ဇွန် ၁၀၊ ၂၀၂၆
The Kaladan Post
 
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၃၇ ဦးအထိ ရှိလာပြီး လူပေါင်း ၃၂,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
 
ဒါဟာ ဖိလစ်ပိုင်နိုင်ငံမှာ နှစ်ပေါင်း ၅၀ အတွင်း လှုပ်ခတ်ခဲ့သမျှ ငလျင်တွေထဲမှာ အပြင်းထန်ဆုံး တစ်ခုဖြစ်ပြီး လက်ရှိမှာ ကယ်ဆယ်ရေးသမားတွေဟာ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေ ရှိ၊ မရှိကို အသည်းအသန် ရှာဖွေနေကြပါတယ်။ တရားဝင်မှတ်တမ်းတွေအရ လူ ၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူ ၅၀၀ နီးပါး ရှိနေတယ်လို့ မြို့ပြကာကွယ်ရေးရုံးက ဆိုပါတယ်။
 
ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတာကတော့ လူဦးရေ ၇ သိန်းကျော်ရှိတဲ့ ဂျန်နရယ် ဆန်းတို့စ် (General Santos) မြို့ဖြစ်ပြီး အဆောက်အအုံတွေ ပြိုကျမှုကြောင့် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ဆာရန်ဂါနီ (Sarangani) ပြည်နယ်မှာတော့ တောင်ပြိုမှုတွေကြောင့် အိမ်တွေ မြေပိခဲ့ပြီး လူ ၁၈ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
 
“အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို စိတ်မချရသေးတဲ့အတွက် ကျောင်းတွေကို ချက်ချင်း ပြန်ဖွင့်ဖို့ ဖိအားမပေးနိုင်သေးပါဘူး” လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရာဖေးလ်လီတို အလက်ဇန္ဒရိုက ပြောပါတယ်။ ငလျင်လှုပ်တဲ့နေ့ဟာ နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းတွေ ပြန်ဖွင့်တဲ့ ပထမဆုံးနေ့ဖြစ်တာကြောင့် ဒဏ်ရာရသူတွေထဲမှာ ကျောင်းတက်ဖို့ စုဝေးနေကြတဲ့ ကျောင်းသားငယ်လေးတွေ အများအပြား ပါဝင်နေတယ်လို့ ဆိုပါတယ်။
 
အစိုးရရဲ့ အကြိုဆန်းစစ်ချက်အရ နေအိမ်ပေါင်း ၂,၅၀၀ ခန့်နဲ့ အစိုးရအဆောက်အအုံ ၁၁၇ လုံး ပျက်စီးခဲ့ပါတယ်။ ဂျန်နရယ် ဆန်းတို့စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ဒုတိယနေ့အဖြစ် ဆက်လက်ပိတ်ထားရတာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၆၃ ခုကို ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
 
ဒီငလျင်ဟာ ၁၉၇၆ ခုနှစ်က လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ငလျင်ကြီးနောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို အနီးကပ်ကြီးကြပ်ဖို့ ထိပ်တန်းအရာရှိတွေကို စေလွှတ်ထားပြီး စားနပ်ရိက္ခာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို အမြန်ဆုံး ဖြန့်ဝေပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အမေရိကန်၊ ပြင်သစ်၊ ဂျပန်နဲ့ နယူးဇီလန်နိုင်ငံတွေကလည်း ဖိလစ်ပိုင်နိုင်ငံအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အသင့်ရှိနေကြောင်း အသီးသီး ထုတ်ဖော်ပြောကြားထားကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ပစိဖိတ်မီးကွင်းဒေသ (Ring of Fire) မှာ တည်ရှိနေတာကြောင့် ငလျင်နဲ့ မီးတောင်အန္တရာယ်တွေကို နှစ်စဉ် ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
 
Source: Associated Press (AP)