စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ရှိ ကျခတ်ကျေးရွာတွင် တရားပွဲလုပ်နေသည့် ဘုန်းကြီးကျောင်း တစ်ကျောင်းအား အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ကိုရင်လေး သုံးပါး ပျံလွန်တော်မူပြီး  အရပ်သားပြည်သူ ၂ ဦး စုစုပေါင်း ၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရတယ် လို့‌ဒေသခံတွေက ပြောပါတယ်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး “ဧပြီလ ၁၂ ရက်နေ့ ၁ နာရီ ဝန်းကျင်လောက်မှာ လေယာဉ်တက်လာပြီး ကျခတ်ပြင်က ဘုန်းကြီးကျောင်းကို ပစ်သွားတာ၊ ကိုရင်သုံးပါး၊ ကျောင်းသားတစ်ဦးနှင့် စစ်ရှောင်တစ်ဦး ဆုံးသွားတယ်။ သေဆုံးတာက ငါးဦးပေါ့” ဟု ‌ဒေသခံတစ်ဦးက RFA Burmese ထံ ပြောကြားခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးနှစ်လုံးကြဲချကာ အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ၊ အာဏာသိမ်းမှုအပြီး ခရစ္စယာန် ဘာသာရေးအဆောက်အဦးအပါအဝင် ဘာသာပေါင်းစုံ အဆောက်အဦး ဖျက်ဆီးမှုသည် ရာချီရှိနေပြီး အဆိုပါ ဖျက်ဆီးခံရမှုတွင် ခရစ္စယာန် ဘာသာရေးအဆောက်အဦး ဖျက်ဆီးခံရမှု အများဆုံးဖြစ်သည်။ သို့သော် ယနေ့တိုင် မည်သည့် ဘာသာရေးအဖွဲ့အစည်းကမှ အဆိုပါ စစ်ကောင်စီ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်မှုမရှိသေးပေ။