ညီညွတ်မှုနဲ့သာ ဖက်ဒရယ်ပြည်ထောင်စု အောင်မြင်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် တိုက်တွန်း
ဒီဇင် ၃၁
The Kaladan Post
KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများ စည်းစည်းညီညီရှိရန် အလေးပေး တိုက်တွန်းလိုက်သည်။ ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် မတရားမှုကို တွန်းလှန်ရာတွင် အမှန်တရားပေါ်အခြေပြု၍ စုစည်းထားသည့် ခွန်အားသာလျင် စစ်မှန်သော အင်အားဖြစ်ကြောင်း၊ ထိုညီညွတ်မှုဖြင့်သာ တကယ့်စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု သတိပေးပြောဆိုခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အရေးသစ်တစ်ရပ်ဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား နားလည်မှုနှင့် ညီညွတ်မှု အထူးလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အင်အားစုစည်းရေးတွင် အခက်အခဲများရှိသော်လည်း ချောင်းငယ်များ ပေါင်းစည်းမှ ဧရာဝတီမြစ်ကြီးဖြစ်လာသည့်နည်း တူ ညီညွတ်မှုသာလျင် နိုင်ငံတစ်ဝန်း အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့အချင်းချင်း အထက်အောက်အတွေးများကို စွန့်လွှတ်ကာ တူညီသောပန်းတိုင်ဆီသို့ မဆုတ်မနစ် ချီတက်ကြရန် တိုက်တွန်းခဲ့သည်။

စစ်တပ် ဗုံးကြဲတိုက်ခိုက်၍ ကလေးမိခင်တစ်ဦးသေဆုံး၊ ချောင်းဦးတွင် ဘုန်းကြီးကျောင်းမီးရှို့၊ တန်ဖိုးကြီးပစ္စည်းများ လုယက်ခံရ
ဒီဇင် ၃၁
The Kaladan Post
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးမိခင်တစ်ဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်တပ်သည် အင်အား ၇၀၀ ခန့်ဖြင့် မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာတွင်မူ စစ်တပ်က ဒီဇင်ဘာလ ၁ ရက်နေ့မှ တစ်လနီးပါးကြာ တပ်စွဲပြီးနောက် ဒီဇင်ဘာလ ၂၇ ရက်တွင် ထွက်ခွာစဉ် ကျောင်းထိုင်ဆရာတော်ကို ပစ်သတ်ကာ ဘုန်းကြီးကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ကြေးဆင်းတုတော်များ၊ ရှေးဟောင်းဆပ်ချို၊ သမင်ချို၊ ဆက်တီလ်ခုံများအပါအဝင် တန်ဖိုးကြီးပစ္စည်းများကို လုယက်သယ်ဆောင်သွားခဲ့ပြီး ရွာအရှေ့အနောက်နှစ်ဖက်လုံး ပျက်စီးယိုယွင်းနေကြောင်း ဒေသပြည်သူများက ဆိုသည်။

စကခ ၁၉ မှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၂ ဦး အရှင်ဖမ်းမိ
ဒီဇင် ၃၁
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် စကခ ၁၉ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် ၂ ဦးကို တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့တွင် လက်နက်မပါဘဲ အရှင်ဖမ်းမိခဲ့ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။ ဖမ်းဆီးရမိသူများမှာ အသက် ၂၃ နှစ်အရွယ် မောင်အောင်သက်ဦး (သထုံမြို့နေ) နှင့် အသက် ၂၂ နှစ်အရွယ် မောင်ကျော်မင်းစိုး (သထုံမြို့နယ်၊ ရွာကြားရွာ) တို့ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၁၆ သင်တန်းဆင်းများဖြစ်ကာ အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် တပ်သားသစ်များ ဖြစ်လာရသူများဖြစ်သည်။
တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဆိုပါ တပ်သားသစ် ၂ ဦးကို လူသားချင်းစာနာထောက်ထားမှုနှင့်အညီ ဆက်လက်ထိန်းသိမ်းထားပြီး “စစ်ခွေးတွေနဲ့ ပစတွေအနေနဲ့ အခုချိန်ထိ ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ အချိန်မှီပါသေးတယ်” ဟု တိုက်တွန်းထားကြောင်း သိရသည်။

