လူသားဒိုင်းဖမ်း၊ ရွာများရှို့ဖျက်နေသည့် စစ်ကြောင်းကို ဒရုန်းဗုံးကြဲတိုက်ခိုက် စစ်သား ၆ ဦး ထိခိုက်

 

ဒီဇင် ၁၅

The Kaladan Post

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အစပ်တွင် နိုဝင်ဘာလ ၁၇ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်သည် ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ထောင်နှင့်ချီသော ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ Popa Guerilla Force (PGF) နှင့် မဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ ၁၈ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ကမ်းဖြူကျေးရွာရှိ နေအိမ် ၄ လုံးနှင့် စိတ္တိန်းကျေးရွာရှိ ထမင်းဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ပြန်လည်ဆုတ်ခွာချိန်၌ ဖမ်းဆီးထားသော ပြည်သူအများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း Popa Guerilla Force မှ တာဝန်ရှိသူက ပြောကြားသည်။ တိုက်ခိုက်မှုကို PGF၊ TTA-PDF (Drone Team) နှင့် Ah Nyar Myay Wings အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင် ရုရှား၊ ဘီလာရုစ်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မြေကွက်နှင့် အဆောက်အအုံများ စိတ်ကြိုက်ဝယ်ယူ

 

ဒီဇင် ၁၅

The Kaladan Post

ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့တွင် မြန်မာစစ်တပ်က မြေကွက်များနှင့် အဆောက်အအုံတချို့ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဝယ်ယူထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စိတ်ကြိုက်စိစစ်ကာ ဝယ်ယူခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။ ရုရှား၊ မော်စကိုမြို့နှင့် ဘီလာရုစ်၊ Minsk မြို့တို့တွင် ဝယ်ယူထားသော ဤပိုင်ဆိုင်မှုများသည် သံရုံးနှင့် ဧည့်ဂေဟာများ တိုးချဲ့ရန်ဟု ဆိုသော်လည်း ရှိပြီးသား သံရုံးများရှိနေသဖြင့် ဝယ်ယူရခြင်း၏ ရည်ရွယ်ချက် မရှင်းလင်းကြောင်း သတင်းရင်းမြစ်က ထောက်ပြသည်။

ထို့ပြင် မင်းအောင်လှိုင်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းနှင့် မိသားစုအတွက် သီးသန့်အသုံးပြုရန် Airbus A319-115 လေယာဉ်တစ်စီးကို အမေရိကန်နိုင်ငံမှ ငှားရမ်းပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် အပြီးဝယ်ယူခဲ့သည်။ ဤလေယာဉ်၏ အတွင်းခန်းများကိုပါ ၎င်း၏ စိတ်ကြိုက်ဒီဇိုင်းဖြင့် ပြင်ဆင်ခိုင်းခဲ့ကာ MAI အမည်ခံထားရှိပြီး ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေကြောင်း သိရသည်။

မုံရွာတွင် စစ်ကောင်စီ အတုရွေးကောက်ပွဲ ဝင်မည့်သူများကို ဗီနိုင်းဘန်နာများဖြင့် ဥပဒေအရ အရေးယူမည်ဟု သတိပေး

 

ဒီဇင် ၁၅

The Kaladan Post

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗီနိုင်းဘန်နာများတင်ကာ သတိပေးထားသည်။ ဒီဇင်ဘာ ၁၄ ရက်က မုံရွာမြို့နယ်အတွင်း နေရာအချို့တွင် တွေ့ရှိရသည့် အဆိုပါ ဗီနိုင်းဘန်နာများကို မုံရွာမြို့နယ် တော်လှန်ရေးအင်အားစုများ စုပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံကြမည့် နိုင်ငံရေးအောက်တန်းစားများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗီနိုင်းဘန်နာများတင်ကာ သတိပေးခဲ့ပါသည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများကို လူမှုရေးအရ အပြစ်ပေးဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

မော်လိုက်မြို့နယ် ရန်ကင်းတောင်စခန်း တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သား ၆ ဦးထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

