ရန်ကုန်တိုင်း မင်္ဂလာဒုံ ရဲစခန်းဂိတ်ကင်း မိုင်းခွဲတိုက်ခိုက်ခံရ

ဖေဖော် ၁၆
The Kaladan Post
ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ရဲစခန်းဂိတ်ကင်း တစ်ခုတွင် အရက်သောက်သုံးနေသည့် ရဲများကို Yangon Army (YA) နှင့် ရန်ကုန်တိုင်း ပကဖ အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ (၇) တို့ ပူးပေါင်း၍ ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း YA က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုကြောင့် ရဲများ ထိခိုက်ဒဏ်ရာရရှိမှု ရှိနိုင်သော်လည်း အရေအတွက် ကို အတိအကျ အတည်မပြုနိုင်သေးကြောင်း သိရသည်။ Yangon Army အဖွဲ့က စစ်ကောင်စီနှင့် ဆက်စပ်ပစ်မှတ်များ၊ တရားမဝင် ရွေးကောက်ပွဲမှ တက်လာသော အစိုးရနှင့် ပတ်သက်သည့် ပစ်မှတ် များကို ဆက်လက် ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

တီးတိန်မြို့နယ် ဇန်ဇောလ်ကျေးရွာ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

ဖေဖော် ၁၆
The Kaladan Post
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ဘင်း (Mualbem) ကျေးရွာအုပ်စုတွင် ပါဝင်သော ဇန်ဇောလ်ကျေး ရွာကို ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီခန့်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးက တံတားဦး လေတပ်စခန်းမှ တက်လာ၍ နှစ်ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း PDF Zoland က ထုတ်ပြန်သည်။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ဗုံးပေါက်ကွဲမှု ပြင်းထန် သဖြင့် ကျေးရွာအတွင်း လူနေအိမ်များ ပျက်စီးခဲ့သလို လမ်းမပေါ်တွင် ရပ်ထားသော ကားတစ်စီးလည်း လွင့်ထွက်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။ ဇန်ဇောလ်ကျေးရွာသည် ဖလမ်းမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ကျေးရွာဖြစ်ပြီး ယခင်ကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ဖူးကြောင်း သိရသည်။ ဒေသခံများက ကြောက်လန့်စိုးရိမ်မှုများဖြင့် ညအိပ်မပျော်ဘဲ နေထိုင်နေရ ကြောင်း PDF Zoland က ပြောဆိုသည်။ စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ ငြိမ်းချမ်းသော နိုင်ငံတော်တစ်ခု ပြန်လည်ရရှိရေး လူထုတစ်ရပ်လုံး ပူးပေါင်း ကြိုးပမ်းကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

စစ်တပ်က တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို နှင်ထုတ်

ဖေဖော် ၁၆
The Kaladan Post
မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တီမောလက်စ်တေ (Timor-Leste) သံရုံး ယာယီတာဝန်ခံ မစ္စတာ အဲလီစီယိုဒို ရိုဆားရီရို ဒီ ဆော်ဆာ (Elisio do Rosario de Sousa) ကို ဖေဖော်ဝါရီ ၂၀ ရက်မတိုင် မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် သည်။ ဤလုပ်ရပ်မှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စ်တေ တရားရေးဌာနတွင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ခေါင်းဆောင်များကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပြင်အဆင့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခဲ့မှုကို လက်ခံ စစ်ဆေးနေခြင်းကြောင့် ဖြစ်သည်။ တီမောလက်စ်တေ သမ္မတ ဂျိုးဇက် ရာမို့စ်ဟော်တာ (José Ramos-Horta) က ဇန်နဝါရီ ၁၄ ရက်တွင် CHRO ကိုယ်စားလှယ် များကို လက်ခံ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုကို အသိအမှတ်ပြု၍ အတူရပ်တည်ကြောင်း ပြောကြားခဲ့သည်။ တီမောတရားရေးဌာနက အကြီးတန်း ရှေ့နေတစ်ဦးကို တာဝန်ပေး၍ စွဲချက်များကို စတင် စစ်ဆေးလေ့လာနေပြီဖြစ်ကြောင်း CHRO က ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက ဤလုပ်ရပ်များကို မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဟု စွပ်စွဲကာ တီမောလက်စ်တေ၏ ရပ်တည်ချက်များ မပြောင်းလဲပါက ပိုမိုပြင်းထန်သော အစီအမံများ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ တီမောလက်စ်တေ သည် လွတ်လပ်သော တရားစီရင်ရေးစနစ်ရှိ အချုပ်အခြာအာဏာ ပိုင်နိုင်ငံဖြစ်ပြီး စစ်ကောင်စီက ဤကိစ္စကို ပြည်တွင်းရေး စွက်ဖက်မှုဟု စွပ်စွဲခြင်းမှာ နောက်ကြောင်းပြန်ဆိုင်ရာ မရှိကြောင်း ဆလိုင်းမန်ဟရဲလျန်က ထောက်ပြခဲ့သည်။

