ပြည်ပရောက်မြန်မာများ စစ်တပ်အတုအယောင်ရွေးကောက်ပွဲ ကြိုတင်မဲပေးမှု အလွန်နည်း

 

ဒီဇင် ၂၃

The Kaladan Post

စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရသည်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားများ သန်းပေါင်းများစွာ ရှိနေသော်လည်း စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးသူ စုစုပေါင်း ၅၀၀၀ ကျော်ဝန်းကျင်သာ ရှိကြောင်း တွေ့ရသည်။ ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် သံရုံး၊ ကောင်စစ်ဝန်ရုံးများနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများ စုစုပေါင်း ၅၀ ရုံးတွင် ကောက်ခံခဲ့ရာတွင် ယင်းအရေအတွက်သာ ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကြိုတင်မဲများကို ဒီဇင်ဘာ ၁၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကော်မရှင်ထံ လွှဲပြောင်းပေးခဲ့သော်လည်း တရားဝင် အရေအတွက်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ကော်မရှင်သတင်းရင်းမြစ်က “သံရုံးဝန်ထမ်းများ၊ စစ်သံမှူးရုံးဝန်ထမ်းများနှင့် ကောင်စစ်ဝန်ရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၏ မဲများ အများဆုံးပါဝင်ပြီး ပြည်ပရောက် အရပ်သားနိုင်ငံသားများ မဲပေးမှု နည်းပါးသည်” ဟု ရှင်းပြခဲ့သည်။ ဥပမာ ထိုင်းနိုင်ငံ ဘန်ကောက်သံရုံးတွင် ကြိုတင်မဲပေးသူ ၃၀၀ ကျော်ဝန်းကျင်သာ ရှိခဲ့သည်ဟု ဆိုသည်။ ယင်းအချက်က ပြည်ပရောက် မြန်မာအများစု စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း ထင်ရှားစေနေသည်။

စစ်တပ်ရွေးကောက်ပွဲက အကြမ်းဖက်မှု ပိုဆိုးစေနိုင်၊ တရားမျှတမှု လုံးဝမတွေ့ဟု ဗြိတိန် သတိပေး

 

ဒီဇင် ၂၃

The Kaladan Post

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ မတိုင်မီ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီယူကီက မြန်မာစစ်တပ်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲ သည် နိုင်ငံတွင်း အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးလိုက်သည်။ ယင်းရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိသည့် အရိပ်အယောင် လုံးဝမတွေ့ရှိ ရကြောင်း၊ လက်ရှိအခြေအနေအောက်တွင် ရွေးကောက်ပွဲကျင်းပခြင်းက အကြမ်းဖက်မှုများကို လှုံ့ဆော်ပေးသလို ဖြစ်စေနိုင်ပြီး ရေရှည်ဖြေရှင်းမှုကို ပိုဝေးကွာသွားစေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ စစ်တပ်အနေဖြင့် အရပ်သားများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့မှုကြောင့် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို ဗြိတိန်က ပြင်းထန်စွာ ရှုတ်ချကြောင်း သံအမတ်ကြီးက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အခြေအနေမှာ ကပ်ဘေးဆိုက်နေဆဲဖြစ်ပြီး ၂၀၂၆ တွင် လူပေါင်း ၁၆ သန်းကျော် အသက်ကယ်အကူအညီ လိုအပ်မည်ဖြစ်ကြောင်း၊ ဗြိတိန်အနေဖြင့် ယခုဘဏ္ဍာနှစ် တွင် ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့ထားသော်လည်း အကူအညီများ ပေးခွင့်ရမှသာ အကျိုးသက်ရောက်မှု ရှိနိုင်မည်ဟု ၎င်းက ဆိုသည်။ ဗြိတိန်သည် အာဆီယံ၏ အခန်းကဏ္ဍကို ထောက်ခံပြီး မြန်မာပြည်သူများ၏ ငြိမ်းချမ်းသော ဒီမိုကရေစီအနာဂတ်အတွက် အခိုင်အမာ ရပ်တည်နေကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှ အောက်ခြေဝန်ထမ်းထိ ကြံ့ဖွတ်ပါတီကိုသာ ကြိုတင်မဲပေးရန် စစ်တပ်အတွင်း လျှို့ဝှက် အမိန့်ထုတ်

 

