လှည်းကူး ကြံ့ဖွတ်မြို့နယ်ရုံး မိုင်း၂လုံးနဲ့ ဗုံးကြဲခံရ၊ ပျူစောထီးအရေအတွက်မသိ ထိခိုက်သေဆုံး

 

ဒီဇင် ၇

The Kaladan Post

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်အတွင်းရှိ ကြံ့ဖွတ်ပါတီမြို့နယ်ရုံးကို ဒီဇင်ဘာ ၆ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုငင်ပကဖ ပူးပေါင်းအဖွဲ့က ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အအုံ များစွာပျက်စီးခဲ့ပြီး အစောင့်တာဝန်ကျ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ မိုင်းနှစ်လုံးစလုံး အောင်မြင်စွာပေါက်ကွဲခဲ့ပြီး တိုက်ခိုက်ရေးအဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ကျင်းပရန်ပြင်ဆင် နေသည့် တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပါဝင်ကူညီဆောင်ရွက်နေခြင်းကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း YA ဘက်က ထုတ်ဖော်ပြောဆိုထားသည်။ အကြမ်းဖက်စစ်တပ် နှင့်ဆက်စပ်နေသော ပစ်မှတ်များနှင့် တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်အပြင်းအထန် တိုက်ခိုက်သွားမည်ဟုလည်း Yangon Army (YA) က သတိပေး ထားသည်။

တေဇာဆန်း၊ နန်းလင်း၊ ခန့်ဝေဖြိုးတို့ကို သတင်းပေးလျင် သိန်း ၂၀၀ ပေးမည်ဆို၊ အမရပူရတစ်မြို့ လုံး စစ်တပ်ဓာတ်ပုံလိုက်ပြပြီး ရှာဖွေ

 

ဒီဇင် ၇

The Kaladan Post

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း စစ်တပ်က ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးတို့၏ ဆန္ဒပြပွဲဓာတ်ပုံများကို ကိုင်ဆောင်ကာ အိမ်တိုင်းလိုက်ပြသပြီး သတင်းပေးသူကို ငွေကျပ်သိန်း ၂၀၀ ချီးမြှင့်မည်ဟု ပြည်သူများကို လိုက်လံစည်းရုံးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၅ ရက်ညပိုင်းက ဧည့်စာရင်းစစ်ဆေးချိန် အိမ်ရှင်၊ အိမ်ငှားအားလုံးကို အိမ်အောက်ဆင်းခိုင်းကာ ခြင်ထောင်အထိလှန်စစ်၊ အိမ်သာအထဲပါဝင်ရှာဖွေပြီး “ဒီလူတွေ့ရင် ချက်ချင်းအကြောင်းကြားပါ၊ သိန်း ၂၀၀ ပေးမယ်” ဟု ခြိမ်းခြောက်ခဲ့သည်ဟု တောင်မြို့ ဒေသခံတစ်ဦးက ဆိုသည်။

ဒီဇင်ဘာ ၃ ရက်က မန္တလေးမြို့ပေါ်တွင် ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့် ဒီဇင်ဘာ ၁၀ တစ်နိုင်ငံလုံးအသံတိတ်သပိတ်ပါဝင်ရန် ဦးဆောင်ဆန္ဒပြခဲ့သည့် အဆိုပါသပိတ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးရန် စစ်တပ်က နည်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန်ကြိုးစားနေခြင်းဖြစ်ပြီး၊ ဒီဇင်ဘာ ၄ ရက်ညကလည်း ဆန္ဒပြပွဲဖြစ်ပွားခဲ့သည့် ချမ်းအေးသာစံမြို့နယ် လမ်းဘေးဈေးတန်းကို စစ်တပ်နှင့်စည်ပင်က ပူးပေါင်းဝင်ရောက်ဖျက်ဆီးကာ ဆိုင်ခန်း ၅၀ နီးပါး ဖျက်သိမ်းခဲ့သေးသည်။

စစ်တပ်ရဲ့ အတုရွေးကောက်ပွဲ လုံးဝဆန့်ကျင်၊ အာဏာရှင်ပြုတ်ကျသည်အထိ စုပေါင်းတိုက်ပွဲဝင်ကြဖို့ TNLA ဦးဆောင်တဲ့ တအာင်းပြည်ကောင်စီ နှစ်သစ်ကူးမှာ အသံကျယ်ကျယ်တိုက်တွန်း

 