ဒီဇင် ၁၅

The Kaladan Post

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ရန်ကင်းတောင်ပေါ်တွင် ယာယီတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက မော်လိုက်တော်လှန်ရေးအင်အားစုများက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ အများအပြား သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါတိုက်ပွဲသည် နံနက် ၁၁ နာရီခန့်မှ မွန်းတည့် ၁၂ နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး ကျန်စစ်သားများ ဆွတ်နန်းရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက “ဆွတ်နန်းရွာထဲကနေ ထွက်လာပြီး ရန်ကင်းတောင်ကို ထိုးစစ်ဆင်လာတာပါ။ လက်ရှိအထိ ဆွတ်နန်းရွာမှာ စစ်သားများ ရှိနေသေးတယ်” ဟု ပြောကြားခဲ့သည်။ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများတွင် စစ်သားအလောင်း ၆ လောင်း၊ MA1၊ MA3၊ MA15၊ G3 အမျိုးအစား သေနတ်များ စုစုပေါင်း ၄ လက်၊ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး၊ ကျည်ဘောက် ၁၃ ခုနှင့် ကျည်မျိုးစုံ ၁၂၀၀ တောင့်ခန့် ပါဝင်ကြောင်း သိရသည်။

မင်းအောင်လှိုင် ရခိုင်ပြည်နယ်နေ့သဝဏ်လွှာတွင် MNDAA၊ TNLA၊ AA တို့ကို အပြစ်တင်၊ ပြည်သူဆင်းရဲဒုက္ခရောက်ရသည်ဟု စွပ်စွဲ

 

ဒီဇင် ၁၅

The Kaladan Post

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် MNDAA၊ TNLA၊ AA အဖွဲ့များ၏ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်များကြောင့် လူမှုစီးပွားအခြေအနေ ပိုမိုဆိုးရွားလာပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေရသည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။ ၂၀၂၃ အောက်တိုဘာလကစ၍ စတင်ခဲ့သည့် အဆိုပါအဖွဲ့များ၏ လုပ်ရပ်များသည် တိုင်းရင်းသားပြည်သူများကို ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်စေခဲ့ကြောင်း စွပ်စွဲခဲ့သည်။

မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးကို အကြောင်းပြပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းသာဖြစ်ကာ လူငယ်များကို မူးယစ်ဆေးဖြင့် မြှူဆွယ်ကာ အတင်းအဓမ္မ စစ်ပွဲထဲ ပါဝင်စေနေသည်ဟုလည်း စွပ်စွဲခဲ့သည်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်ဖြေရှင်းရန်နှင့် ပြည်ပစွက်ဖက်မှုများကို သတိထားရန် တိုက်တွန်းပြောဆိုခဲ့သည်။

မြ၀တီမြို့နယ်တွင် BGF စောချစ်သူ လက်ထောက်ဗိုလ်မောင်ဝင်း ကျားဖြန့်ရွာအသစ် တည်ဆောက်နေ

 

ဒီဇင် ၁၅

The Kaladan Post

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီး ကြက်ဥတောင်နားတွင် စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်း (ရွှေကုက္ကိုလ်တာဝန်ခံ) က ကျားဖြန့်ရွာအသစ်ကြီး တည်ဆောက်နေကြောင်း ဒေသခံ ကယ်ရီသမားများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုင်ငံတကာအာရုံစိုက်မှုနှင့် ဖြိုခွင်းမှုများကြောင့် သောင်ရင်းမြစ်ကမ်းဘေးက ကျားဖြန့်နေရာများကို လူသူအရောက်အပေါက်နည်းသော ဒေါနတောင်ခြေနှင့် တောင်ကြားဒေသများသို့ BGF တပ်များက ပြောင်းရွှေ့တည်ဆောက်နေခြင်းဖြစ်သည်။

ကရင်စစ်ရေးသတင်းရင်းမြစ်က “ကျားဖြန့်အမြစ်ပြတ်တာ မဟုတ်ဘဲ နေရာရွှေ့နေတာပဲ။ အခု ဒေါနတောင်ခြေမှာ ကျားဖြန့်နေရာသစ် အနည်းဆုံး ၁၀ ခုထက်မနည်း ဆောက်နေပြီး အကုန် BGF တွေက ဆောက်နေတာ” ဟု ပြောဆိုသည်။ အဆိုပါနေရာသစ်များတွင် တရုတ်ကျားဖြန့်သူဌေးများကို ပြန်လည်နေရာချထားပေးနေပြီး စစ်တပ်နှင့် နယ်မြေခံတပ်များကလည်း အကျိုးအမြတ်ရယူကာ ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

မင်းကွန်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ထိခိုက်သေဆုံးများပြီး ခဲယမ်းများ သိမ်းဆည်းရရ

 

ဒီဇင် ၁၅

The Kaladan Post

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ဒီဇင်ဘာ ၁၀ ရက်က စစ်ကိုင်းမြို့နယ်၊ ချောင်းမကြီးရွာ မြောက်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကြောင်းမှာ အထိနာပြီး မင်းကွန်းမြို့သို့ ပြန်ဆုတ်ခွာသွားကာ နောက်ပိုင်းတွင် အိုင့်ဒိုင်ရွာနှင့် မယ်ဇလီချောင်းဘက်သို့ အင်အားတိုးကာ ဆက်ထွက်ခဲ့သည်။

ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ (UGF) တာဝန်ခံက “စစ်သားသေဆုံးစာရင်း အတိအကျမသိရသေးဘူး။ သူတို့ အလောင်းတွေကို သယ်ပြီး ထွက်ပြေးသွားကြတယ်” ဟု ပြောဆိုသည်။ တိုက်ပွဲတွင် G3 ကျည် ၈၀၀ ကျော်၊ 5.56 ကျည် ၇၀၀ ကျော်၊ ၆၀ မမ ဗုံးကြဲ ၅ လုံး၊ RPG ၃ လုံး၊ ပို့ယမ်း ၃ တောင့်၊ အီနာဂါဗုံး ၁ လုံး၊ MA ကျည်ဘောက် ၃ ခုနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ဤတိုက်ခိုက်မှုကို UGF နှင့် People Servant Force၊ ရတနာပုံတပ်ဦး၊ No More Dictatorship PDF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်။

ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့လို့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦးထက်မနည်း သေဆုံး

 

ဒီဇင် ၁၅

The Kaladan Post

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့မှုကြောင့် အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၉ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၅ ဒီဇင်ဘာ ၁၃ ရက်အထိ ခြောက်လတာ သုတေသနစိစစ်ချက်အရ သေဆုံးသူများတွင် အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၁၅ ဦးနှင့် LGBT ၁ ဦး ပါဝင်ပြီး အသက် ၁၈ နှစ်မှ ၈၀ နှစ်အထိ ရှိကြောင်း ဖော်ပြထားသည်။

သေဆုံးရသည့် အဓိကအကြောင်းမှာ နာတာရှည်ရောဂါများ (နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စသည်) ကို စနစ်တကျ ကုသခွင့်မရခြင်း ဖြစ်ပြီး ၃၈ ဒသမ ၁၃ ရာခိုင်နှုန်း ရှိကာ ရောဂါအတည်ပြုမရဘဲ သေဆုံးသူ ၅၁ ဦး အများဆုံးဖြစ်သည်။ MPW က ထောင်အာဏာပိုင်များ၏ ဆေးဝါးပေးမသောက်ခြင်း၊ အာဟာရမလုံလောက်ခြင်း၊ ဆရာဝန်နှင့် ဆေးရုံကင်းမဲ့ခြင်း၊ အရေးပေါ်လူနာများကို ပြင်ပဆေးရုံပို့ဆောင်ရာတွင် ကြန့်ကြာခြင်းတို့ကြောင့် မသေသင့်ဘဲ သေဆုံးနေရကြောင်း ထောက်ပြပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် စစ်ကောင်စီအပေါ် ထိရောက်စွာ ဖိအားပေးကြရန် တိုက်တွန်းထားသည်။

ယင်းမာပင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အတုရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

 

ဒီဇင် ၁၅

The Kaladan Post

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဒီဇင်ဘာ ၁၄ ရက်က ရွှေရေကြည် သပိတ်စစ်ကြောင်းက အောင်လံလွှင့်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် ပြည်သူများ၏ ဒီမိုကရေစီလိုလားမှုနှင့် တရားမျှတမှုကို ရှာဖွေလိုသည့် စိတ်ဆန္ဒကို ထင်ရှားစွာ ပြသခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို တောင်းဆိုခဲ့ကြောင်း သိရသည်။

တိုက်ပွဲမရှိဘဲ စစ်တပ်လေကြောင်းရန် မကွေးနှင့် စစ်ကိုင်းတိုင်း ကျေးရွာများ ဗုံးကြဲ

 

ဒီဇင် ၁၅

The Kaladan Post

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ သပြေညိုနှင့် လယ်အိုရေနံမှော်ကျေးရွာများကို ဒီဇင်ဘာ ၁၄ ရက် နံနက်နှင့် ညနေပိုင်းတွင် မုံရွာအခြေစိုက် ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ခန့်မှန်း ၂ လုံး ပျက်စီးခဲ့ပြီး ပြည်သူထိခိုက်မှု မရှိခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ညောင်ပင်ကန်ကျေးရွာအရှေ့ဘက် လယ်ကွင်းထဲကို ယင်းနေ့ နံနက် ၆ နာရီ ၄၆ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် တိုက်ပွဲမရှိဘဲ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသပြည်သူများက ဆိုသည်။