ပခုက္ကူ-မြိုင် နယ်စပ်တွင် စစ်ကြောင်းနှင့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၁ ဦးသေဆုံး၊ ပြည်သူ ၂ ဦးကို ကယ်တင်

 

ဒီဇင် ၅

The Kaladan Post

ဒီဇင်ဘာ ၄ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် နယ်စပ်၊ ညောင်ဂျစ်ပင်အနီးတွင် ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက စစ်တပ်၏ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ တပ်ရင်းများပါဝင်သည့် စစ်ကြောင်းနှင့် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းစဉ် အလောင်း ၁ လောင်း၊ လက်နက်ကြီးကျည်များအပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ပေါင်းစုက ထုတ်ပြန်သည်။ ထို့ပြင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်လာသည့် ကမ္မမြို့ အမှတ် ၃ ရပ်ကွက်မှ ပြည်သူ ၂ ဦးကိုလည်း အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်းနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း တပ်ပေါင်းစုတာဝန်ရှိသူက အတည်ပြုပြောဆိုထားသည်။

မြ၀တီမြို့ BGF ကျားဖြန့်ရုံများကို စစ်တပ်စီးနင်း ဖောက်ခွဲ၍ လုပ်သားများ ထွက်ပြေး၊ တရုတ်သူဌေးများကို ရွှေ့ပြောင်း

 

ဒီဇင် ၅

The Kaladan Post

ဒီဇင်ဘာ ၄ ရက်နေ့ ကရင်ပြည်နယ် မြ၀တီမြို့ ကြံခင်းလမ်း ရှိ ၆၆၉ ကျားဖြန့်ရုံအပါအဝင် နယ်ခြားစောင့်တပ် BGF ပိုင် ကျားဖြန့်ရုံများကို စစ်တပ်က ဝင်ရောက်စီးနင်း ဖောက်ခွဲခဲ့သည်။ ထို့ကြောင့် မြ၀တီမြို့ပေါ်ရှိ သဲပုံ၊ UK၊ ၆၆၉၊ သုညဂိတ်နှင့် တစ်ဂိတ်ကျားဖြန့်ရုံများမှ လုပ်သားများ ၂၅၀ နီးပါး ဖမ်းဆီးခံရပြီး ညပိုင်းတွင် အလုံးစုံ ထွက်ပြေးခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ထိုရုံများကို စီးနင်းမီ BGF ဗိုလ်တင်ဝင်းက တရုတ်ကျားဖြန့်သူဌေးများနှင့် ဆိုဒ်ခေါင်းဆောင်များကို သစ်ကတေကျေးရွာ စခန်း သို့ ကားဖြင့် ရွှေ့ပြောင်းခဲ့သည်။

ထို့အပြင် မြ၀တီမြို့ အမှတ် ၃ ရပ်ကွက်ရှိ ကျားဖြန့်လောင်းကစားရုံများကိုလည်း စစ်တပ်က စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၅ ဦး၊ မြန်မာနိုင်ငံသား ၂၂၃ ဦး စုစုပေါင်း ၂၄၈ ဦးကို ဖမ်းဆီးရခဲ့သည်။

ဖမ်းဆီးခံရသူများထံမှ ကွန်ပျူတာ ၈၂ လုံး၊ မိုဘိုင်းဖုန်း ၉၂ လုံး နှင့် ဆက်စပ်ပစ္စည်းများ ရရှိခဲ့ပြီး ရုံ ၈ လုံးကို စစ်ဆေးခဲ့ရာ ၃ ထပ်အဆောက်အအုံ ၁ လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။

မြင့်ဆွေ သားမက် တာရာမြင့်ဆွေ ဩစတြေးလျနိုင်ငံသားစွန့်လွှတ်ပြီး မှတ်ပုံတင်များစွာ ကိုင်ဆောင်

 

ဒီဇင် ၅

The Kaladan Post

ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၏ သားမက် တာရာမြင့်ဆွေသည် ဩစတြေးလျနိုင်ငံသားကို စွန့်လွှတ်ပြီးနောက် မြန်မာနိုင်ငံသားမှတ်ပုံတင်များစွာ ကိုင်ဆောင်ထားကြောင်း မြင့်ဆွေမိသားစုနှင့် ရင်းနှီးသူ သတင်းရင်းမြစ်က ပြောဆိုသည်။ တာရာမြင့်ဆွေသည် မြင့်ဆွေ၏ သမီး ခင်သက်ထား ဆွေနှင့် အိမ်ထောင်ကျခဲ့ပြီး မြင့်ဆွေ ဒုတိယသမ္မတ ဖြစ်ချိန်တွင် နိုင်ငံသားခံယူရန် ဩစတြေးလျ နိုင်ငံသားကို စွန့်လွှတ်ခဲ့သည်။ ယခုအခါ တာရာမြင့်ဆွေ အမည်ဖြင့် တာမွေမြို့နယ် မှတ်ပုံတင်နှင့် တာယာမြင့်ဆွေ အမည်ဖြင့် ဗဟန်းမြို့နယ် မှတ်ပုံတင်အပါအဝင် မှတ်ပုံတင် နှစ်ခုထက်မနည်း ကိုင်ဆောင်ထားကြောင်း သိရှိရသည်။ ဗိုလ်ချုပ်အသိုင်းအဝိုင်းများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု များကို ရှောင်ရှားရန် နာမည်နှင့် မှတ်ပုံတင်နံပါတ်များကို ကွဲပြားစွာ အသုံးပြုလေ့ရှိကြောင်း သတင်းရင်းမြစ်က ရှင်းပြသည်။

ယမန်နေ့ မြင့်ဆွေ၏ ဇနီး ခင်သက်ဌေးက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မြေကွက်ကို သားမက် တာရာမြင့်ဆွေက ရောင်းချခဲ့သည်ဟု စစ်တပ်သတင်းစာများတွင် ကြေညာခဲ့သည်။ ထိုမြေကွက်ကို ကိုယ်စားလှယ်လွှဲစာ အသုံးပြု၍ မြင့်ဆွေ မိသားစု မသိအောင် ရောင်းချခဲ့ပြီး အပေါင်းအပါများနှင့် ၇ ရက်အတွင်း ဖြေရှင်းရန် တောင်းဆိုထားကာ မဖြေရှင်းပါက ဥပဒေအရ အရေးယူမည်ဖြစ်သည်။ မြင့်ဆွေ ယခုနှစ် ဩဂုတ် ၇ ရက်တွင် သေဆုံးခဲ့ပြီး သားမက်နှင့် ပူးပေါင်း၍ အာဏာလွှဲပြောင်းချိန် မြေကွက်များကို အမည်ဖောက်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ကနီမြို့နယ် ချင်းတွင်းဆိပ်ကမ်းကို စစ်တပ်လေကြောင်း ဗုံးကြဲ၍ ပြည်သူ ၂ ဦးသေ၊ စက်လှေ ၁ စီး မီးလောင်ပျက်စီး

 

ဒီဇင် ၅

The Kaladan Post

ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းကျေးရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းကို စစ်တပ်က တိုက်လေယာဉ် ၂ စီးနှင့် Gyrocopter ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲချရာ ဆိပ်ကမ်းတွင် ရပ်နားထားသည့် မော်တော်စက်လှေ ၁ စီး ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သည်။ စက်လှေပေါ်ရှိ ခရီးသည်များနှင့် မောင်းသူအပါအဝင် ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မြစ်ထဲ ပြုတ်ကျသဖြင့် ပျောက်ဆံ့းသူများလည်း ရှိနိုင်သေးကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ဗုံးများကို မြို့နယ်စစ်ဆေးရေးဂိတ်ကို ရည်ရွယ်ချရာ နေရာမှားကျရုံမျှဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ဒီဇင်ဘာ ၃ ရက် ညပိုင်းက ကနီမြို့နယ်နှင့် ထိစပ်နေသည့် ဘုတလင်မြို့နယ်ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှု များစွာရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဒီဇင်ဘာ ၁၀ တစ်နိုင်ငံလုံး “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” ဆင်နွှဲရန် လူထုကို နှိုးဆော်

 

