ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး သဘောတူညီမှုရရှိ
ဖေဖော် ၁၁
The Kaladan Post
ချင်းပြည်နယ် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နှင့် အာရက္ခတပ်တော် (ULA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MTC က ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်သည်။ ဤတွေ့ဆုံမှုသည် ၂၀၂၅ ခုနစ် စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ULA/AA အား ယခင်ကတည်းက မဟာမိတ်ထက်ပို၍ ဂရုစိုက်မှု၊ ဖော်ရွေမှုများ ပြသပေးခဲ့သည့်အတွက် လေးစားကျေးဇူးတင်ရှိကြောင်း MTC က ပြောဆိုသည်။ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှု၊ နားလည်မှုများအပေါ် အခြေခံ၍ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်သွားလိုကြောင်း အလေးပေး ပြောဆိုထားသည်။ ထို့ပြင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည် အာရက္ခတပ်တော် (AA)အပါအဝင် ချင်းညီနောင်အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စစ်တပ်ကိုကူညီပေးသော ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီတို့နှင့် ပူးပေါင်းသူများကို အရေးယူမည်ဟု ကြေညာ
ဖေဖော် ၁၁
The Kaladan Post
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂလိက Non-CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီက ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေသော ကုမ္ပဏီများနှင့် ဝန်ထမ်းများကို စစ်တပ် ထောက်ခံသူများအဖြစ် သတ်မှတ်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ ဤကုမ္ပဏီများသည် စစ်တပ်ကို နေ့စဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေသည်ဟု စွပ်စွဲထားပြီး ပြည်သူလူထုကို သတ်ဖြတ်မှုများတွင် အထောက်အကူ ဖြစ်နေသည်ဟု ဆိုထားသည်။ စစ်တပ်အာဏာသိမ်းချိန်တွင် ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်း ၉၅ ရာခိုင်နှုန်းခန့် CDM လုပ်ဆောင်ခဲ့ မှုကြောင့် ကြေးနီစီမံကိန်း ရပ်တန့်သွားခဲ့သော်လည်း၊ ၂၀၂၄ ခုနှစ်မှ စတင်၍ CDM မလုပ်ဆောင်ပဲ ကျန်ရှိနေသော ဝန်ထမ်းများဖြစ်သည့် ဦးဝင်းမြင့်၊ ဦးသိန်းထွန်းဆွေ၊ ဦးစိုင်းအောင်ကို၊ ဦးညိုလင်းသန်း၊ ဦးဟန်သာစိုး၊ ဦးအုန်းလွင်မြင့်၊ ဒေါ်သီသီဦး၊ ဦးသိန်းစိုး၊ ဦးသန်းနိုင်စိုး နှင့် ဦးကျော်ကျော်ဦး တို့က လုပ်ငန်းပြန်လည်လည်ပတ်ရန် တက်ကြွစွာ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထို့အပြင် လိုအပ်သော ယန္တရားများနှင့် ဝန်ထမ်းများကို စိန်ပစ်တိုင်းထောင်ကုမ္ပဏီ နှင့် Sun & Moon ကုမ္ပဏီ တို့က ပံ့ပိုးပေးခဲ့သည်ဟု ဆိုထားသည်။ဤပူးပေါင်းမှုကြောင့် ဝမ်ပေါင်ကုမ္ပဏီသည် တစ်ရက်လျှင် ကြေးနီ တန် ၃၀၀ ခန့် ထုတ်လုပ်နိုင်ပြီး အမေရိကန် ဒေါ်လာ ၈၁ သန်းခန့် ဝင်ငွေရရှိနေ ကြောင်း၊ ယန်စီကုမ္ပဏီက ဒေါ်လာ ၄၈ သန်းခန့် ရရှိနေကြောင်း ဤဝင်ငွေများသည် စစ်တပ်က ပြည်သူ များကို သတ်ဖြတ်ရန် အသုံးပြုနေသည်ဟု စွပ်စွဲထားသည်။ ထို့ကြောင့် ဆားလင်းကြီးမြို့နယ်အတွင်း စစ်တပ်နှင့် ဆက်စပ်နေသော ကုမ္ပဏီများနှင့် Non-CDM ဝန်ထမ်းများကို နွေဦးတော်လှန်ရေးနှင့် ပူး ပေါင်းရန် ဖိတ်ခေါ်ခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းများ ရပ်စဲကြရန် တိုက်တွန်းထားသည်။ လက်မခံပါက စစ်တပ်ထောက်တိုင်အဖြစ် သတ်မှတ်ကာ ဥပဒေအရ ပြင်းထန် စွာ အရေးယူသွားမည်ဟု ကြေညာထားသည်။ ကျန်ရှိနေသော ဦးဆောင်သူများနှင့် ကန်ထရိုက်ကုမ္ပဏီ များကိုလည်း အချိန်မီ ပူးပေါင်းရန် သတိပေးထားပြီး၊ ဆက်လက်လုပ်ဆောင်ပါက ပြည်သူ့သစ္စာဖောက် အဖြစ် အမည်နှင့်တကွ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဖက်ဒရယ်နှင့် ဆန့်ကျင်သည့် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
