စစ်ကိုင်းနှင့် မန္တလေးတွင် စစ်တပ်က လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး ငွေညှစ်

 

ဒီဇင် ၂၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က ဒီဇင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ ငါးရက်ဆက်တိုက် အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အတွင်း ချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများကို မိသားစုများနှင့် တွေ့ဆုံခွင့်ပင် မပေးဘဲ ရပ်ကွက်များနှင့် လမ်းဆုံများတွင် နေ့စဉ် လူငယ် ၂၅ ဦးခန့်ကို ပစ်မှတ်ထား ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက “စစ်တပ်က ရပ်ကွက်ထဲထိ ဝင်ရောက်ပြီး အလုပ်သွား အလုပ်ပြန် လူငယ်တွေကို အဓိက ပစ်မှတ်ထားဆွဲတယ်။ မိသားစုတွေ ပိုက်ဆံနဲ့ ရွေးရန်ကြိုးစားတောင် မရတော့ဘူး” ဟု ဆိုသည်။

အလားတူ မန္တလေးမြို့ပေါ်တွင်လည်း စစ်တပ်နှင့် ပျူစောထီးများက ဒီဇင်ဘာလ ၃ ရက် ဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ တင်းကျပ်လာကာ ဆိုင်ကယ်စီးနင်းသူများကို အကြောင်းမဲ့ ဖမ်းဆီး လက်ကိုင်ဖုန်း စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းခံနေကြောင်း သိရသည်။ အရပ်ဝတ် ပျူစောထီးများက ဦးဆောင်ဖမ်းဆီးပြီး ယူနီဖောင်း စစ်သားများက လုံခြုံရေး ယူပေးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ငွေမပေးနိုင်သူများကို လိုင်စင်သိမ်း၍ ငွေဖြင့် ပြန်ရွေးခိုင်းနေခြင်း ကြောင့် ပြည်သူများ နေ့စဉ် စိုးရိမ်ထိတ်လန့်နေရသည်။

ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ဆေးဝါးပိတ်ပင် ဖိနှိပ်မှု ဆိုးရွားလာ

 

ဒီဇင် ၂၄

The Kaladan Post

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက် မှုများ ဆိုးရွားစွာ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ထုတ်ဖော်ပြောဆိုသည်။ ထောင် အာဏာပိုင်များက ရှာဖွေရေးဟုဆိုကာ မိသားစုများပေးပို့သော ဆေးဝါးများနှင့် စာအုပ်များကို အတင်းသိမ်းဆည်းကာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိအောင် ပိတ်ပင်နေသဖြင့် အကျဉ်းသားများ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ကိုသိုက်ထွန်းဦးက “ထောင်ပိုင်အသစ်ရောက်တိုင်း နိုင်ငံရေးအကျဉ်းသားများကို ဦးတည်ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင် လာတာ တွေ့ရတယ်” ဟု ဆိုသည်။

ထို့အပြင် ထောင်တွင်း စျေးဘားမှ မတန်တဆဈေးဖြင့်ဝယ်ယူရသော ပစ္စည်းများနှင့် မိသားစုပေးပို့ သော စားစရာများကိုပါ သိမ်းဆည်းယူပြီး ကျန်းမာရေးမကောင်းသူများကို ဆေးဝါးမပေးဘဲ နှိပ်စက်နေကြောင်း သိရှိရသည်။ ကျန်းမာရေးစောင့်ရှောက်မှု တောင်းဆိုသူများကို ရိုက်နှက်ကာ တိုက်ပိတ်ခြင်းများရှိနေသဖြင့် ဒိုက်ဦးထောင်သည် အာဏာသိမ်းပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလာသည့် ထောင်တစ်ခုဖြစ်လာကြောင်း PPNM က သတိပေးထားသည်။ ဤဖိနှိပ်မှုများ က နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်ကို ပြင်းထန်စွာ ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

ကရင်နီတပ်ဖွဲ့များ စုပေါင်း၍ စစ်တပ်အတုရွေးကောက်ပွဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်

 

ဒီဇင် ၂၄

The Kaladan Post

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး (ကလလတ)၊ ရှမ်း-ကယားစစ်တိုင်း တပ်ရင်း (၁၁၀၉)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ကယန်းအမျိုးသားတပ်မတော် (KNA) တို့က ပါဝင်ခဲ့ပြီး တပ်ရင်းတာဝန်ရှိသူများက ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ပြောကြားကာ ကြွေးကြော်သံများ ဟစ်ကြွေးခဲ့သည်။

ပြည်သူများကိုလည်း ရရာနည်းဖြင့် အတုရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားပြီး ရွေးကောက်ပွဲနှင့် ပတ်သက်သူများကို လူထုသစ္စာဖောက်များအဖြစ် သတ်မှတ်ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၆၂၆ တပ်ရင်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ဤလှုပ်ရှားမှုသည် ကရင်နီပြည်ရှိ တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ပြသချက်တစ်ရပ်ဖြစ် လာသည်။