ဒီဇင် ၅

The Kaladan Post

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲရန် အာဏာရှင် စနစ်တိုက်ဖျက်ရေး လူထုအရေးတော်ပုံတပ်သား ဒေါက်တာတေဇာစန်းက နှိုးဆော်ထားသည်။ ဤသပိတ်ကြီးတွင် လူထုသဘောထားအဖြစ် အချက် ၃ ချက်ကို ပြတ်သားစွာ ဖော်ထုတ်တောင်းဆိုမည်ဖြစ်ရာ အချက် ၁ မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်လွှတ်ပေးရေး ဖြစ်သည်။ အချက် ၂ မှာ စစ်အုပ်စု၏ အတုအယောင်၊ တရားမဝင် ရွေးကောက်ပွဲကို လူထုတရပ်လုံး ပြတ်သားစွာ ဆန့်ကျင်ကြောင်း ဖော်ပြရေး ဖြစ်ပြီး အချက် ၃ မှာ အဓမ္မစစ်မှုထမ်းဥပဒေကို လုံးဝဖျက်သိမ်းရေး ဖြစ်ကြောင်း သိရှိရသည်။ လက်နက်ကိုင်တိုက်ပွဲတင်မက လူထုတိုက်ပွဲနှင့် လူထုလှုပ်ရှားမှုများကိုပါ အသိ၊ သတ္တိ၊ ဉာဏ်ပညာဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဒေါက်တာတေဇာစန်းက တိုက်တွန်းထား သည်။

ဒီဇင်ဘာ ၃ ရက်ကလည်း မန္တလေးမြို့လယ် ဈေးချိုအနီးတွင် ဒေါက်တာတေဇာစန်း ဦးဆောင်ကာ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး အပါအဝင် ရဲဘော်ရဲဘက်များနှင့် ပြည်သူများ ပူးပေါင်း၍ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဘေးကင်းစွာ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဖာပွန်ခရိုင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀၄ ကြိမ်ဖြစ်၊ စစ်တပ်ဘက် အရာရှိများပါ ၁၆ ဦးသေဆုံး

 

ဒီဇင် ၅

The Kaladan Post

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုက်ပွဲ ၁၀၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU-ဖာပွန်ခရိုင်က ထုတ်ပြန်သည်။ ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၁၆ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် အရာရှိများပါ ၁၀၅ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်တပ်က ဒရုန်း ၇ ကြိမ်၊ ဂျက်တိုက်လေယာဉ် ၁၅ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး ၂၃ ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလအတွင်းကလည်း ဖာပွန်ခရိုင်တွင် တိုက်ပွဲ ၁၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃၄ ဦး သေဆုံးကာ ၇၈ ဦး ဒဏ်ရာရရှိခဲ့သလို စစ်တပ်၏ ဌာနဆိုင်ရ အဆောက်အဦ ၁ လုံးလည်း ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ NUG နိုင်ငံခြားရေး ဝန်ကြီး ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံ

 

ဒီဇင် ၅

The Kaladan Post

ဩစတြေးလျ အထက်လွှတ်တော်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေ၊ စစ်တပ်ရွေးကောက်ပွဲ အစီအစဉ်နှင့် အရပ်သားအစိုးရစနစ်သို့ ပြန်လည်ရောက်ရှိရေး အတားအဆီးများကို စုံစမ်းရန် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်သည်။ အဖွဲ့ကို အထက်လွှတ်တော် အမတ် Dean Smith က ဦးဆောင်ပြီး ၂၀၂၆ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား၍ အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။ စုံစမ်းမှုတွင် စစ်တပ်နှင့် ဆက္စပ်သူများအပေါ် ဒဏ်ခတ်အရေးယူမှု၊ နိုင်ငံပိုင်ဘဏ်များအပေါ် ကန့်သတ်ချက်များ တင်းကျပ်ရေး၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပေးရေး၊ NUG နှင့် ဒီမိုကရေစီအင်အားစုများကို ပံ့ပိုးရေး၊ မြန်မာ့အွန်လိုင်းလိမ်လည်မှုနှင့် လူကုန်ကူးမှုကွန်ရက်များ တန်ပြန်ရေးတို့ ပါဝင်မည်ဖြစ်သည်။

အဖွဲ့က လူထုကြားနာပွဲများ ကျင်းပပြီး တင်ပြလွှာများ လက်ခံမည်ဖြစ်ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဇင်ဘာ ၁ နှင့် ၂ ရက်က ဂျပန်နိုင်ငံတွင် အာဏာရပါတီ Democratic Party for the People၊ Komeito၊ ကွန်မြူနစ်ပါတီ၊ Social Democratic Party အပါအဝင် ပါတီ ၄ ခုမှ လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲများတွင် မြန်မာ့အရေးကို ဂျပန်လွှတ်တော်အတွင်း တင်ပြရေး၊ လူသားချင်းစာနာမှု အကူအညီများ ပိုမိုပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

မိုးကုတ်မြို့ပြင်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ဆက်တိုက် ပစ်ခတ်

 

ဒီဇင် ၅

The Kaladan Post

 

