ရခိုင်ပြည်တွင် စစ်တပ်လေကြောင်းဗုံးကျဲမှုများကြောင့် ပြည်သူ ၁၁ ဦးသေဆုံး၊

နိုဝင် ၉
The Kaladan Post
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်များတွင် နိုဝင်ဘာ ၈ ရက်နေ့က စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုများကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ပေါက်တောမြို့ပေါ် အခြေခံပညာအထက်တန်း ကျောင်းအတွင်း ခိုလှုံနေသော စစ်ဘေးရှောင်များရှိရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ပေါင် ၅၀၀ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့သည်။ အလားတူ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာ စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်ကို ဗုံးကျဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့သည်။ အခုရက်ပိုင်း ရခိုင်ဘက်တွင် လေကြောင်းတိုက်ခိုက်မှုများ အလွန်များပြားလာပြီး စစ်ရေးဖိအားပေးမှုများဖြစ်ပြီး ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်သဖြင့် စစ်တပ်က ရခိုင်ဘက်သို့ အာရုံပြောင်းလာခြင်းဖြစ်နိုင်သည် ဟု ရခိုင်စစ်ဘေးရှောင်ကူညီရေးကွန်ရက်အဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့ ဗုံး ၂ လုံးကျဲချမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ခမရ ၃၄၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်မှုများနှင့် အောင်ဖြူပြင်ကျေးရွာတွင် ဗုံးကျဲချမှုကြောင့် အရပ်သား နောက်ထပ် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖာပွန်ခရိုင်တွင် အောက်တိုဘာတွင်း တိုက်ပွဲ ၁၂၁ ကြိမ်ဖြစ်ပြီး စစ်တပ် တပ်ရင်းမှူး အပါအဝင် ၃၄ ဦးသေဆုံး

နိုဝင် ၉
The Kaladan Post
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲ ၁၂၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်သည်။ ထိုတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃၄ ဦးသေဆုံးကာ ၇၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်၏ ဌာနဆိုင်ရာအဆောက်အဦ ၁ လုံး ဖျက်ဆီး ခံခဲ့ရသည်။ တစ်ဖက်တွင် စစ်တပ်က ကျေးရွာများကို ဒရုန်း ၁၂ ကြိမ်၊ ဂျက်ဖိုက်တာ ၉ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦများ ထိခိုက် ပျက်စီးခဲ့သည်။ အလားတူ စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံး၊ ၃၉ ဦး ထိခိုက်ခဲ့ကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဖာပွန်ခရိုင်တွင် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် အရပ်သားထိခိုက်မှုများ ဆက်လက်မြင့်တက်လျက်ရှိသည်။

ရွာစဉ်ပတ်မီးရှို့ပြီး ပြန်လာသော စစ်ကြောင်း ကြားဖြတ်ခံရပြီး စစ်သား ၁၇ ဦးသေဆုံး

နိုဝင် ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ဖြင့် ရွာစဉ်ပတ်မီးရှို့နေသော စစ်သား များကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း အဆိုတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာ ၆ ရက်နေ့က ရွာသာကြီးရွာတွင် အထိုင်ချထားသော စစ်သားများသည် ရွာစဉ်ပတ်မီးရှို့ပြီး ပြန်လာချိန် လမ်းခုလတ်တစ်နေရာတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအ တွင်း စစ်သား ၁၇ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်ရှိတပ်ဖွဲ့များ ဝက်လက်မြို့တွင်း အထိုင်စခန်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ရသည်။ စစ်အုပ်စုက ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းများ ဆက်လက် ဖြန့်ကျက်လှုပ်ရှားနေသဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားပြီး ပြည်သူများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များ၏ ညွန်ကြားချက်များကို လိုက်နာကြရန် နှင့် တော်လှန်ရေးရဲဘော်များက ပြည်သူများရှေ့မှ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြောင်း အသိပေးထုတ် ပြန်ထားသည်။ ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် သေဆုံးသွားသော စစ်သားများကို မြောင်းအတွင်း ဖြစ်သလိုစွန့်ပစ်ထားသည်ကို တွေ့ရှိရသည်။

၁၀ ရက်အတွင်း ခမရ-၁၂၀ မှ တပ်စိတ်မှူးအပါအဝင် စစ်သား ၇ ဦး ထွက်ပြေး အလင်းဝင် ဝန်းသိုမြို့နယ် ပကဖ က ထိန်းသိမ်းစစ်ဆေး

