ရေတာရှည်တွင် ဆက်ကြေးကောက်သည့် တပ်ကြပ်ကြီးကို အရှင်ဖမ်းမိ၊ ကယ်ထုတ်လာသည့် စစ်ကြောင်းနှင့် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေ
ဒီဇင် ၄
The Kaladan Post
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်က တောင်သူများထံ ဆက်ကြေးလာရောက်ကောက်ခံသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်ကြီး မြင့်လွင်ကို တပ်ရင်း ၃၅၀၄ ရဲဘော်များက လက်ပစ်ဗုံး ၃ လုံး၊ ငွေသား၊ ဖုန်း ၂ လုံးနှင့် ကား ၁ စီးတို့အပါအဝင် အရှင်ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၆ ရက်တွင် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ၂ ခုက ကယ်ထုတ်ရန်ကြိုးပမ်းလာရာ တပ်ရင်း ၃၅၀၄ နှင့် ရေတာရှည်မြို့နယ်ပကဖပူးပေါင်းအဖွဲ့က မိုင်းဆွဲ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ဖမ်းဆီးရမိထားသော တပ်ကြပ်ကြီး မြင့်လွင်ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်း ၃၅၀၄ က ထုတ်ပြန်သည်။
တပ်ရင်းတာဝန်ရှိသူက “စစ်ခွေးသေစာရင်း ထပ်မတိုးတော့ပါ။ ဖမ်းဆီးထားတဲ့ တပ်ကြပ်ကြီး ကို စစ်သုံ့ပန်းဥပဒေနဲ့ပဲ ဆက်လက်အရေးယူသွားမည်။ မြစ်အနောက်ဘက်ကမ်းထိ ကျွန်တော်တို့စစ်ဆင်ရေးသည် ရွေးကောက်ပွဲကို လက်လှမ်းမီသမျှ ဖျက်ဆီးမည်ဟု စစ်ကောင်စီကို သတိပေးခြင်းဖြစ်သည်” ဟု ပြောသည်။

ယင်းမာပင်-ကန့်ဘလူ-သံတောင်ကြီး ကျေးရွာများကို ဗုံးကြဲ၊ လက်နက်ကြီးပစ် ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရ
ဒီဇင် ၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သစ်ရာပင်ရွာကို ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီခန့်တွင် စစ်တပ်က တိုက်ပွဲမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နွား ၃ ကောင် သေဆုံးခဲ့သည်။ တစ်နေ့တွင်းမှာပင် ကန့်ဘလူမြို့နယ် ဇီးကုန်းရွာကိုလည်း ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ကောလင်းခရိုင် တပ်ရင်း ၁ က အတည်ပြုသည်။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အမှတ် ၃ ရပ်ကွက်တွင်မူ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က ဘုရင့်နောင်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၈ လဆောင်နေသည့် အသက် ၂၁ နှစ်အရွယ် နော်ချစ်စု လည်ပင်းတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း KNU – တောင်ဦးခရိုင်က ထုတ်ပြန်သည်။ သုံးနေရာစလုံးတွင် ဒဏ်ရာရရှိသူများ၏ အခြေအနေ မစိုးရိမ်ရသော်လည်း တိုက်ပွဲမရှိဘဲ အရပ်သားနေရပ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
သစ်ရာပင်ရွာခံတစ်ဦးက “ရွာထဲမှာ စစ်ရေးပစ်မှတ်လုံးဝမရှိပါဘူး။ ဗုံး ၄ လုံးထဲ ရွာလယ်လမ်းမပေါ်နဲ့ လူနေအိမ်ပေါ် တည့်တည့်ကျတာ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ” ဟု ဆိုသည်။ သံတောင်ကြီးမြို့ တွင်လည်း စစ်တပ်က လမ်းပိတ်ဆို့ထားသဖြင့် ပြည်သူများ သွားလာရေး အဆင်မပြေ ဖြစ်နေရပြီး လက်နက်ကြီးရန်ကို အမြဲစိုးရိမ်နေရကြောင်း သိရသည်။