လှည်းကူးတွင် ပျူစောထီးများ လူစုနေချိန် မိုင်းဆွဲတိုက်ခိုက် ထိခိုက်မှုရှိ

 

ဒီဇင် ၂၄

The Kaladan Post

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၂၃ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် စုဝေးနေချိန် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရပ်ကွက်ရုံးလည်း ပျက်စီးခဲ့ကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ရပ်ကွက်ရုံးသည် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲရုံအဖြစ် သတ်မှတ်ထားသည့်နေရာဖြစ်သဖြင့် ပျူစောထီးများ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးရန် စုဝေးနေချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Yangon Army အဖွဲ့က စစ်ကောင်စီနှင့်ပတ်သက်သော ပစ်မှတ်များနှင့် တရားမဲ့ရွေးကောက်ပွဲတွင် ပါဝင်သူများကို ဆက်လက် အပြင်းအထန် တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

ခရစ္စမတ်ပွဲတွင် မင်းအောင်လှိုင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဟန်ဆောင်မဲဆွယ်

 

ဒီဇင် ၂၄

The Kaladan Post

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကက်သီဒရယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး တွင် ဒီဇင်ဘာလ ၂၃ ရက်က ကျင်းပသည့် ခရစ္စမတ်အခမ်းအနားသို့ မင်းအောင်လှိုင် တက်ရောက်ကာ ဘာသာတရားအပေါ်အခြေခံသော ငြိမ်းချမ်းရေးကို ကိုးကွယ်ကာ ပါတီစုံဒီမို ကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာ လျှောက်လှမ်းရန် ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ ကို ကိုးကားကာ ဘာသာရေးလွတ်လပ်ခွင့်ရှိကြောင်း၊ တိုင်းရင်းသားများ ယှဉ်တွဲ နေထိုင်ခဲ့ကြောင်း၊ အပြန်အလှန်လေးစားမှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိရန်နှင့် သွေးထိုး နှောင့်ယှက်မှုများကို ပူးပေါင်းကာကွယ်ရန် တိုက်တွန်းခဲ့သည်။

မင်းအောင်လှိုင်သည် မဘသအဖွဲ့နှင့် ဘာသာရေးအစွန်းရောက်များကို ထောက်ပံ့ကာ NLD အစိုးရလက်ထက် ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုများဖြင့် အစိုးရဖြုတ်ချရန် ကြိုးကိုင်ခဲ့သူ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြထားသည်။ ခရစ္စမတ်ပွဲကဲ့သို့ ဘာသာရေး အခမ်းအနားများတွင်ပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဟန်ဆောင်ပြောဆိုမှုများသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ပြည်သူများက မြင်နေကြသည်။

ယင်းမာပင်တွင် ရာသီခွင်အလုပ်မအားမှ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

 

ဒီဇင် ၂၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရာသီခွင်လုပ်ငန်းများ အလုပ်မအားသည့်ကြားမှ အောင်လံလွှင်မည်ရွှေရေကြည် သပိတ်စစ်ကြောင်းက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ပြည်သူများ၏ နေ့စဉ်ဘဝအလုပ်ကို မထိခိုက်စေဘဲ တိတ်ဆိတ်စွာ စုစည်းကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဤဆန္ဒပြပွဲသည် စစ်အာဏာရှင်ကို လက်နက်မပါဘဲ ပြည်သူ့စွမ်းအားဖြင့် ဆက်လက်တွန်းလှန် နေကြောင်း ထင်ရှားစွာ ပြသချက်တစ်ရပ်ဖြစ်ပြီး ရာသီခွင်အလုပ်များ အချိန်အခါမရွေး စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ယင်းမာပင်ပြည်သူများ၏ မယိမ်းယိုင်သော စိတ်ဓာတ်ကို ထင်ဟပ်နေသည်။

အောင်လံ-ပေါက်ခေါင်းတွင် စစ်ဂိတ်၊ ကင်းပုန်း၊ ရဲစခန်းများ တိုက်ခိုက်ခံရ စစ်သား ၈ ဦး သေ

 

ဒီဇင် ၂၄

The Kaladan Post

မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်တပ်တပ်စွဲထားသည့် ဂိတ်စခန်း၊ ကင်းပုန်း၊ လောင်းကစားဝိုင်းနှင့် ရဲစခန်းများကို ပြည်ခရိုင် တပ်ရင်း (၂) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလအစပိုင်းအထိ ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၉ ရက် နံနက်က အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ရှိ နတ်မောက်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးပြီး စခန်းမျှော်စင်နှင့် ကင်းတဲများ မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က အတည်ပြုပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၃၀ နှင့် ဒီဇင်ဘာလ ၁ ရက်များတွင် အောင်လံမြို့နယ်အတွင်း ကင်းပုန်းနှင့် ပျူစောထီးများ ကင်းစောင့်ထားသော လောင်းကစားဝိုင်းများကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၂၀ ရက်တွင် မင်းအောင်လှိုင် ပြည်မြို့ရောက်နေချိန် ပေါက်ခေါင်းမြို့မရဲစခန်းရှေ့ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုများတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပြီး တရားမဲ့ရွေးကောက်ပွဲနှင့် စစ်တပ်ဆက်စပ်နေရာများသို့ ပြည်သူများ မပါဝင်ကြရန် ရဲဘော် Red Star က အသိပေးတိုက်တွန်းထားသည်။