ဒီဇင် ၂၃

The Kaladan Post

အကြမ်းဖက်စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်များမှစ၍ အောက်ခြေ ရပ်/ကျေးအဆင့် Non-CDM ဝန်ထမ်းများအထိ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးရန် လျှို့ဝှက်အမိန့်ထုတ်ပြန်စေခိုင်း ထား ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၈ ရက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း ၁ အတွက် စစ်ဗိုလ်ချုပ်များ၊ ဝန်ကြီးဌာနများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ထမ်းဆောင်ရမည့်သူများကို ဒီဇင်ဘာ ၁၀ ရက်မှ ၂၇ ရက်အထိ ကြိုတင်မဲပေးခိုင်းထားပြီး အပိုင်း ၂ အတွက်မှာ ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ ပေးရမည်ဖြစ်သည်။ မအားလပ်သူများနှင့် နေမကောင်းသူများကိုမူ သတ်မှတ်ရက် များတွင် ကြိုတင်မဲပေးစေမည်ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက “ဝန်ထမ်းအားလုံးနီးပါး ကြိုတင်မဲပေးခိုင်း ခံရပြီး တပ်မတော်နှင့် အဆင်ပြေသူကိုသာ မဲပေးရမည်ဟု ဆိုသဖြင့် ကြံ့ခိုင်ရေးပါတီကိုသာ ပေးရသည်” ဟု ရှင်းပြသည်။ ဝန်ကြီးဌာနများတွင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ မှာကြားချက်အရ တပ်မတော်နှင့်အဆင်ပြေသူ၊ ဒို့တာဝန်အရေးသုံးပါး လိုက်နာသူကိုသာ မဲပေးရန် လမ်းညွှန်ချက် စာရွက်များကို ဖြန့်ဝေနေခြင်းလည်း ဖြစ်ကြောင်း သိရှိရသည်။

တောင်သာမြို့နယ် ရုံးစည်ကြီးရွာ စစ်စခန်း တိုက်ခိုက်ခံရ၊ စစ်သား ၆ ဦးသေဆုံး

 

ဒီဇင် ၂၃

The Kaladan Post

မန္တလေးတိုင်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဒုတပ်ရင်းမှူး ကိုမင်းသားကြီး ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်း ၃ ကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်သုံ့ဆောင်ပစ္စည်းအချို့နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲကြာမြင့်လာသဖြင့် ခဲယမ်းလုံလောက်မှု မရှိတော့သည့်အတွက် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၁ စီးနှင့် စက်တပ်လေထီး ၄ စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။ အဆိုပါတိုက်ခိုက်မှုကို အမှတ် ၃ တပ်ရင်း လက်ရုန်း Drone တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကောလင်းမြို့နယ် နတ်အင်းရွာ စာသင်ကျောင်း ဗုံးကြဲခံရ၊ စစ်ဘေးရှောင် ၆ ဦး ဒဏ်ရာရ

 

ဒီဇင် ၂၃

The Kaladan Post

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ နတ်အင်းကျေးရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထုတ်ပြန်ချက်နှင့် ဒေသခံများက အတည်ပြုသည်။ ထိခိုက်ဒဏ်ရာရရှိသူများမှာ ဦးမြင့်ဝင်း၊ ဒေါ်အေး၊ ဦးကျော်ပိုင်ဦး၊ ဦးအောင်မျိုးသူ၊ ဦးစိုးသူအောင်နှင့် ဒေါ်နှင်းမိုးအေး တို့ဖြစ်ပြီး နွား ၁ ကောင် သေဆုံးခဲ့သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဒီဇင်ဘာ ၂၁ ရက်တွင်လည်း မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့နယ် အရှေ့ခြမ်းကျေးရွာများကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသဖြင့် စစ်ဘေးရှောင်များ ပို၍ ဒုက္ခရောက်နေရသည်။

ရွှေရေကြည်သပိတ်စစ်ကြောင်း ယင်းမာပင်တွင် အတုရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

 

ဒီဇင် ၂၃

The Kaladan Post

ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်းက အောင်လံလွှင့်ကာ ညနေချိန် သပိတ်မှောက်ချလှုပ်ရှားမှုဖြင့် အကြမ်းဖက်စစ်တပ်ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ယင်းလှုပ်ရှားမှုမှာ စစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်ကို လက်မခံကြောင်း ပြသရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများက တက်ကြွစွာ ပါဝင်ခဲ့ကြသည်။

မြစ်ဆုံစီမံကိန်း ပြန်စရန် မင်းအောင်လှိုင်က တရုတ်ကို ကမ်းလှမ်းခဲ့

 

ဒီဇင် ၂၃

The Kaladan Post

ပြည်သူများ၏ ပြင်းထန်ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့ရသော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံဘက်သို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် စတင်ကမ်းလှမ်းခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းက တရုတ်သမ္မတ ရှီကျင့်ပင်နှင့် သီးသန့်တွေ့ဆုံခွင့်ရရန်နှင့် အာဏာသိမ်းမှုအပေါ် တရုတ်၏ ထောက်ခံမှုရရှိရေး ရည်ရွယ်၍ ယင်းကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဘက်က ရွေးကောက်ပွဲပြီးမှ အပြီးသတ်ဆွေးနွေးရန် စောင့်ဆိုင်းနေကြောင်း သိရသည်။

ယခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး တရုတ်ကုမ္ပဏီ SPICYN နှင့် ပူးပေါင်း၍ သုတေသန၊ နည်းပညာ၊ ပြည်သူ့ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဒီဇင်ဘာလအတွင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက CFRD တမံအမျိုးအစားဖြင့် တပ်ဆင်အင်အား ၅၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သလို စီမံကိန်းကန့်ကွက်သူများကို အရေးယူမည့် အမိန့်လည်း ထုတ်ပြန်ထားသည်။

မင်္ဂလာတောင်ညွန့် ပြည်သူ့ပါတီရုံး ဗုံးပေါက်ကွဲခံရ

 

ဒီဇင် ၂၃

The Kaladan Post

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးချုပ်တွင် ဒီဇင်ဘာ ၂၁ ရက် ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက အတည်ပြုသည်။ ပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှိ၊ မရှိကို အတိအကျ မသိရသေးကြောင်း၊ ပေါက်ကွဲသံ ကျယ်လောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ (SRDF)၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းနှင့် Unknown YGN UG တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ကူညီသူများကို အာဏာရှင်ဒေါက်တိုင်များအဖြစ် သတ်မှတ်ကာ အဆင့်မြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအား ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။

စစ်တပ်နှင့် ညှိနှိုင်းရန် အလုပ်မဖြစ်တော့၊ ကိုယ့်ရေမြေ ကိုယ်ကာကွယ်ကြရန် တိုက်တွန်း

 

ဒီဇင် ၂၃

The Kaladan Post

အာဏာရှင်စစ်တပ်နှင့် တွေ့ဆုံညှိနှိုင်းခြင်းမှ နိုင်ငံရေးအဖြေရှာရန် အလုပ်မဖြစ်တော့သဖြင့် ကိုယ့်ရေမြေ၊ ကိုယ့်သဘာဝပတ်ဝန်းကျင်ကို ကိုယ်တိုင်ကာကွယ်ထိန်းသိမ်းကြရန် သံလွင်ငြိမ်းချမ်း ရေးဥယျာဉ်အဖွဲ့က ဆဋ္ဌမအကြိမ် အထွေထွေညီလာခံမှ တရားဝင်တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကရင်ပြည်နယ်အတွင်း ကျင်းပခဲ့သည့် ယင်းညီလာခံက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် အတုအယောင်ရွေးကောက်ပွဲ တစ်ဖက် သတ်တွန်းအားပေးမှုများကို ထောက်ပြပြီး ညှိနှိုင်းလမ်းကြောင်းမှ အဖြေမထွက်တော့ကြောင်း အသိပေးထားသည်။

“နေပြည်တော်တွင် အခွင့်အရေးတောင်းဆိုခြင်းထက် ဘိုးဘွားနယ်မြေပေါ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် ကို လက်တွေ့ကျင့်သုံးခြင်းပင် ဖြစ်သည်” ဟု အဖွဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ စောဖေါလ်စိန် ထွားက ပြောဆိုခဲ့သည်။ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ကရင်လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ် ရေး၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်ကာ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တိုက်ပွဲကို တိုက်ရိုက်အကျိုးပြုလျက်ရှိကြောင်း သိရသည်။

မင်းအောင်လှိုင် ရေတပ်နှစ်ပတ်လည်ပွဲ တက်မည်၊ ဧရာဝတီဌာနချုပ်တွင် လုံခြုံရေး အထူးတင်းကျပ်

 

ဒီဇင် ၂၃

The Kaladan Post

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်၊ သန်လျင်စွန်း ဧရာဝတီရေတပ်စခန်းဌာနချုပ်တွင် ဒီဇင်ဘာ ၂၄ ရက်ကျင်းပမည့် ရေတပ်နှစ်ပတ်လည်ပွဲသို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တက်ရောက်မည်ဖြစ်သဖြင့် လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း ရေတပ်သတင်း ရင်းမြစ်က အတည်ပြုသည်။ ပွဲအတွက် လမ်းဘေးဈေးသည်များနှင့် ကမ်းနားညအိပ်သူများကို ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရန်ကုန်မြို့တွင်းနှင့် ရန်ကုန်မြစ်အတွင်း ကင်းပုန်းများ ချထားကြောင်း သိရသည်။

အခမ်းအနားတွင် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်ဖြစ်ပြီး မင်းအောင်လှိုင်က ရတနာပုံသင်္ဘောစီးကာ ရန်ကုန်မြစ်အတွင်း လှည့်လည်ကြည့်ရှုမည်ဟု ဆိုသည်။ ယခင်နှစ်များက သန်လျင်ဆိပ်ကမ်းမှ ရတနာပုံသင်္ဘောဖြင့် လာရောက်ခဲ့ဖူးသော်လည်း ယခုနှစ်တွင် သင်္ဘောတပ်တော်ဝင်အစီအစဉ် မပါဝင်တော့ကြောင်း ရင်းမြစ်က ရှင်းပြသည်။