မန္တလေးတိုင်း မိုးကုတ်မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က တော်လှန်ရေးတပ်များက မိုးကုတ်ဆေးရုံဝင်းနှင့် ကျောင်းကြီးဝင်းအတွင်း စစ်တပ်တပ်စွဲရာ ဒရုန်းဖြင့် ဗုံး ၃ လုံး ကြဲချခဲ့သည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၀၀ နာရီ ၅ မိနစ်ခန့်တွင် စစ်တပ်က လေယာဉ်ဖြင့် မိုးကုတ်အနောက်ဘက် မြို့ပြင်နေရာများကို ဗုံးကြဲခဲ့သော်လည်း ထိခိုက်မှု မရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင် လည်း မိုးကုတ်အနောက်ပိုင်း ကျောက်ပုံကြက်နှစ်ဖဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပင့်ကူတောင် ပေါ်မှ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

စစ်တပ်သည် နိုဝင်ဘာ ၂၉ ရက်က မိုးကုတ်မြို့အတွင်း ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ၃၀ ရက်မှစ၍ မြို့ပြင်တွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကာ မြို့ပတ်လည် ဝိုင်းရံခံထားရသဖြင့် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။

ပေါက်မြို့နယ်တွင် စစ်တပ်က အမျိုးသမီးများအပါအဝင် ပြည်သူ ၁၆ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်၊ နေအိမ် ၈၅ လုံး မီးရှို့

 

ဒီဇင် ၅

The Kaladan Post

 

မကွေးတိုင်း ပေါက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်နှင့် ပျူစောထီးများက အမျိုးသမီးများအပါအဝင် ပြည်သူ ၁၆ ဦးကို မုဒိမ်းကျင့်ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက ထုတ်ပြန်သည်။ ထို့ပြင် ကျေးရွာ ၁၀ ခုနှင့် စစ်ရှောင်စခန်း ၁ ခုမှ နေအိမ် ၈၅ လုံး၊ စစ်ရှောင်တဲ ၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၁၉ ဦး၊ ဖမ်းဆီးခံရသူ ၁၅ ဦး၊ မိုင်းနင်းမိပြီး ကိုယ်အင်္ဂါဆုံးရှုံးသူ ၅ ဦး၊ မုဒိမ်းကျင့်ခံရသူ ၁ ဦး ရှိခဲ့သည်။ နိုဝင်ဘာလအတွင်း ဂျက်ဖိုက်တာ ၉ ကြိမ်၊ Y-12 လေယာဉ် ၄၇ ကြိမ်၊ စက်တပ်လေထီး ၁၄ ကြိမ်၊ ဂျိုင်ရိုကောပတာ ၁၁ ကြိမ်နှင့် လက်နက်ကြီး ၂၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာများအတွင်း နင်းမိုင်းများထောင်ထားသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှု ဆက်လက်ရှိနေကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သတိပေးထားသည်။

ရေစကြို ခလရ ၂၅၇ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး ပကဖကို ခုခံရင်း ပွဲချင်းပြီး သေဆုံး

 

ဒီဇင် ၅

The Kaladan Post

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီခန့်က ခလရ ၂၅၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ရေစကြိုပကဖ ရဲဘော်များက ဖူလုံကျေးရွာ ဘိလီယက်ခုံအနီးတွင် အရှင်ဖမ်းဆီးရမိခဲ့သည်။

ဆိုင်ကယ်ဖြင့် စစ်ဆေးရန် ခေါ်ဆောင်လာစဉ် ဗိုလ်ကြီးသက်နိုင်ဦးက ရဲဘော်များ၏ လက်နက်ကို လုယူ၍ ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ရှင်းလင်းရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရေစကြိုပကဖ တာဝန်ရှိသူက အတည်ပြုသည်။

သေဆုံးသူထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံး၊ ငွေသား ၃ သိန်း၊ မှတ်ပုံတင် ၂ ခု သိမ်းဆည်းရရှိခဲ့ပြီး အလောင်းကို ည ၈ နာရီခန့်တွင် ခလရ ၂၅၇ တပ်ရင်းမှ လာရောက်ကောက်ယူသွားခဲ့သည်။

ရေစကြိုပကဖက ထောက်လှမ်းမှုအရ ဗိုလ်ကြီးသက်နိုင်ဦးသည် ဘိလီယက်ခုံတွင် တစ်ဦးတည်း ရှိနေချိန် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ စစ်ဆေးရန်နေရာသို့ မရောက်မီ ခုခံမှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပကဖ တာဝန်ရှိသူက ရှင်းပြသည်။