တောင်သာမြို့နယ် ပဲခင်းကျော်ရွာ စစ်တပ်က နေအိမ် ၅၀ ကျော် မီးရှို့ပျက်စီး

ဖေဖော် ၁၆
The Kaladan Post
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကျော်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်ရောက်ရှိ တပ်စွဲနေသော စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ စစ်ကြောင်းက ကျေးရွာအတွင်း ပြည်သူများ၏ ကောက်ပဲသီးနှံများကို ၁၂ ဘီးကားများဖြင့် သယ် ဆောင်သွားပြီး မသယ်ဆောင်နိုင်သော မြေပဲ၊ ပဲစင်းငုံ အိတ်များကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။ ထို့ပြင် စစ်ကြောင်းက မြုပ်နှံထားသော စစ်သားအလောင်း ၁ ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စက်တပ်လေထီးများဖြင့် ဗုံးကြဲ တိုက်ခိုက်မှု များလည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် မင်းတည်းရွာ ဘက်မှ ထွက်လာသော စစ်ကြောင်းက နကူး-အုန်းပင်တောရွာ အကြားမှ အောင်သာရွာ အနောက်တောင်ဘက်သို့ ရောက်ရှိလာပြီး တောင်ယာလုပ်နေသော ပြည်သူ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်လာကာ အောင်သာရွာတွင် ရှိနေကြောင်း သိရသည်။ လက်ရှိ စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာ နှင့် ပဲခင်းကျော်ရွာ အပါအဝင် အနီးအနားကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ (UTF) တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား ကရင်နီတွင် ကျင်းပ

ဖေဖော် ၁၆
The Kaladan Post
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ (Urban Task Force Aung Ban – UTF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကရင်နီ ပြည်နယ် တစ်နေရာတွင် ကျင်းပခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ အခမ်းအနားသို့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး မဟာမိတ် အဖွဲ့အစည်းများထံမှ ဂုဏ်ပြုသဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။ အခမ်းအနားတွင် UTF တပ်ဖွဲ့၏ လွန်ခဲ့သော ၄ နှစ်တာ ခရီးစဉ်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် စီမံကိန်းများကိုလည်း ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရသည်။ UTF တပ်ဖွဲ့သည် နောက်ပိုင်းတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့အဖြစ် ဆက်လက် လှုပ်ရှားသွားမည်ဖြစ်ပြီး စစ်သုံးစစ် (စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီ ယန္တရား) ကို အမြစ် ဖြတ်ရေးကို အဓိက ရည်မှန်းချက်ထားကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အခမ်းအနားတွင် UTF တပ်ဖွဲ့ဝင်များက မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ အာဏာရှင်စနစ် အပြီးတိုင် ပျက်သုဉ်းသည် အထိ မဖောက်ပြားသော စိတ်ဓာတ်ဖြင့် ခရီးဆုံးထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု ဂတိသစ္စာပြုခဲ့ကြ သည်။ UTF တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် KNDPDF တပ်ဖွဲ့ရဲဘော်များနှင့် အောင်ပန်းဒေသခံ ရဲဘော်များ စုပေါင်း၍ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကရင်နီဒေသတွင် အခြေချကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်နီ ဖားဆောင်းမြို့ စစ်တပ်စစ်ကူအများအပြားရောက်ရှိကာ မြေပြင်တွင် တိုက်ပွဲပြင်းထန်နေ