ဖေဖော် ၁၁
The Kaladan Post
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၂၆ တွင် ကျရောက်သော (၇၈) ကြိမ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနား တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မိန့်ခွန်းပြောကြားခဲ့သည်။ စစ်အုပ်စုသည် လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်ဖြင့် ရာသက်ပန်း အုပ်ချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မသမာသော နည်းလမ်းများဖြင့် ရွေးကောက်ပွဲ လုပ်ဆောင်အနိုင်ယူခဲ့ကြောင်း ရှုတ်ချပြီး ထိုစနစ်၏ ထောက်တိုင်များကို ဖြိုချဖျက်ဆီးရမည်ဟု တိုက်တွန်းခဲ့သည်။ လက်ရှိ အချိန်သည် ကရင်အမျိုးသား များသာမက အခြားတိုင်းရင်းသားလူမျိုးများအတွက်ပါ စိန်ခေါ်မှုများ ရင်ဆိုင်နေရသော အချိန်ဖြစ် ကြောင်း၊ စစ်တပ်၏ အာဏာသိမ်းမှုသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ကရင်လူမျိုးများအပါအဝင် တိုင်းရင်း သားအားလုံး ရေရှည်တည်တံ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွဲ ပူးပေါင်းကာ အာဏာရှင်စနစ်၏ ထောက်တိုင်များကို ဖြိုချဖျက်ဆီးရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ အနာဂတ်နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် ကရင်လူမျိုးများ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ရန်နှင့် ခိုင်မာသော စိတ်ဓာတ်ဖြင့် ကျွန်ုပ်တို့ ၏ အမျိုးသားရန်သူဖြစ်သည့် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရမည် ဟု အလေးပေးပြောဆိုသည်။ ကရင်အမျိုးသားများ စည်းလုံးညီညွတ်မှု တည်ဆောက်ရေး၊ အမျိုးသားလက္ခဏာများကို ကိုင်ဆောင်ကာ ရည်မှန်းချက်ပန်းတိုင် ပြည့်မီရေး ကြိုးပမ်းရန်လည်း တိုက်တွန်းခဲ့သည်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကို ကမ္ဘာ့ခေါင်းဆောင်များ လျစ်လျူရှုဟု RCSS/SSA ဥက္ကဋ္ဌ ဝေဖန်
ဖေဖော် ၁၁
The Kaladan Post
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က အာဏာသိမ်း စစ်တပ်က အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေ သော်လည်း ကမ္ဘာ့ခေါင်းဆောင်များက လျစ်လျူရှုနေကြောင်း ရိုက်တာသတင်းဌာနသို့ သီးသန့်တွေ့ဆုံ မေးမြန်းချက်တွင် ပြောကြားခဲ့သည်။ “အရပ်သားတွေ ဒုက္ခအရမ်းရောက်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီကိစ္စကို မလျစ်လျူရှုသင့်ပါဘူး။ ဒီနေ့ခေတ်မှာ ငါတို့ ဘယ်သူ့ကို အားကိုးရမလဲ ဆိုတာ စဉ်းစားလို့မရတော့ဘူး” ဟု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ထောက်ပြခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ပဋိပက္ခတွင် တကယ်ဝင်ရောက်စွက်ဖက်နေသော နိုင်ငံမှာ တရုတ်နိုင်ငံတစ်နိုင်ငံသာ ရှိကြောင်း ဖြည့် စွက်ပြောဆိုခဲ့သည်။ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်အဖွဲ့များ၏ အချက်အလက်များအရ လွန်ခဲ့သည့် ၁၅ လအတွင်း စစ်တပ်က အရပ်သားနေထိုင်ရာ နေရာ ၁,၀၀၀ ကျော်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်း အရပ်သား ၁,၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ဖော်ပြ ထားသည်။ စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆ ဖြစ်သည်။ ပြီးခဲ့သည့် (၇၉) နှစ်မြောက် ရှမ်းအမျိုးသားနေ့ စစ်ရေးပြအခမ်းအနားအပြီး လက်နက်ကိုင် အဖွဲ့များ အကြား ယုံကြည်မှု တည်ဆောက်ရန်နှင့် စစ်ပွဲကို အဆုံးသတ်ရန် နိုင်ငံရေးဆွေးနွေးမှုများ မဖြစ်မနေ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ထပ်လောင်း တိုက်တွန်းခဲ့သည်။