နိုဝင် ၉
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက် အထိ ၁၀ ရက်အတွင်း တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၂၀ တပ်ရင်းမှ တပ်စိတ်မှူး၊ ဒုတပ်စိတ်မှူး အပါအဝင် စစ်သား ၇ ဦး ထွက်ပြေးအလင်းဝင်လာခဲ့ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက အတည်ပြုသည်။ ထိုအထဲတွင် ပကဖထံ ချိတ်ဆက်အလင်းဝင် လာသူ ၁ ဦး ပါဝင်ပြီး ကျန် ၆ ဦးမှာ တပ်ရင်းမှ ထွက်ပြေးလာချိန် ကျေးရွာပကဖများနှင့် တွေ့ဆုံ ဖမ်းဆီးရမိခြင်းဖြစ်သည်။ အလင်းဝင်သူမှာ မန္တလေးမှ ပေါ်တာဆွဲဖမ်းဆီးခံရသူ ဖြစ်ကာ ကျန်သူများမှာ မန္တလေး၊ ရန်ကုန်၊ မိတ္ထီလာ၊ ဖောင်းပြင်ဘက်မှ ပစ်စစ်မှုထမ်းများအပါအဝင် တပ်သား၊ လက်နက်ကြီးတပ်သားများ ပါဝင်သည်။ လက်ရှိ အလင်းဝင်သူကို စောင့်ကြည့်ကာလ ထားရှိပြီး ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးမည်ဖြစ်ကာ ကျန်ထွက်ပြေးသူများကို စစ်ရာဇဝတ်မှု ရှိမရှိ စစ်ဆေးနေပြီး အပြစ်ရှိပါက စစ်ခုံရုံးတင် အရေးယူမည်ဟု ပကဖ တာဝန်ရှိသူက ဆိုသည်။

 


သထုံနှင့် စလင်းမြို့နယ်များတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးပစ်ခတ် ပြည်သူ ၂ ဦး ဒဏ်ရာရ

နိုဝင် ၉
The Kaladan Post
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း နိုဝင်ဘာ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ဗုံး ၂၃လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နောင်ကတုတ်ကျေးရွာမှ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ ၁ မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆို သည်။ ဗုံးကျဲချမှုများမှာ နောင်ကတုတ်၊ ရွှေကြည်ချောင်းနှစ်ခွ၊ မရမ်းကုန်း၊ မိချောင်းအိုင်ကျေးရွာ များနှင့် ရွှေကြည်တံတားထိပ်၊ ဝင်းဖုန်းတောင်အနီးတို့တွင် ဖြစ်ပွားခဲ့သည်။ အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ် ကျွဲကျောင်းကျေးရွာတွင် အထိုင်ချထားသော စစ်တပ်က နိုဝင်ဘာ ၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် တောင်ကန်ကျေးရွာဘက်သို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်း သတင်းတာဝန်ခံက ဆိုသည်။ ထိုပစ်ခတ်မှု တွင် ထိခိုက်မှု မကြားရသေးပြီး ပစ်ခတ်သံများ ဆက်လက်ကြားနေရကြောင်း သိရသည်။ ယခုရက် ပိုင်းအတွင်း စစ်တပ်က နိုင်ငံတစ်ဝန်း စိုးမိုးမှုမရှိသော ဒေသများသို့ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကို အရှိန်မြှင့်တင်လာနေကြောင်း တော်လှန်ရေးရင်းမြစ်များက ထုတ်ဖော်သည်။


စစ်ကောင်စီတပ်သား ၃ ဦး ရန်ကုန်တိုင်း PDF တပ်ရင်း ၅၁၀၁ သို့ လက်နက်ခဲယမ်းနှင့် အလင်းဝင်

နိုဝင် ၉
The Kaladan Post
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅၁၀၁၊ ဗျူဟာ စစ်ကြောင်း ၁ ထံ စစ်ကောင်စီတပ်သား ၃ ဦး နိုဝင်ဘာ ၈ ရက်တွင် အလင်းဝင်ခိုလှုံခဲ့ကြောင်း ထုတ်ပြန်သည်။ အလင်းဝင်သူများမှာ ခမရ ၄၄၀ မှ တပ်သား ညီပု၊ ခမရ ၅၉၈ မှ တပ်သား ချမ်းဟိန်းနှင့် တပ်သား ဇော်ဇော်မိုး တို့ဖြစ်ပြီး၊ ၁ ဦးမှာ လက်နက်မဲ့ ဝင်ရောက်ခဲ့ပြီး ကျန် ၂ ဦးက လက်နက်ခဲယမ်းများနှင့်တကွ ပါဝင်လာသဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်လက်ခံကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ပြောဆိုသည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ်က လက်နက်ချ ပြည်သူနှင့် ပူးပေါင်းလိုသူ စစ်ကောင်စီတပ်သားများကို လူ့အခွင့်အရေး အပြည့်အဝ ကာကွယ်ပေးမည်ဖြစ်ပြီး လက်နက်နှင့်တကွ အလင်းဝင်သူများကို ဆုငွေများ ဆက်လက်ချီးမြှင့်သွားမည်ဟု ကြေညာထားသည်။ ပြည်သူ့ပန်းတိုင်မှ ကောက်ယူထား သည့် စာရင်းအရ အောက်တိုဘာ တစ်လတည်းတွင် နယ်မြေအသီးသီးမှ အလင်းဝင်သူ ၄၅ ဦး ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း စုစုပေါင်း ၂၂၄၆ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