ဖေဖော် ၁၆
The Kaladan Post
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ကို စစ်တပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်နိုင် ခဲ့ကြောင်း စစ်တပ် လော်ဘီများက ဖော်ပြကြသည်။ မြေပြင်အခြေအနေတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆို သည်။ စစ်တပ်က ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများကို “ရန်နိုင်မင်း” စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်၊ ဒီးမောဆို နှင့် ဖားဆောင်း မြို့များကို ပြန်လည်တိုက် ခိုက်ခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ထူးချောင်းတံတား (နိုဝင်ဘာ ၂၇၊ ၂၀၂၅)၊ နမ့်ကစ်နှင့် ပါပုကျေးရွာ များ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆) ကို သိမ်းပိုက်ပြီး ဖားဆောင်းမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ကြောင်း စစ်တပ်လော်ဘီများက ပြောဆိုကြသည်။ ဖားဆောင်းမြို့နယ်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ခလရ (၁၃၄) နှင့် ခလရ (၁၃၅) တပ်ရင်းများကို ၂၀၂၅ ခုနှစ် ဇွန်လက စတင် တိုက်ခိုက်ခဲ့ပြီး ခလရ (၁၃၄) ကို ဇွန် ၃၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် စစ်ကောင်စီက စက်တင်ဘာလမှ စတင်ကာ ဖားဆောင်းမြို့ကို အလုံးအရင်း ထိုးစစ်ဆင်ခဲ့သည်။ ယခင်က ကရင်နီတွင် တော်လှန်ရေးတပ်များက လွိုင်ကော်မြို့ (၂၀၂၄ ဇွန်) နှင့် ဒီးမောဆိုမြို့နယ် (၂၀၂၅ ဩဂုတ်) တို့ကို စစ်ကောင်စီက ပြန်လည် နေရာယူခဲ့ပြီး ယခု ဖားဆောင်းကိုပါ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသော်လည်း လက်ရှိ ဖားဆောင်းမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အတည်ပြုပြော ဆိုထားသည်။

ပဲခူးတိုင်း ပြည်မြို့နယ်တွင် အကြမ်းဖက်ပျူစောထီး ငထွန်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး

ဖေဖော် ၁၆
The Kaladan Post
ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် ရဲများနှင့် ပူးပေါင်း၍ ဒေသခံ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေ သော ပျူစောထီး ငထွန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်း ပြီး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ က အသိပေးထားသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပေါက်ခေါင်းမြို့နယ်အပိုင် ပတ္တမြားတောင်ရွာအနီး ကြက်ဝိုင်းတွင် ရောက်ရှိနေသော ငထွန်း ကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၁ ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း ၂ မှ ရဲဘော်များက အတည်ပြုပြောကြား သည်။ သေဆုံးသွားသော ပျူစောထီး ငထွန်းသည် ဝက်ထီးကန်နယ်မြေရဲစခန်း စစ်တပ်လက်အောက်ခံ ရဲများနှင့် ပူးပေါင်း၍ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခြင်း၊ လွှစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝဏ္ဏနှင့် ပူးပေါင်း ပြည်သူများကို ဖိနှိပ်ခြင်း၊ ငွေကြေးဖြင့် ပြန်လွှတ်ပေးခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ အချက် အလက်များကို စုဆောင်း စစ်တပ်ထံ ပေးပို့ခြင်း စသည့် လုပ်ရပ်များကို ပြုလုပ်လေ့ရှိသည့်အပြင် ၎င်း၏နေအိမ်တွင် စစ်သားနှင့် ရဲများကို ခေါ်ယူ သောက်စားကာ ဒိုးဝိုင်း၊ လောင်းကစားဝိုင်းများ လုပ်ကိုင်လေ့ရှိသော စစ်တပ် ဒေါက်တိုင်တစ်ဦး ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ စစ်တပ်နှင့် ပူးပေါင်း ပြည်သူများကို ဖိနှိပ်နေသော စစ်တပ် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်တပ်နှင့် ဆက်စပ်သော နေရာများသို့ သွားလာနေထိုင်ခြင်း မပြုကြရန် အဆိုပါတပ်ဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီ၏ တီမောလက်စတေး သံတမန်နှင်ထုတ်မှုကို ပြင်းထန်စွာ NUG က ရှုတ်ချ

