ဇွန် ၁၂၊ ၂၀၂၆
The Kaladan Post
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယိုးလ် (Yoon Suk Yeol) ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်းကို စစ်ဘက်သုံးဒရုန်းတွေ ကျူးကျော်ဝင်ရောက်ဖို့ အမိန့်ပေးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ထောင်ဒဏ် အနှစ် ၃၀ ထပ်မံချမှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးက ယွန်းဆက်ယိုးလ်ကို ရန်သူကို ကူညီမှု၊ အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သူကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အတွက် အကြောင်းပြချက်ကောင်းရအောင် ၂၀၂၄ အောက်တိုဘာလကတည်းက ပြုံယမ်းမြို့ပေါ်ကို ဒရုန်းတွေစေလွှတ်ဖို့ သူကိုယ်တိုင် ပူးပေါင်းကြံစည်ခဲ့တာဖြစ်တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစီရင်ချက်ဟာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ရှေးရိုးစွဲခေါင်းဆောင် ယွန်းဆက်ယိုးလ်အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေထဲက နောက်ထပ်တစ်ခုဖြစ်လာတာပါ။ သူကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးကြောင့် အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဟာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယွန်းဆက်ယိုးလ်ဘက်ကတော့ ဒီဒရုန်းကိစ္စမှာ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။ သူ့ရဲ့ရှေ့နေတွေကတော့ “ဒီဒရုန်းစစ်ဆင်ရေးဟာ စစ်အုပ်ချုပ်ရေးနဲ့ မသက်ဆိုင်ပါဘူး။ မြောက်ကိုရီးယားဘက်က အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူဖောင်းတွေနဲ့ လပေါင်းများစွာ ရန်စခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာသာ ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ယွန်းဆက်ယိုးလ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ပုန်ကန်မှုလုပ်ဖို့ ကြိုးစားတဲ့အမှုနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။ အခုအခါမှာတော့ တရားရုံးက သူ့ကို နောက်ထပ် ထောင်ဒဏ် အနှစ် ၃၀ ထပ်တိုးလိုက်တာပဲ ဖြစ်ပါတယ်။
ယွန်းဆက်ယိုးလ်ဟာ လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးဖြစ်သလို အခုချမှတ်လိုက်တဲ့ အောက်ခြေတရားရုံးရဲ့ စီရင်ချက်အပေါ် အယူခံဝင်ဖို့ အခွင့်အရေးရှိနေသေးတယ်လို့ သိရပါတယ်။ သူဟာ အရင်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအပေါ်မှာလည်း အယူခံဝင်ထားဆဲဖြစ်တယ်လို့ သိရှိရပါတယ်။
Source: Reuters (Reporting by Joyce Lee)