အင်ဒိုနီးရှားဆွေးနွေးပွဲတွင် စစ်တပ်နှင့် လုံးဝမတွေ့ဆုံဟု NUG နှင့် NUCC တရားဝင်ငြင်းဆို
ဒီဇင် ၄
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင် အကြမ်းဖက်စစ်တပ်နှင့် မျက်နှာချင်းဆိုင်ရော၊ တဆင့်ခံပါ တွေ့ဆုံဆွေးနွေးမှု လုံးဝမရှိကြောင်း ဒီဇင်ဘာ ၄ ရက်တွင် တရားဝင်ထုတ်ပြန်သည်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို စစ်တပ်က လက်မခံသရွေ့ မည်သည့်ဆွေးနွေးမှုမျှ မလုပ်နိုင်ကြောင်း အတိအလင်းပြောဆိုသည်။ NUCC ကလည်း အင်ဒိုနီးရှားဖိတ်ကြားသည့် အလုပ်ရုံဆွေးနွေးပွဲတွင် စစ်တပ်ကိုယ်စားလှယ်များ လုံးဝမပါဝင်ကြောင်း အတည်ပြုမှသာ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့် မည်သည့်နေရာတွင်မျှ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်သည်။ လက်ရှိ လူမှုကွန်ရက်ပေါ်တွင် သတင်းပုံစံဖျက်၍ နိုင်ငံရေးလမ်းကြောင်းမှားစေရန် တမင်ဖြန့်နေသည့် တွန်းလှန်စာမျက်နှာများကို ပြည်သူများ သတိထားရန် နှစ်ဖွဲ့စလုံးက သတိပေးထားသည်။
NUG နှင့် NUCC တို့၏ ဦးတည်ချက်မှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖယ်ရှားရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် တော်လှန်ရေးအောင်ပွဲရရေးသာ ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုထားသည်။

မြဝတီကျားဖြန့်ဝင်းများ ဖောက်ခွဲ၊ သက်သေခံကွန်ပျူတာ-ဖုန်းများ ဖျက်ဆီးမှု မင်းအောင်လှိုင် ကိုယ်တိုင် ဥပဒေချိုးဖောက်ဟု ရှေ့နေသုံးသပ်
ဒီဇင် ၄
The Kaladan Post
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ KK Park၊ ရွှေကုက္ကိုလ်အပါအဝင် ကျားဖြန့်ဝင်းများကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်းစသည့် အဓိကသက်သေခံပစ္စည်းများကို စနစ်တကျ ဖျက်ဆီးနေခြင်းသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကို ဖုံးကွယ်ရန်ရည်ရွယ်ချက်ရှိကြောင်း ဉပဒေအထောက်ကူပြုကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရီရီမင်းက ဒီဇင်ဘာ ၄ ရက်တွင် ထောက်ပြသည်။ သက်သေခံပစ္စည်းများကို ဖျက်ဆီးခြင်းသည် မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုးထုတ်ပြန်ခဲ့သော သက်သေခံပစ္စည်းစီမံထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၇၊ ၃၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၀၁ နှင့် အဂတိတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၈ တို့ကို တိုက်ရိုက် ချိုးဖောက်ရာရောက်ကြောင်း ၎င်းက ဆိုသည်။ စစ်ဗိုလ်ချုပ်များနှင့် BGF ခေါင်းဆောင်များ ကျားဖြန့် လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေသဖြင့် အမှန်တရားပေါ်ပေါက်ရေးထက် သက်သေများဖျက် ဆီးရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ခြင်းဖြစ်နိုင်ကြောင်း ရှေ့နေဒေါ်ရီရီမင်းက သုံးသပ်သည်။ ကွန်ပျူတာ၊ ဖုန်းစသည်တို့သည် ရာဇဝတ်ကွန်ရက်တစ်ခုလုံး၏ ဒစ်ဂျစ်တယ်မှတ်တမ်းများ ပါဝင်သည့် အဓိကသက်သေများဖြစ်ပြီး ဥပဒေအတိုင်း ဒီဂျစ်တယ်ဓာတ်ခွဲခန်းသို့ ပို့စစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။
သက်သေခံပစ္စည်းများကို အဆောတလျင်ဖျက်ဆီးခြင်းသည် ကမ္ဘာ့နိုင်ငံများ ပူးပေါင်း တိုက်ဖျက်နေ သည့် ကျားဖြန့်ဂိုဏ်းများကို ကာကွယ်ပေးရာ ရောက်သလို လိမ်လည်ခံရသူထောင်ပေါင်းများစီ၏ တရားမျှတမှုကိုလည်း ပိတ်ပင်ရာရောက်ကြောင်း ရှေ့နေများက သတိပေးထားသည်။

