ ယာယီ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း သိရသည်။
တရားရုံး၏ ယခု ဆုံးဖြတ်ချက်သည် ၁၉၆၂ ခုနှစ် ကုန်သွယ်မှု ချဲ့ထွင်ရေး အက်ဥပဒေကဲ့သို့ အခြား ဥပဒေများအောက်တွင် သီးသန့် သတ်မှတ်ထားသည့် သံမဏိ၊ အလျူမီနီယမ်၊ သစ်နှင့် မော်တော်ယာဉ် စသည့် ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်မှုများနှင့် မသက်ဆိုင်ကြောင်းလည်း ဖော်ပြထားသည်။
Source: BBC News
ဓာတ်ပုံ – Getty Images