သထုံနှင့် မော်လမြိုင်မြို့နယ်များတွင် စစ်မှုထမ်း အပတ်စဉ် ၂၂ အတွက် လူငယ်ရာချီ ပေါ်တာဆွဲ ဖမ်းဆီးခံရ
ဖေဖော် ၁၁
The Kaladan Post
မွန်ပြည်နယ် သထုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် စစ်တပ်နှင့် ပူးပေါင်းသော အုပ်ချုပ်ရေးမှူး၊ ပျူ စောထီးအဖွဲ့များက လူငယ်များကို အိမ်အတွင်း၊ အရက်ဆိုင်များ၊ လမ်းပေါ် နှင့် ပွဲလမ်းသဘင်များမှ ဝင်ရောက်စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသတင်းရင်းမြစ်က ပြောဆိုသည်။ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့သစ် ကျိုက်ကော်မြို့ ပဲခူးစု ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၀ ရက် ည ၇ နာရီခန့်က နယ်ထိန်းရဲနှင့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့် အဖွဲ့က လိုက်ထရပ်ကား ၂ စီး အပြည့်နှင့် လူငယ် ၅၀ နီးပါး ဖမ်းဆီးခဲ့ပြီး အသက် ၂၅ မှ ၄၀ ဝန်းကျင်ရှိ လူငယ်များ အများဆုံး ပါဝင်ကာ နောင်ဘိုကျေး ရွာ အာဝါဒေးပွဲ တက်ရောက်နေသူများပါ ပါဝင်ခဲ့သည်။ ဖမ်းဆီးခံရသူများကို သထုံမြို့နယ် ထောက်ပို့ တပ်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။ အလားတူ မော်လမြိုင်မြို့ပေါ်တွင်လည်း မောင်ငံရပ်ကွက် အပါအဝင် ရပ်ကွက်များတွင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး သန်းထိုက်တို့ ဦးဆောင်ကာ နေ့ညမပြတ် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဖေဖော်ဝါရီလ ဆန်းပိုင်းအတွင်း လူငယ် ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း မြို့ပေါ် ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်။ ထို့ပြင် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်လျှင် အနည်းဆုံး ၆ သောင်း လစဉ်ကောက်ခံနေဆဲ ဖြစ်သည်။ စုစုပေါင်း အဆိုပါ မြို့နယ်နှစ်ခုတွင် ရာချီ ဖမ်းဆီးခံရပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်မှုထမ်း အပတ်စဉ် ၂၂ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။

ချက်ကန်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံး
ဖေဖော် ၁၁
The Kaladan Post
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ချက်ကန်ကျေးရွာ (Chatkan village) ကို စစ်တပ် လေတပ်မှ ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် လေယာဉ်များဖြင့် ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး သေဆုံးပြီး အနည်းဆုံး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှု အဖွဲ့အစည်း -မြိုင်က ထုတ်ပြန်သည်။ နံနက် ၉:၅၈ နာရီခန့်တွင် ဆိပ်ဖြူ ကပစ (၂၂) မှ ပါရာမော်တာ လေယာဉ်တစ်စီးဖြင့် ပထမအကြိမ် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၃ စီးက နံနက် ၁၀:၄၉ နာရီ၊ ၁၀:၅၁ နာရီ၊ ၁၀:၅၃ နာရီ၊ ၁၀:၅၄ နာရီနှင့် ၁၀:၅၅ နာရီတို့တွင် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာတွင် ဘုရားပွဲ ကျင်းပနေချိန်ဖြစ်သဖြင့် လူစုလူဝေး များပြားနေချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ အစောပိုင်း သတင်းများတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိနိုင်ဟု ယူဆခဲ့သော်လည်း နောက်ပိုင်း ဆက်သွယ်မရ ဖြစ်နေသူအချို့ ပြန်တွေ့ရှိခဲ့သဖြင့် သေဆုံးဦးရေ ၅ ဦးအဖြစ် အတည်ပြုခဲ့ကြောင်း သိရသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြင်းထန်လာနေပြီး ဒေသခံများအနေဖြင့် လူစုလူဝေး ပွဲလမ်းသဘင်များ (ဘုရားပွဲ၊ အလှူအတန်း၊ မင်္ဂလာဆောင်၊ ဘောလုံးပွဲ စသည်) တွင် ပါဝင်ခြင်း ရှောင်ကြဉ်ရန်နှင့် လုံခြုံရာ နေရာများသို့ ရှောင်တိမ်းနေထိုင်ရန် လိုအပ်ကြောင်း တော်လှန်ရေးတပ်များ၏ တိုက်တွန်းချက်များလည်း ထွက်ပေါ်လာနေသည်။

ချောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦး ခန့်သေဆုံး
ဖေဖော် ၁၁
The Kaladan Post
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နံနက် ၉:၃၅ နာရီခန့်တွင် မကွေးခရိုင်၊ ချောက်မြို့နယ် ဆင်ကဘက်မှ တက်လာသော စစ်ကောင်စီ စစ်ကြောင်း (အင်အား ၁၀၀ ခန့်) သည် ဗိုလ်ကုန်းကျေးရွာနှင့် စန်းကန် ကျေးရွာကြားသို့ ရောက်ရှိလာချိန်တွင် မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၁) တပ်ရင်း၊ အမှတ်(၃) တပ်ရင်း၊ SR-7 မကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း (၇) နှင့် ဧရာဒေါင်း (Local) အဖွဲ့များက ပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင်အမှတ်(၁)တပ်ရင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် က အသိပေးထားသည်။ ပထမအကြိမ် မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး ဒုတိယအကြိမ် မိနစ် ၅ ခန့် ဆက်လက် ထိတွေ့ခဲ့ရာ စစ်ကောင်စီ တပ်သားများမှ ၁၀ ဦးဝန်းကျင် သေဆုံးကာ အများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များတွင် အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ မကွေးခရိုင်စစ်ဌာန လက်အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များနှင့် တော်လှန်ရေး အင်အားစုများ က ပူးပေါင်း၍ အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ပွဲများကို အရှိန်မြှင့် ဆက်လက် ဖော်ဆောင်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြထားသည်။

ကန့်ဘလူခရိုင်တွင် စစ်တပ်စခန်း (၄) ခု သိမ်းပိုက်ပြီး စစ်တပ် ဘက်မှ ၉၆ ဦး သေဆုံး
ဖေဖော် ၁၁
The Kaladan Post
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ အစအထိ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း စစ်ကော်မရှင်စခန်း (၄) ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (ပကဖ) နှင့် EROs(AA) ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက အသိထားသည်။ သိမ်းပိုက်ခဲ့သော စစ်ကော်မရှင်စခန်းများမှာ-ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ (ပျူစောထီး) ရွာစခန်း (ဗိုလ်ကြီး နောင်သူရ ဦးစီး ခလရ-၃၀၅ နှင့် ပျူစောထီး ပူးပေါင်း အင်အား ၁၀၀ ဦး) – ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ တိုက်ခိုက်သိမ်းပိုက်ပြီး ဆက်လက် ထိန်းချုပ် ထားသည်။ ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ပေကြီး (ပျူစောထီး) ရွာစခန်း နှင့် ငှက်ပျောတိုင်း (ပျူစောထီး) စခန်း (ဒု-ဗိုလ်မှူးကြီး