စစ်သားများ အကြောင်းမဲ့ပစ်ခတ် နှိပ်စက်သတ်ဖြတ်၍ အရပ်သား ကိုမောင်ကြီး သေဆုံး
ဒီဇင် ၃၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြို့လှရွာထိပ်ရှိ စစ်တပ်ဂိတ်မှ စစ်သားများက ဒေသခံ အသက် ၄၃ နှစ်အရွယ် ကိုမောင်ကြီးကို ဒီဇင်ဘာလ ၂၈ ရက်ညပိုင်းတွင် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာရရှိပြီးနောက် သေနတ်ဒင်ဖြင့် ရိုက်နှက်နှိပ်စက်ကာ သွေးထွက်လွန်ပြီး သေဆုံးစေခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုမပေးဘဲ တစ်ညလုံး ထားခဲ့သဖြင့် မနက်တွင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ရင်ဘတ်ကို ကျည်ဖောက်ဝင်သွားကာ မျက်နှာနှင့် ခေါင်းတွင် သေနတ်ဒင်ရိုက်ဒဏ်ရာများ တွေ့ရှိရသည်။
စစ်သားများက သေဆုံးသူ၏ အလောင်းကို ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့သော်လည်း မိသားစုဝင်များက အလောင်းရှာဖွေတွေ့ရှိခဲ့ရကြောင်း၊ အလောင်းတွေ့ခွင့်ပေးရာတွင်ပင် အချိန်ဆွဲခဲ့ကြောင်း ဒေသခံများက ဆိုသည်။ ကိုမောင်ကြီးမှာ ကလေးမြို့ အောင်ဇေယျရပ်ကွက်နေ အရပ်သားတစ်ဦးဖြစ်ပြီး ဘာအပြစ်မှမရှိဘဲ အကြမ်းဖက်စစ်သားများ၏ နှိပ်စက်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ဘုတလင်မြို့ပေါ် စစ်တပ်တပ်စွဲရာ ဝင်တိုက်၍ စစ်သား ၁၀ ဦးသေဆုံး၊ တနင်္သာရီတွင်လည်း ၂ ဦးကျဆုံး
ဒီဇင် ၃၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်တပ်တပ်စွဲရာ ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် အထကကျောင်းတို့ကို ဒီဇင်ဘာလ ၂၈ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၉ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်မှ ရဲဘော် ၃ ဦးကျဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်က Y-12 လေယာဉ်ဖြင့် ၈ ကြိမ်၊ စက်တပ်လေထီးဖြင့် ၉ ကြိမ်၊ အသေခံဒရုန်းဖြင့် ၆ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူရွာ ထုံကတဲလမ်းဆုံအနီးတွင် ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက မြိတ်ခရိုင်ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ရွှေရေကြည်သပိတ်စစ်ကြောင်း အတုရွေးကောက်ပွဲကို ညနေသပိတ်ဖြင့် ဆန့်ကျင်ဆန္ဒပြ
ဒီဇင် ၃၁
The Kaladan Post
ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်းက အောင်လံလွှင့်ကာ ဦးဆောင်ပြီး ညနေချိန်တွင် သပိတ်မှောက်အဖြစ် အကြမ်းဖက်စစ်တပ်ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းဆန္ဒပြပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်တည်တံ့စေရန် ရည်ရွယ်ထားသည့် အတုအပရွေးကောက်ပွဲကို လက်မခံကြောင်း ပြသသည့် ပြည်သူ့တွင်ကျယ်သော ဆန္ဒထုတ်ဖော်မှုတစ်ရပ်ဖြစ်ပြီး အောင်လံလွှင့်ထူကာ ချီတက်ဆန္ဒပြခြင်းဖြင့် ပြည်သူများ၏ စိတ်ဓာတ်ခွန်အားကို ထင်ရှားစွာ ပြသခဲ့သည်။

