ဖေဖေါ် ၁၄

The Kaladan Post

 

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော နောက်ဆုံးရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး ရရှိထားသည့် ဖုန်ကျိုင်ထိုင်းပါတီ (BJT) ဦးဆောင်မည့် ညွန့်ပေါင်းအစိုးရသစ်တွင် ဖျူထိုင်းပါတီ (PTP) က ပူးပေါင်းပါဝင်ရန် သဘောတူညီထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နှစ်ဖက်ပါတီခေါင်းဆောင်များက ကြေညာချက်ထုတ်ပြန်ကာ PTP သည် BJT ဦးဆောင်မည့် ညွန့်ပေါင်းအစိုးရတွင် အင်အားအကြီးဆုံး မိတ်ဖက်ပါတီအဖြစ် ပါဝင်မည်ဟု အတည်ပြုခဲ့သည်။ ယင်းသည် ပါတီနှစ်ခုကြား ဒုတိယအကြိမ်မြောက် ပူးပေါင်းမှုလည်း ဖြစ်သည်။

ယခင်ကလည်း PTP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရတွင် BJT ပါဝင်ခဲ့ဖူးသော်လည်း ထိုင်းဝန်ကြီးချုပ်ဖြစ်သူ ဖေထောင်ထန် ရှီနာဝတ်ထ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့အကြား ဖုန်းပြောဆိုထားသည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် BJT က အစိုးရမှ နုတ်ထွက်ခဲ့သည်။ အဆိုပါ အသံဖိုင်တွင် ထိုင်းစစ်တပ်အား ပုတ်ခတ်ပြောဆိုမှုများ ပါဝင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားပြီး စစ်တပ်နှင့် နီးစပ်မှုရှိသည့် BJT သည် ထိုအဖြစ်အပျက်အပေါ် ကန့်ကွက်သည့်အနေနှင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ PTP သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်နှင့် နီးစပ်သည့် နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ်လည်း သိရှိထားကြသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်အရ BJT သည် အမတ်နေရာ ၁၉၃ နေရာ ရရှိခဲ့ပြီး PTP က တတိယအများဆုံးအဖြစ် ၇၄ နေရာ ရရှိခဲ့သည်။ ထို့အပြင် အခြားပါတီများဖြစ်သည့် စီးပွားရေးပါတီမှ ၃ နေရာ၊ ရုမ်ချိုင်ထိုင်းပါတီမှ ၂ နေရာနှင့် ဒီမိုကရေစီသစ်ပါတီ၊ နယူးပါတီ၊ ပြည်သူ့စွမ်းအားပါတီ၊ ထိုင်းစုသာဝီပါတီတို့မှ တစ်ပါတီစီ ၁ နေရာစီ ပူးပေါင်းလာခြင်းကြောင့် ညွန့်ပေါင်းအစိုးရအတွက် စုစုပေါင်း အမတ်နေရာ ၂၇၆ နေရာ ရရှိထားသည်။ ယင်းသည် အစိုးရဖွဲ့စည်းရန် လိုအပ်သည့် အမတ်နေရာ ၂၅၁ နေရာထက် ကျော်လွန်နေပြီ ဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းများမှာ ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်မဲရလဒ်များ မထုတ်ပြန်မီ မဲအရေအတွက်၏ ၉၄ ရာခိုင်နှုန်း ရေတွက်ပြီးချိန်အခြေအနေအပေါ် အခြေခံတွက်ချက်ထားခြင်း ဖြစ်သည်။

BJT ပါတီခေါင်းဆောင်ဖြစ်သူနှင့် လက်ရှိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက PTP ပါတီ၏ ပူးပေါင်းလာမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် အာဏာလေဟာနယ် အချိန်ကြာရှည် မဖြစ်စေရန်အတွက် အစိုးရသစ်ကို အမြန်ဆုံး ဖွဲ့စည်းနိုင်ရန် ဆန္ဒရှိကြောင်းလည်း ဆိုသည်။

အနူတင်က ထပ်မံ၍ အခြားပါတီများကိုလည်း ညွန့်ပေါင်းအစိုးရတွင် ပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပါတီအများအပြား ပူးပေါင်းခြင်းသည် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များကို ပိုမိုချောမွေ့စေမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲအကြို လူထုဆန္ဒ စစ်တမ်းများတွင် BJT သည် ပြိုင်ဘက် ပြည်သူ့ပါတီ (PP) ထက် လူကြိုက်နည်းခဲ့သော်လည်း လက်တွေ့မဲရလဒ်များတွင် မျှော်မှန်းမထားသည့် အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးအကဲခတ်များအနေဖြင့် ထိုင်း–ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခက အမျိုးသားရေးဝါဒကို အားကောင်းစေခဲ့ပြီး စစ်တပ်နှင့် နီးစပ်သည့် BJT အတွက် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း သုံးသပ်ထားကြသည်။

Source – Thai Enquirer

ဓာတ်ပုံ – Thai Enquirer