ဒီဇင် ၇

The Kaladan Post

တအာင်းပြည်ကောင်စီ (TLC) က ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ကျရောက်သည့် တအာင်း နှစ်သစ်ကူး ၂၇၁၇ ပြည့်နှစ် သဝဏ်လွှာထုတ်ပြန်ကာ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုံ့ချပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတုန်းသည်အထိ တိုင်းရင်းသားတော်လှန်ရေးတပ်များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပြည်သူတရပ်လုံး စည်းစည်းလုံးလုံး အားသွန်ခွန်စိုက် ဆက်လက်တော်လှန်ကြရန် ပြင်းထန်စွာ တိုက်တွန်းလိုက်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် လေကြောင်းဗုံးကြဲသတ်ဖြတ်မှု၊ မတရားဖမ်းဆီး ချုပ်နှောင်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်ကို အဆုံးသတ်ရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် တအာင်းလူမျိုး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်ပါ အတူတကွ လက်တွဲတိုက်ပွဲဝင်ကြရန် TLC က တအာင်းပြည်သူများနှင့် ပြည်သူတရပ်လုံးကို အသံကျယ်ကျယ်ဖြင့် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မော်လိုက်ကလေးရွာ စစ်တပ်-ပျူစောထီး ပူးပေါင်းမီးရှို့၊ နေအိမ် ၆၀ ဝန်းကျင် အပြာကျ

 

ဒီဇင် ၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မော်လိုက်ကလေးကျေးရွာကို ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ကလေးအခြေစိုက် ဒုဒကစမှူး ညွှန်ကြားချက်ဖြင့် ခမရ ၃၆၄၊ ၃၆၅၊ ၃၆၆ တပ်ရင်းများနှင့် မော်လိုက်ကင်းတပ်ရွာ ပျူစောထီးများ ပူးပေါင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီးနောက် နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ရာ ချင်းတွင်းမြစ်အောက်ဘက်ခြမ်း “ကုလားစု” ရပ်ကွက်ရှိ နေအိမ် ၆၀ ဝန်းကျင် လုံးလုံးပြာကျသွားခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုထံမှ သိရသည်။

တိုက်ပွဲတစ်စုံတစ်ရာ မဖြစ်ပွားဘဲ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်ရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၃၀၀ နီးပါးရှိသည့် အဆိုပါကျေးရွာမှ ပြည်သူများမှာ စက်တင်ဘာလကတည်းက စစ်ရှောင်နေကြရသဖြင့် လက်ရှိတွင် လူထိခိုက်မှုမရှိသော်လည်း နေအိမ်များ အများအပြား မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

တိုင်းရင်းလက်နက်ကိုင်တွေ ပပျောက်မှ လွှတ်တော်ထဲက စစ်တပ်နေရာ တဖြည်းဖြည်းလျှော့မယ် ဟု မင်းအောင်လှိုင် ပြောပြန်

 

ဒီဇင် ၇

The Kaladan Post

ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်တွင် စစ်အရာရှိ၊ စစ်သည်နှင့် ဗိုလ်လောင်းများကို တွေ့ဆုံစဉ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “နိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မြဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လုံးဝမရှိတော့တဲ့အခါ စစ်တပ်အနေနဲ့ လွှတ်တော်ထဲမှာ ယူထားတဲ့ နေရာတွေကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ်” ဟု ထပ်မံပြောဆိုသွားသည်။ သို့သော် လက်ရှိအချိန်အထိ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေအရ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေရဆဲဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ စစ်တပ်၏ နိုင်ငံရေးပါဝင်မှုကို အပြီးတိုင်ရပ်တန့်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အမြစ်ပြတ်ဖျက်သိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံသစ်ဖြင့် ပြည်ထောင်စု အသစ်တည်ဆောက်ရန် နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို ခိုင်ခိုင်မာမာတောင်းဆိုထားဆဲဖြစ်သည်။

နတ်မောက်-ပျော်ဘွယ်လမ်းပေါ် ညဘက်ကင်းချိန်းလာတဲ့ စစ်ကား PDF နဲ့ထိပ်တိုက်ဆုံ၊ ၁၀ မိနစ်ပစ်ခတ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်

 

ဒီဇင် ၇

The Kaladan Post

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-ပျော်ဘွယ်လမ်းပိုင်း ဥယျာဉ်လမ်းပေါက်အနီးတွင် ဒီဇင်ဘာ ၅ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စစ်ဆေးရေးဆောင်ရွက်နေသော နတ်မောက်ပကဖနှင့် Aung San’s Land ပူးပေါင်းအဖွဲ့က စိုင်ကောင်းမှ ရွာတော်ဘက်သို့ ညဘက်ကင်းချိန်းလာသည့် စစ်ကား(ဖောကားတစ်စီး၊ အင်အား ၁၅ ဦးဝန်းကျင်)နှင့် ထိပ်တိုက်တွေ့ဆုံတိုက်ခိုက်ခဲ့ကြောင်း ပကဖတာဝန်ခံ အဆိပ်သီးက အတည်ပြုသည်။

ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေး၊ ကားမှာ အဝေးရောက်မှ ပြန်ပစ်ကာ အလျင်မောင်းပြေးသွားခဲ့ရာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

 

ရွှေဘို သစ်ချိုပင်ရွာကို စစ်တပ်ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ အသက် ၇ နှစ်ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေ၊ ၈ ဦးဒဏ်ရာရ

 