ရွှေကျင်တွင် ဖမ်းဆီးပြည်သူ ၄ ဦးကို ဓားဖြင့်လက်မွှန်း နှိပ်စက်၊ ပခုက္ကူတွင် ကျေးရွာ ၂ ရွာ မီးရှို့ဖျက်ဆီး
ဒီဇင် ၃၁
The Kaladan Post
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ရွာမကျေးရွာမှ ပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂၆ ရက်တွင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဦးမောင်စိန်နှင့် ကိုရဲထွေးတို့၏ လက်ကို ဓားဖြင့်မွှန်း၍ ရက်စက်စွာ နှိပ်စက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်က ယင်းရွာအတွင်း တိုက်ပွဲမရှိဘဲ ၈၁ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အသက် ၆၉ နှစ်အရွယ် ဦးအောင်ကြည် ဒဏ်ရာရရှိခဲ့သည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင်မူ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် သရက်ကန်ရွာနှင့် ညောင်ကွေ့သစ်ရွာကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ချောင်းကောင်းရွာ စစ်တပ်တပ်စွဲရာ ဝင်တိုက်၍ စစ်သား ၄ ဦးသေဆုံး၊ စစ်ကြောင်း ၂ ကြောင်း ထိုးလာ၍ စစ်ရေးတင်းမာ
ဒီဇင် ၃၁
The Kaladan Post
ပဲခူးတိုင်း၊ ပေါက်ခေါင်းနှင့် ပြည်မြို့နယ်အစပ် ချောင်းကောင်းရွာ အေးဘုရားအနီးတွင် လက်နက်ကြီးများ တပ်ဆင်ကာ တပ်စွဲထားသော စစ်သား ၅၀ ခန့်ကို ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံး၊ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း (၂) မှ ရဲဘော် Red Star က ပြောဆိုသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် အဆိုပါနေရာများကို ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများနှင့် ဒရုန်းများအသုံးပြု ပစ်ခတ်တိုက်ခိုက်နေသဖြင့် မြေပြင်စစ်ရေး ဆက်လက်တင်းမာနေကြောင်း သိရသည်။ ပြည်သူများအနေဖြင့် စစ်တပ်နှင့်ဆက်စပ်သော နေရာများသို့ သွားရောက်ခြင်းမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားသည်။

စလင်းတွင် ရိက္ခာခိုးယူနေသော စစ်သား ၂ ဦးကျဆုံး၊ ကျိုက်ထိုတွင် ထွေ/အုပ်ရုံး ဒရုန်းဖြင့်တိုက်ခိုက်
ဒီဇင် ၃၁
The Kaladan Post
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံစွယ်ရွာသို့ ရိက္ခာရှာဖွေခိုးယူရန် ဝင်ရောက်လာသော စစ်သားများကို ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၀ နာရီခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Rocket Fighter အဖွဲ့မှ ကိုလပြည့်က ပြောဆိုသည်။ စစ်သားများသည် ဆန်အိတ် ၃၀ ခန့်နှင့် ကြက် ၂၀၀ ကျော်ကို ခိုးယူနေစဉ် တိုက်ခိုက်ခံရပြီး ကန်ဘောင်အတိုင်း ထွက်ပြေးသွားခဲ့ရသဖြင့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့သည်။

စစ်တပ်ရွေးကောက်ပွဲ ရှီ-မင်းအောင်လှိုင် သဘောတူညီချက်အတိုင်း ပထမအဆင့်အောင်မြင်ဟု တရုတ် အတည်ပြု
ဒီဇင် ၃၁
The Kaladan Post
အကြမ်းဖက်စစ်တပ်ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲသည် မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်အကြား သဘောတူညီချက်အတိုင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်ကျင်းပခဲ့သည့် ပထမအဆင့် အပိုင်း ၁ မဲပေးခြင်းကို တရုတ်လေ့လာစောင့်ကြည့်ရေးအဖွဲ့က တိုက်ရိုက်ကြည့်ရှုခဲ့ရာ တည်ငြိမ်ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian က အတည်ပြုပြောဆိုသည်။
လာမည့် ဒုတိယနှင့် တတိယအဆင့်များလည်း အောင်မြင်စွာ ကျင်းပနိုင်ပါက မြန်မာနိုင်ငံ၏ အခြေအနေ တည်ငြိမ်လာစေရန်၊ တင်းမာမှုလျော့ကျစေရန်နှင့် နိုင်ငံရေးလမ်းကြောင်း မှန်ကန်ရေးအတွက် အထောက်အကူဖြစ်မည်ဟု တရုတ်ဘက်က ယုံကြည်ကြောင်း ဖော်ပြထားသည်။ ယခုနှစ်အတွင်း မင်းအောင်လှိုင်သည် ရှီကျင့်ပင်နှင့် မေလနှင့် ဩဂုတ်လတွင် ၂ ကြိမ်တွေ့ဆုံခဲ့သည်။
