ဖေဖေါ် ၉
The Kaladan Post
ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ တွင်
လက်ရှိ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း (Anutin Charnvirakul) ဦးဆောင်သည့်
ဘွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party – BJT) သည် အောက်လွှတ်တော် အမတ်နေရာ အများစုကိုအနိုင်ရရှိခဲ့ကြောင်း သိရပါသည်။
မဲရလဒ် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့် ကို ရေတွက်ပြီးချိန်တွင် BJT ပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၁၉၄ နေရာ အထိ ရရှိထားပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆခွဲခန့် တိုးတက်လာခြင်း ဖြစ်ကြောင်း
ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ သိရပါသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ပြီးခဲ့သည့် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကမ္ဘောဒီးယား–ထိုင်း နယ်စပ် စစ်ရေးပဋိပက္ခ သည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သုံးသပ်ကြပြီး ဝန်ကြီးချုပ် အနုထင်းသည် အရှိန်မြင့်လာသည့် အမျိုးသားရေးဝါဒ ကို အသုံးချကာ ရွေးကောက်ပွဲကို အချိန်ကိုက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။
သို့သော် BJT ပါတီသည် အမတ်နေရာ အများစုရရှိထားသော်လည်း အစိုးရဖွဲ့စည်းရန် လိုအပ်သည့် အမတ်နေရာ ၂၅၁ နေရာ ကို မပြည့်မီသေးသဖြင့် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရမည် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနေကြပါသည်။
နိုင်ငံရေးအရ ယခင်က သဘောထားကွဲလွဲမှုများ ရှိခဲ့သည့် ဖျူထိုင်းပါတီ (Pheu Thai Party – PTP) နှင့် ပြန်လည် ပူးပေါင်းဖွဲ့စည်းနိုင်ခြေ ရှိကြောင်းလည်း သုံးသပ်နေကြပြီး
PTP ပါတီကတော့ လက်ရှိအချိန်အထိ အမတ်နေရာ ၇၆ နေရာခန့် ရရှိထားကြောင်း သိရပါသည်။
ဝန်ကြီးချုပ် အနုထင်းကရွေးကောက်ပွဲတွင် ထောက်ခံမဲပေးခဲ့သည့် မဲဆန္ဒရှင်များအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကို ပါတီအမှုဆောင်ကော်မတီနှင့် ဆွေးနွေးပြီးမှသာ တရားဝင်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါသည်။
ထိုအပြင်ပြည်သူ့ပါတီ (People’s Party) က မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်းကို
တရားဝင် ဝန်ခံထားပြီး ညွန့်ပေါင်းအစိုးရတွင် ပါဝင်မည် မဟုတ်ဘဲ အတိုက်အခံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ကြေညာထားပါသည်။
တစ်ဖက်တွင် မြန်မာအလုပ်သမားအဖွဲ့များကို နှိမ်နင်းမည်ဟု ကြွေးကြော်ကာ မဲဆွယ်ခဲ့သည့်
ထိုင်းဖတ်ဒီးပါတီ (Thai Pakdee Party) သည် ပါတီကိုယ်စားပြု အမတ်နေရာ တစ်နေရာသာ အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။