ဒီဇင် ၁၂

Kaladan Post

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီမှစတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစု (CB၊ CC ပူးပေါင်း) က အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး အရာရှိ၊ စစ်သား ၂၀ ခန့် သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများ (လက်နက် ၃၀ ခန့်အပါအဝင်) နှင့် စစ်သုံ့ပန်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးဘက်မှ သတင်းရင်းမြစ်များက ယနေ့ အတည်ပြုပြောဆို သည်။ အဆိုပါစစ်ကြောင်းသည် စစ်တပ်ဘက်မှ အထိနာသဖြင့် တစ်နေ့လုံး တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ပေါင်းစုဘက်တွင် ကျဆုံးသူ မရှိဘဲ အောင်ပွဲရရှိခဲ့ ကြောင်း သိရသည်။ စစ်တပ်သည် မြေပြင်တပ်များအပြင် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူ များဖြင့် အင်အားအလုံးအရင်းအသုံးပြု၍ ဖလမ်းအပါအဝင် ချင်းပြည်နယ်အတွင်း စစ်ကြောင်းများ ခွဲကာ ထိုးစစ်ဆင်လျက်ရှိနေသည်။ ဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး ဟားခါးမြို့တွင်းနေထိုင်သူတစ်ဦးက “ဒီအောင်မြင်မှုကိုရရှိတယ်ဆိုတာထက် ကျွန်တော်အနေဖြင့် ဝမ်းသာမိတာက CB၊ CC စု ပေါင်းပြီး တိုက်ခိုက်တယ်ဆိုပါ ဒီလိုအောင်မြင်မှုက စုပေါင်းအားဆိုတဲ့အဓိပ္ပာယ်ကို သတ်သေပြလိုက်တာပါ ဒီ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းဟာ တစ်ရက်ထက်တစ်ရက်အရှိန်မြင့်လာတယ် အဲ့ဒါကြောင့် ကျွန်တော်တို့ ချင်းပြည်တစ်စုတစည်းတည်း ပေါင်းစည်းနိုင်ရေးကို တော်လှန်ခေါင်းဆောင်များအနေ ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးစေပါတယ်ဟု “ The Kaladan Post သို့ မှတ်ချက်ပြုပါသည်။ ထို့အပြင် လွန်ခဲ့တဲ့နိုဝင်ဘာလကလည်း ချင်းပြည်သို့ စစ်ကြောင်းထိုး စစ်ကောင်စီတပ်ကု ချင်းတော်လှန်ရေး ပူးပေါင်းတပ်များနှင့် ကလေးနယ်အခြေစိုက်တော်လှန်ရေးတပ်များပူးပေါင်းကာ စစ်တပ်ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။