ရေဖြူညင်းထွေးရွာတွင် စစ်တပ်လက်နက်ကြီးထိမှန် အသက်၃လကလေးငယ်အပါအဝင် ပြည်သူ ၂ဦးသေ

 

ဒီဇင် ၂၄

The Kaladan Post

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ညင်းထွေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်အင်အား ၅၀ ဝန်းကျင် တပ်စွဲထားသည့်အဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ်ဘက်က ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၃ လအရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်ဘက်တွင်လည်း ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုရသေး ကြောင်း သိရသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးရသည့် ဖြစ်ရပ်သည် စစ်တပ်၏ ရက်စက်မှုကို ထင်ရှားစွာ ပြသနေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပေါက်မြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၁၂ ဦးသေ၊ ၁ ဦးအလင်းဝင်

 

ဒီဇင် ၂၄

The Kaladan Post

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို People’s Democratic Army (PDA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲများအတွင်း ပျူစောထီးတစ်ဦး MA-4 သေနတ်နှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။

ပူးပေါင်းတပ်ဖွဲ့များတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် (MGY-PDF)၊ Phoenix Guerrilla Force နှင့် ဒေသခံ ပကဖများ ပါဝင်ခဲ့ပြီး တော်လှန်ရေးဘက်မှ ရဲဘော် ၂ ဦး ကျဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်။ စစ်ကြောင်း မထွက်ခွာသေးသဖြင့် ဒေသခံများ သတိထားရန်နှင့် ရန်သူကို အစွမ်းကုန် ဆက်လက်တိုက်ထုတ် သွားမည်ဟု PDA တာဝန်ရှိသူက ပြောသည်။

ဝက်လက်ငါးပတ်ချောင်းရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ပြည်သူ ၃ ဦးသေ၊ သေဆုံးဦးရေ ထပ်တိုးနိုင်

 

ဒီဇင် ၂၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို ဒီဇင်ဘာလ ၂၃ ရက် ညနေ ၄ နာရီ ၂၁ မိနစ်ခန့်က စစ်တပ်၏ ဂျက်ဖိုက်တာ လေယာဉ်က ပေါင် ၂၀၀ ဗုံး ၄ လုံးဖြင့် ၃ ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုကြောင့် အသက် ၈၀ နှစ်အရွယ် ဒေါ်သန်းမြ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးနှင့် ကား ၃ စီး မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ များပြားနေသဖြင့် သေဆုံးဦးရေ ထပ်တိုးနိုင်ကြောင်း၊ ဗုံးကြဲမှုမတိုင်မီ ဒရုန်းဖြင့် ကင်းထောက်ပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၂ ရက်မှ ၁၉ ရက်အထိ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် သံဃာတော် ၁ ပါး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဒူဝါလရှီးလ စစ်ကိုင်းကြားကာလအစိုးရကို NUG သင်ခန်းစာများဖြင့် အုပ်ချုပ်ရေးပိုကောင်းအောင် လုပ်ဆောင်ရန် တိုက်တွန်း

 

ဒီဇင် ၂၄

The Kaladan Post

ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် ကြားကာလအစိုးရအဖွဲ့ဝင်များ အတည်ပြုခန့်အပ်ခဲ့ပြီးနောက် NUG ယာယီသမ္မတ ဒူဝါလရှီးလက NUG ၏ အောင်မြင်မှုနှင့် ကျရှုံးမှုများကို သင်ခန်းစာယူကာ စစ်ကိုင်းဒေသတွင် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကို တိုက်တွန်းခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် စစ်ကိုင်းကြားကာလအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်ဆီသို့ အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်သည် ဧရိယာ စတုရန်းမိုင် ၃၆,၀၀၀ ကျော်ကျယ်ဝန်းပြီး စစ်အာဏာရှင်များ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများနှင့် ကျေးရွာများ မီးရှို့ဖျက်ဆီးမှုများကို ခံစားနေရဆဲ ဒေသဖြစ်သော်လည်း အလံမလဲခံယူချက်ဖြင့် တိုက်ပွဲဝင်နေသည်ဟု သိရသည်။ ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်စနစ်သည် အာဏာကို အလွှာအလိုက် ခွဲဝေကျင့်သုံးရသည့် စနစ်ဖြစ်ကြောင်း၊ NUG နှင့် စစ်ကိုင်းကြားကာလအစိုးရ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။