အောင်မျိုးဦး ဦးစီး ပူးပေါင်း အင်အား ၁၀၅ ဦး) – ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်း ပြန်လည်ဆုတ်ခွာခဲ့သည်။ ကျွန်းလှမြို့နယ် အင်တိုင်း (ပျူစောထီး) ရွာစခန်း၊ ရွှေပေါ်ကုန်း စခန်း နှင့် Power House စခန်း (တပ်ကြပ်ကြီး အောင်အောင် နှင့် ပျူစောထီး ခေါင်းဆောင် ဇော်ကြီး ဦးစီး ပူးပေါင်း အင်အား ၁၀၈ ဦး) – ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ တိုက်ခိုက်သိမ်းပိုက်ပြီး ဆက်လက် ထိန်းချုပ်ထားသည်။ ထို့ပြင် ကောလင်းမြို့မှ ထွက်လာသော စစ်ကြောင်းကိုလည်း ဖေဖော်ဝါရီ ၇ ရက်မှ ၈ ရက်အထိ ကန့်ဘလူမြို့နယ် PDF၊ ပကဖ စုစည်းစစ်ကြောင်း၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့၊ ကောလင်းမြို့နယ် PDF/ပကဖ နှင့် EROs(AA) ပူးပေါင်း တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် ပျူစောထီး ဘက်မှ စုစုပေါင်း ၉၆ ဦး သေဆုံး၊ ၃၈ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကော်မရှင်အဖွဲ့ဝင် ၁ ဦး အပါအဝင် ၁၀၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။ စစ်ကောင်စီက ဂျက်ဖိုက်တာ/Y-12 ဖြင့် ၃၇ ကြိမ်၊ Gyrocopter ဖြင့် ၄ ကြိမ်၊ ကာမီကာဇယ် ဒရုန်း ဖြင့် ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ တွင် လက်နက် ၁၈၇ လက်၊ ကျည်ဆန် ၂၄,၆၅၂ တောင့်၊ ဗုံးသီး ၅၃၀ လုံး၊ စစ်သုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

မှော်ဘီမြို့နယ်တွင် ပေါ်တာဆွဲရန် ထွက်လာသော ရဲနှင့် ပျူစောထီးများ လက်ပစ်ဗုံးနှင့် မိုင်းဖြင့် တိုက်ခိုက်ခံရ
ဖေဖော် ၁၁
The Kaladan Post
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မရဲစခန်းအနီး၌ ဖေဖော်ဝါရီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်က ပေါ်တာဆွဲရန် အိမ်စီးကားဖြင့် ထွက်လာသော ရဲနှင့် ပျူစောထီးများကို လက်ပစ်ဗုံး ၂ လုံးနှင့် လက်လုပ် မိုင်း ၂ လုံးကို အသုံးပြု၍ အချိန်ကိုက် တိုက်ခိုက်ခဲ့ ကြောင်း မြို့ပြကြွက်အဖွဲ့က အသိပေးထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ပစ်မှတ်ဖြစ်သော အိမ်စီးကားကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ကားပေါ်တွင် အင်အား ၇ ဦးခန့် ပါဝင်နေနိုင်ကာ ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့သည်ဟု မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ဆိုသည် ။ စစ်ကောင်စီ၏ လူအင်အားစုဆောင်းရေး လုပ်ငန်းစဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဤတိုက်ခိုက်မှုအပြီး ရဲစခန်းနှင့် နီးကပ်မှုကြောင့် နောက်ဆက်တွဲ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာနိုင်သည်ဟု ဒေသခံများက စိုးရိမ်နေကြသည်။

ကစယ်ဒိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦး သေဆုံး
ဖေဖော် ၁၁
The Kaladan Post
ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က သရက်ချောင်းမြို့မှတစ်ဆင့် ဝင်းဝတပ်စခန်းသို့ တပ်အင်အားဖြည့်ရန် ထိုးလာသော စစ်ကောင်စီ ခလရ (၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) တပ်ရင်း (၁၂)၊ တပ်မဟာ (၆) တပ်ရင်း (၂၇) ပါဝင်သော တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့မှ စစ်သား ၉ ဦး သေဆုံးခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၅ လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