မြိုင်-ပခုက္ကူနယ်စပ်တွင် တပ်မ၉၉ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်သားများပြားစွာသေ၊ ၁ ဦးအရှင်ဖမ်းမိ
ဒီဇင် ၄
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်တွင် ဒီဇင်ဘာ ၂ ရက်က တပ်မ ၉၉ လက်အောက်ခံ စစ်သားနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း Earthquake People’s Defence Force က ထုတ်ပြန်သည်။ တိုက်ခိုက်မှုတွင် ဒဏ်ရာရစစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ကြီးကျည်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို Earthquake PDF၊ ပခုက္ကူခရိုင် Local တပ်ရင်း ၁ (PDLB)၊ MGY PDF၊ ကမ္မတပ်ပေါင်းစု နှင့် မြိုင်ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသေးကြောင်း တာဝန်ရှိသူက ဆိုသည်။
မြိုင်-ပခုက္ကူနယ်နမိတွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းနှင့်အတူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြင်းထန်နေသဖြင့် ဒေသခံပြည်သူများ စစ်ရေးသတိ၊ လေကြောင်းရန်သတိ အထူးပြုလုပ်နေထိုင်ကြရန် Earthquake People’s Defence Force က ထပ်မံတိုက်တွန်းထားသည်။

ယင်းမာပင်တွင် ရွှေရေကြည်သပိတ်စစ်ကြောင်း ညနေသပိတ်ဖြင့် အတုရွေးကောက်ပွဲ ဆန့်ကျင်
ဒီဇင် ၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်သည့် ပြည်သူများက “အောင်လံလွှင့်မည်” ဆိုင်းဘုတ်များကိုင်ဆောင်ကာ ညနေသပိတ်ထိုးခဲ့သည်။ အကြမ်းဖက်စစ်တပ်ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေး ကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ သပိတ်စစ်ကြောင်းက လမ်းများပေါ်တွင် အားရှိရှိ ချီတက်ဆန္ဒပြခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးကိုလည်း အတူတကွ ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ရွှေရေကြည်သပိတ်စစ်ကြောင်းသည် ယင်းမာပင်ဒေသတွင် စစ်တပ်၏ ဖိနှိပ်မှုများကြားမှ မဆုတ် မနစ် ဆန္ဒဖော်ထုတ်နေသည့် တက်ကြွသည့် အင်အားစုတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ညနေသပိတ်များကို ဆက်လက်ပြုလုပ်သွားမည်ဟု အသိပေးထားသည်။

ဆားလင်းကြီးတွင် ရဲစခန်းမှထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်၊ စစ်သား ၁၀ ဦးသေ၊ အလောင်း ၁ လောင်းသိမ်း
ဒီဇင် ၄
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ် မြို့မရဲစခန်းမှ နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီခန့်က ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ရေခါးရွာအနီးတွင် ဒေါင်းတမာန် GZ ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး အလောင်း ၁ လောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ အတွင်း ဝင်ရောက်ရန် ရည်ရွယ်ခဲ့သည့် စစ်ကြောင်းမှာ မြို့ဘက်သို့ ပြန်ဆုတ်ခွာသွားခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ ယင်းမာပင် ခရိုင်စစ်ကြောင်းနှင့် တပ်ပေါင်းစု ညီနောင်မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒေါင်းတမာန် GZ တပ်ဖွဲ့က အတည်ပြုသည်။
ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များ စခန်းကုန်းတွင် အခိုင်အမာ တပ်စွဲထားဆဲဖြစ် သဖြင့် ညအချိန်ထွက်လှုပ်ရှားလာသည့် စစ်ကြောင်းများကို ဒေသPDF များက ဆက်လက်စောင့်ကြို တိုက်ခိုက်သွားမည်ဟု သိရသည်။

မင်းအောင်လှိုင် PDF များကို ဥပဒေဘောင်ထဲဝင်ရန် ဖိတ်ခေါ်၊ NCA ချိုးဖောက်သည်ဟု တိုင်းရင်းသားအဖွဲ့များကို အပြစ်တင်
ဒီဇင် ၄
The Kaladan Post
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာ ၃ ရက် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်း ဆင်းပွဲတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ရည်မှန်းချက် တူညီပါက PDF အပါအဝင် လက်နက်ကိုင် အဖွဲ့များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန် ဖိတ်ခေါ်ပြောဆိုခဲ့သည်။ ဒီမိုကရေစီကို နောက်ပြန်ဆွဲနေခြင်းမှာ လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်ကြောင်း၊ ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ဥပဒေဘောင်ထဲ ဝင်ရောက်လာပါက နိုင်ငံတော်က ကြိုဆိုမည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြပြီး ကတိကဝတ်ချိုးဖောက်ကာ ငြိမ်းချမ်းရေးလမ်းကြောင်း မှ သွေဖယ်သွားခဲ့သည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။ စစ်တပ်အနေဖြင့် နိုင်ငံအတွက် အဓိက အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလိုလျှင် ဖြစ်သင့်ဖြစ်ထိုက်သည် များကိုသာ တောင်းဆိုရမည်ဟု အထက်စီးမှ ပြောဆိုခဲ့သည်။
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်ဆီးလိုသူများမှာ ရွေးကောက်ခံအစိုးရပေါ်လာပါက မိမိတို့နေရာပျောက်မည်စိုးသဖြင့် ရွေးကောက်ပွဲကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က ဆက်လက်စွပ်စွဲပြောဆိုခဲ့သည်။