စစ်တပ်ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈% ရှိဟု ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း စစ်တမ်းထုတ်ပြန်

နိုဝင် ၉
The Kaladan Post
ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) က အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၅ ရက်အတွင်း ကောက်ယူခဲ့သည့် စစ်တမ်းအရ အာဏာသိမ်းစစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်း၊ စစ်အာဏာသိမ်းမှုကို လက်မခံသူ ၉၉ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲတွင် တရားမျှတမှု မရှိဟု ယုံကြည်သူ ၉၈ ရာခိုင်နှုန်း၊ ပြဿနာများ ဖြေရှင်းနိုင်မည် မဟုတ်ဟု ယူဆသူ ၉၈ ရာခိုင်နှုန်းနှင့် မဲမပေးမည်ဟု ဖြေဆိုသူ ၉၆ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ စစ်တမ်းတွင် ဖြေဆိုသူ စုစုပေါင်း ၃၆၆၃ ဦး ပါဝင်ခဲ့ပြီး ၈၅ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံအတွင်းနေ ပြည်သူများဖြစ်ကာ ၁၅ ရာခိုင်နှုန်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း ဆိုသည်။ ဖြေဆိုသူများမှာ မြို့နယ် ၂၇၁ ခုမှ ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၂၉%၊ ရန်ကုန်တိုင်းမှ ၁၆% ရှိသည်။ မြို့ပြဒေသတွင် နေထိုင်သူ ၅၁%၊ မူလနေရာမှ ပြောင်းရွှေ့နေထိုင်သူ ၂၄% ပါဝင်ကြောင်းသိရသည်။ အသက်အရွယ်အားဖြင့် ၄၅ နှစ်အောက် ၇၀%၊ ၆၀ နှစ်အထက် ၆% ရှိပြီး ကျား ၅၀%၊ မ ၄၈%၊ LGBTQI+ သို့မဟုတ် မဖြေလိုသူ ၂% ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

 

ဗန်းမောက်တွင် စစ်ဆင်ရေး ထိရောက်စွာ ဆောင်ရွက်ရန် ညမထွက်ရအမိန့် ထုတ်ပြန်

နိုဝင် ၉
The Kaladan Post
ကသာခရိုင်အမှတ်(၄)တပ်ရင်းက ဗန်းမောက်မြို့နယ်တွင် စစ်ဆင်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ည ၉ နာရီကမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ထားကြောင်း နိုဝင်ဘာ ၉ ရက်တွင် ကြေညာခဲ့သည်။ ပြည်သူများ၏ လုံခြုံရေးနှင့် မလိုလားထိခိုက်မှုများ ရှောင်ရှားရန် စိတ်ရှည်သတိကြီး ပူးပေါင်းရန် တိုက်တွန်းထားပြီး၊ အရေးပေါ်နှင့် ကျန်းမာရေးကိစ္စများအတွက်မှ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး သွားရောက်ရန် ညွှန်ကြားထားသည်။ အမိန့်ကို မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားသည်။ ဗန်းမောက်မြို့တွင် နေထိုင်သော ကာကွယ်ရေးရဲဘော်တစ်ဦးက နေ့တိုင်နီးပါး ဆော်နေကြတယ်။ စကစနဲ့ SNA ကတော့ ဒရုန်းရော လေကြောင်းနဲ့ပါ မြို့တွင်း အဆောက်အဦး တွေကို ဗုံးကြဲနေတာ ရှိတယ် ဟု ဆိုခဲ့သည်။ စစ်ကောင်စီက မြို့ ပြန်ရရေး စစ်ကြောင်းထိုးရာလမ်း တလျှောက်တွင် ကျေးရွာများ မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်ပစ္စည်းများ ယူဆောင်နှင့် ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း မြို့ခံအချို့က ဆိုသည်။ မြို့အနောက်ဘက်ခြမ်းမှ ထိုးစစ်ဆင် လာသော စစ်ကောင်စီတပ်မှာ အင်အား ၅၀၀ ဝန်းကျင်ရှိပြီး၊ စစ်ကိုင်းအခြေစိုက် တပ်မ(၃၃) လက် အောက်ခံတပ်ရင်းများကို အင်အားဖြည့်ထားရာ အရင်မြို့နယ်အတွင်း တပ်စွဲခဲ့သော တပ်မ(၇၇) လက်အောက်ခံတပ်ရင်းများပါ ပါဝင်နေကြောင်း စစ်ကိုင်းအထက်ပိုင်း စစ်ရေးသတင်းရင်းမြစ်မှ သိရသည်။ တိုက်ပွဲများကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၂၀ ဝန်းကျင်နှင့် မြို့ပေါ်လေး ရပ်ကွက်မှ ပြည်သူ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဗန်းမောက် ပကဖ က ထုတ်ပြန်ထားသည်။ ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနှင့် စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။