ဒီဇင် ၇

The Kaladan Post

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို ဒီဇင်ဘာ ၅ ရက် နံနက် ၁ နာရီ ၁၉ မိနစ်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာလေယာဉ် ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း၊ ကိုမြင့်သူဝင်း (၃၅ နှစ်) နှင့် မမေလွမ်းသူ (၃၅ နှစ်) တို့ ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဗုံးပေါကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မြတ်သူရိန်ဖြိုးအပါအဝင် ပြည်သူ ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း၊ ဆိုင်ကယ် ၂ စီး၊ ထော်လာဂျီ ၁ စီး လုံးလုံးပျက်စီးခဲ့ကြောင်း Wetlet Informational Network ထံမှ သိရသည်။

 

မတ္တရာ-စဉ့်ကူး စစ်ကြောင်းကို PDF တွေ ကြားဖြတ်ဝိုင်းပစ်၊ စစ်သား ၃၀ ကျော်သေဆုံး

 

ဒီဇင် ၇

The Kaladan Post

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ညောင်အုပ်ရွာမှ စဉ့်ကူးမြို့နယ်ဘက်သို့ အင်အား ၃၀၀-၄၀၀ ခန့်ပါ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒီဇင်ဘာ ၂ ရက်က စိုက်ကွင်းရွာအနီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ချထားတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပကဖ တာဝန်ရှိသူက အတည်ပြုသည်။ တိုက်ပွဲအတွင်း စစ်သားအလောင်းများ လမ်းမပေါ်တွင် ပွင့်လင်းမြင်နေရသော်လည်း လက်နက်ခဲယမ်းများ သိမ်းဆည်းရန် အဆင်မပြေခဲ့ကြောင်း သိရသည်။

အဆိုပါကြားဖြတ်တိုက်ခိုက်မှုကို ပုသိမ်ကြီးပကဖ ဦးဆောင်ကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပါဝင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ရသည်။ လက်ရှိအချိန်ထိ စစ်ကြောင်းမှာ ပတ်လည်အင်း၊ ယက္ကန်းစင်တောင်တဝိုက်တွင် အထိုင်ချကာ ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်း နေရာအပြောင်းအလဲ လုံးဝမရှိဘဲ ဆက်လက်တာဝန်ယူခွင့်ရရှိ

 

ဒီဇင် ၇

The Kaladan Post

ကုလသမဂ္ဂ အထွေထွေညီလာခံ အကြိမ် ၈၀ အတွက် ဖွဲ့စည်းထားသော အဖွဲ့ဝင် ၉ နိုင်ငံပါ Credentials Committee က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရာထူးကို အပြောင်းအလဲမရှိဘဲ ဆက်လက်အတည်ပြု လိုက်ကြောင်း နယူးယောက်မြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက အတည်ပြုသည်။ ကော်မတီတွင် တရုတ်၊ ရုရှား အပါအဝင် ၉ နိုင်ငံ ပါဝင်ထားသော်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို့ ရာထူးကို တညီတညွတ်တည်း ဆက်လက်အသိအမှတ်ပြုထားခြင်းဖြစ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဦးကျော်မိုးထွန်းကို အစားထိုးရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိဘဲ ပြည်သူ့ဘက်တော်သား သံအမတ်ကြီးက ကုလသမဂ္ဂပလက်ဖောင်းပေါ်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုကာ စစ်ကောင်စီအပေါ် နိုင်ငံတကာအရေးယူမှု အရှိန်မြှင့်တောင်းဆိုနေဆဲဖြစ်သည်။

 

နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်း စစ်တပ်ထိုးစစ်ဆင်၊ လက်နက်ကြီး-ဒရုန်း-ဂျိုင်ရိုကော့ပတာနဲ့ ဗုံးကြဲလို့ ပြည်သူ ၂ ဦးသေ၊ အိမ် ၄၄ လုံးပြိုကျ

 

ဒီဇင် ၇

The Kaladan Post

ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီးလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ရန် အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်လျက်ရှိပြီး ဒီဇင်ဘာ ၃ ရက်တွင် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာရွာကို ခလရ ၇၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ရာ ဦးသူရိန်စိုး (၃၃ နှစ်) နှင့် ဦးတိုးကြီး (၇၀ နှစ်) တို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး ဒေါ်ခိုင်သဇင် (၄၂ နှစ်) အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာ ၂၇-၂၈ ရက်တွင် ကျောက်ကြီးမြို့နယ်၊ ကျွန်းကုန်း(ပိုးရိုးနိုဖိုး)ရွာနှင့် တမောမရွာဟောင်းကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျိုင်ရိုကော့ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၄၄ လုံး ပျက်စီးပြီး နော်တူးကလာ (၇၀ နှစ်) ဒဏ်ရာရခဲ့ကာ ဒေသခံများ စိုးရိမ်ကြောက်ရွံ့ထိတ်လန့်နေရပြီး နေ့စဉ်လုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြောင်း KNU က ဖော်ပြသည်။