မေ-၁
The Kaladan Post

၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၂၅ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အတွင်း မိမိတို့စိုးမိုးနယ် မြေတနေရာ၌ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲကျင်းပကြောင်း Earthquake People’s Defence Force၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါသင်တန်းတွင် Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စသည့်အဖွဲ့ ( ၅ ) ဖွဲ့မှ ရဲဘော် အယောက် ( ၄၀ ) တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းတွင် စစ်ပညာသင်တန်းအား မြိုင်ပကဖမှ သင်တန်းဆရာများက သင်ကြားပေးပြီး နိုင်ငံရေးသင်ခန်းစာ၊ CoC နှစ်ရပ်၊ ပြည်သူ့စစ်မဟာဗျူဟာနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုစသည့် သင်ခန်းစာများကို သင်တန်းဆရာ ဆရာချစ်ဝင်းမောင်က သင်ကြားပေးရာ ရက်ပေါင်း ( ၄၅ ) ရက်ကြာ တက်ရောက်ခဲ့ ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သတင်းနှင့်ပတ်သက်၍ The Kaladan Post မှ Earthquake People’s Defence Force တာဝန်ခံ ရဲဘော်အရှည်ကြီးအား ဆက်သွယ်မေးမြန်းရာတွင် “မိမိတို့၏ ပထမ ရည်ရွယ်ချက်သည် တော်လှန်ရေးအောင်မြင်ဖို့သာဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့သည် မိမိတို့တပ်ရင်းတပ်ဖွဲ့အသီးသီးဖြင့် နေထိုင်ရပ်တည်လာခဲ့ကြသော်လည်း ယနေ့အချိန်တွင် အဖွဲ့များပြားစွာ ကွဲပြား၍ မရတော့ဘဲ CoC (၂)ရပ်နှင့် အမိန့်နာခံမှုရှိသော တပ်တစ်တပ်အဖြစ် ရပ်တည်ရန် လိုအပ်လာသည့်အတွက် ပြန်လည်ပေါင်းစည်းဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောပါသည်။

 

ဆက်လက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲရန် အစီအစဉ်ရှိမရှိအား မေးမြန်းရာ ၎င်းတာဝန်ခံက မိမိတို့သတ်မှတ်ထားသည့် အင်အား၊ Target ပြည့်မီလာပါက လက်ရှိအဖွဲ့အစည်းအမည်၊ အမှတ်တံဆိပ်တို့ကို ဖျောက်ဖျက်ပြီး အဖွဲ့အစည်းတစ်ခုအောက်တွင် အဖွဲ့ဝင်အားလုံးရပ်တည်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ မိမိတို့တပ်ဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ လက်အောက်ခံတပ်ဖွဲ့ မဟုတ်သော်လည်း မိမိတို့ခရိုင်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ရေစကြိုပကဖ၊ ပခုက္ကူပကဖများနှင့်အတူ စစ်စခန်းသိမ်းခြင်း၊ ပျောက်ကျားစစ်ဆင်ရေးဖြင့် လက်နက်ခဲယမ်းများ အများအပြားသိမ်းဆည်းနိုင်ခြင်း အစရှိသည့် အောင်မြင်မှုများရရှိသည်အထိ ပူးပေါင်းချိတ်ဆက် စစ်ဆင်‌ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ ထို့အပြင် နောင်အနာဂတ်တွင် ပကဖ များနှင့် ပူးပေါင်းရန်ရှိပါသော်လည်း ယခုလက်ရှိအ‌ခြေအနေတွင် မိမိတို့အနေဖြင့် တပ်တစ်တပ်ဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်၍ မိမိတို့အဖွဲ့အတွင်း ဆက်လက်ဆွေးနွေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ထို့အပြင် ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မေးမြန်းချက်အား ပခုက္ကူခရိုင်အတွင်းရှိ Local တပ်ရင်းတပ်ဖွဲ့များနှင့် အင်အားတိုးချဲ့ ပူးပေါင်းဆောင်ရွက်ရေး မြေပြင်တွင် တွေ့ဆုံဆွေးနွေးမှုများရှိပါကြောင်း၊ တခြား Local တပ်ဖွဲ့များ လည်း မိမိတို့အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသည့်အတွက် အပတ်စဉ်(၂)သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးရန် အဆင်သင့်ရှိနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

 

၎င်းသင်တန်းတွင် ကြံ့ခိုင်ရေးထူးချွန်ဆု၊ စာရိတ္တအကောင်းဆုံးဆု၊ စစ်ရေးပြထူးချွန်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု စသည့် ဆုအသီးသီးရရှိသူများအား ဂုဏ်ပြုချီးမြှင့်ကြောင်းကိုလည်း သိရှိရပါသည်။