သီပေါတွင် စစ်သား ၂ ဦး နေအိမ်များကို သေနတ်ထောက် ဓားပြတိုက်၊ ဆိုလာပြားနှင့်ဘက်ထရီသာ ပြန်ပေး
ဒီဇင် ၄
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု ကွန်စံလိတ်ရွာတွင် နိုဝင်ဘာ ၂၈ ရက် နံနက်အစောပိုင်းက စစ်သား ၂ ဦးက နေအိမ် ၂ လုံးအတွင်း ဝင်ရောက်ကာ သေနတ်ထောက် ဓားပြတိုက်ခဲ့ရာ ငွေကျပ် ၇ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းများနှင့် စားသောက်ကုန်များ လုယူသွားခဲ့ ကြောင်း SSPP Info က ထုတ်ပြန်သည်။ အိမ်ရှင်များက စစ်အရာရှိထံ တိုင်ကြားပြီးနောက် ဆိုလာပြားနှင့် ဘက်ထရီအိုးများသာ ပြန်လည်ပေးအပ်ခဲ့ပြီး ငွေသားနှင့် ကျန်စားသောက်ကုန် များကို ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သည့် စစ်သား ၂ ဦးကို အရေးယူမည်ဟု စစ်အရာရှိများက ပြောဆိုခဲ့သော်လည်း မည်သည့်အရေးယူမှု ဆောင်ရွက်သည်ကို အသိမပေးသေးကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ကွန်စံလိတ်ကျေးရွာအုပ်စုသည် အောက်တိုဘာလကတည်းက စစ်ကောင်စီတပ်က ထိုးစစ် ဆင်ဝင်ရောက်ပြီး လက်ရှိအချိန်ထိ စိုးမိုးထားသည့် နေရာဖြစ်ကြောင်း သိရသည်။

အမေရိကန်အောက်လွှတ်တော် ကျားဖြန့်ဂိုဏ်းဖြိုခွင်းဥပဒေ အတည်ပြု၊ မြန်မာစစ်တပ်ပါဝင် ပတ်သက်မှု စုံစမ်းမည်
ဒီဇင် ၄
The Kaladan Post
အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၄ ရက်တွင် နိုင်ငံဖြတ်ကျော်ကျားဖြန့်ဂိုဏ်းများကို ဖြိုခွဲနှိမ်နင်းရေး H.R. 5490 ဥပဒေကို အတည်ပြုလိုက်ပြီး အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်ခံနေရမှုကို တားဆီးရန် အစိုးရအေဂျင်စီများ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်ပါတီ နှစ်ရပ်စလုံး ထောက်ခံခဲ့သည့် ယင်းဥပဒေသည် ကျားဖြန့်ဂိုဏ်းများကို ကာကွယ်ပေးနေသည့် အကျင့်ပျက် အစိုးရများ၏ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရန် ရည်ရွယ်ထားသည်။ အမေရိကန်နိုင်ငံသား များကို ပစ်မှတ်ထားသည့် အွန်လိုင်းလိမ်လည်မှုများကြောင့် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁၇ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း FBI အစီရင်ခံစာကို ကိုးကားထားသည်။ ကျားဖြန့်ဂိုဏ်းများသည် လူကုန်ကူးခံရသူများကို အဓမ္မလုပ်အားပေးကာ လိမ်လည်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း အောက်လွှတ်တော်အမတ်များက ထောက်ပြသည်။
ဥပဒေအရ တရုတ်အစိုးရ၏ ပါဝင်ပတ်သက်မှုအပြင် မြန်မာစစ်တပ်က အွန်လိုင်းငွေလိမ်စင်တာ များကို ခွင့်ပြုထားခြင်း၊ လစ်လျူရှုထားခြင်းနှင့် အကျိုးအမြတ်ရယူနေခြင်းများကို အထူးစုံစမ်း စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်း ငွေလိမ်ဂိုဏ်းများ အတားအဆီးမရှိ လည်ပတ်နေမှုကို ရပ်တန့်ရန် နိုင်ငံအတွင်း မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများကို ဖြေရှင်းရန် လိုအပ်ကြောင်း ဥပဒေဆိုင်ရာ သုံးသပ်ချက်များတွင် ထည့်သွင်းဖော်ပြထားသည်။