ဖေဖော် ၁၆
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာစစ်တပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံ တီမောလက်စတေး နိုင်ငံ၏ သံတမန်ကိုယ်စားလှယ်ကို နှင်ထုတ်ခဲ့သည့် လုပ်ရပ်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီက တီမောလက်စတေး သံရုံး ယာယီတာဝန်ခံ (Charge d’Affaires) အား ၇ ရက်အတွင်း မြန်မာနိုင်ငံမှ ထွက်ခွာရန် ဖိအားပေးခဲ့ခြင်း သည် နိုင်ငံတကာ သံတမန်ရေးရာ စံနှုန်းများကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။ ဤလုပ်ရပ်သည် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention on Diplomatic Relations) ပါ မူဘောင် များကို ထိခိုက်စေပြီး သံတမန်တစ်ဦးကို ‘လက်မခံနိုင်သော ပုဂ္ဂိုလ်’ (Persona non grata) အဖြစ် ကြေညာရန် ရှိသော်လည်း နိုင်ငံတကာ ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခြိမ်းခြောက်ဖိအားပေးမှုဖြင့် ဆောင်ရွက်ခြင်းမှာ ငြိမ်းချမ်းသော သံတမန်ဆက်ဆံရေး မူဝါဒများနှင့် ဆန့်ကျင်နေကြောင်း NUG က ဖော်ပြခဲ့သည်။ စစ်တပ်က တီမောလက်စတေးနိုင်ငံကိုသာ သီးသန့် ပစ်မှတ်ထားဆောင်ရွက်ခြင်းသည် နိုင်ငံတကာ သံတမန်ကျင့်ထုံးများကို လေးစားလိုက်နာမှု မရှိကြောင်း ပြသခြင်း ဖြစ်ကြောင်း ဆိုသည်။ NUG အနေဖြင့် တီမောလက်စတေး အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် ပုံမှန် ဆက်သွယ်မှုများ အမြဲရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် တရားမျှတမှု ဖော်ဆောင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်များ အဆုံးသတ်ရေးအတွက် ကူညီပံ့ပိုးနေသော တီမောလက်စတေး အပါအဝင် နိုင်ငံများအား NUG က ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး ယခုအချိန်တွင် မြန်မာပြည်သူများအပေါ် ကူညီမှုများကို ပိုမိုခိုင်မာစွာ ဆောင်ရွက်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းသို့ တိုက်တွန်းထားသည်။


တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များအနေဖြင့် ညီညွတ်မှုပြသရန် လိုအပ်ဟု (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး ပြော

ဖေဖော် ၁၆
The Kaladan Post
ကရင်နီပြည်နယ်အတွင်း စစ်ရေးလိုအပ်ချက်များဖြည့်ဆည်းရန် ပြုလုပ်ခဲ့သော “ရတနာအားမာန် Lucky Draw” မဲဖွင့်ပွဲနှင့် ကမ်ပိန်းပိတ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပခဲ့ရာ၊ အဆိုပါအခမ်းအနားတွင် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက တော်လှန်ရေးသည် အခက်အခဲများကြားတွင် ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး နည်းလမ်းမျိုးစုံဖြင့် ပွင့်လန်းနေဆဲဖြစ်ကြောင်း အဓိက ကျော်လွှား ရမည့်အခက်အခဲအဖြစ် ခေါင်းဆောင်အဆင့်တွင် ညီညွတ်မှုပြသရန် လိုအပ်နေကြောင်း အလေးပေး ပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တော်လှန်ပြည်သူများ ဦးဆောင်နေသော အစိုးရအဖြစ် ရှိနေသော်လည်း၊ NUG နှင့်အတူ ညီညွတ်မှုကို ပြသရန် လိုအပ်ချက်များ ရှိနေဆဲဖြစ် ကြောင်း ထောက်ပြခဲ့သည်။ မြောက်ပိုင်းအဖွဲ့များ၊ AA အပါအဝင် စစ်ကောင်စီကို တော်လှန်နေကြ သော်လည်း ခေါင်းဆောင်များအကြား ညီညွတ်မှုပြသမှု အားနည်းနေကြောင်း ဝေဖန်ထောက်ပြခဲ့သည်။ ပြည်သူများနှင့် နိုင်ငံတကာသို့ ရှင်းလင်းသော ဦးဆောင်မှု၊ တစ်စိတ်တစ်ဝမ်းတည်း ရှိနေကြောင်း ပြသရမည့်အချိန်တွင် ပျက်ကွက်နေသလို ဖြစ်နေကြောင်း၊ ညီညွတ်မှုကင်းမဲ့ခြင်းသည် ရှုံးနိမ့်မှုကို ဖြစ်စေနိုင်ကြောင်း ခွန်ဘီထူးက အသိပေးခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးကို ဆက်လက်ဦးဆောင်နိုင် ရန်နှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ခေါင်းဆောင်များအားလုံး ညီညွတ်မှုကို အတူတကွ ဆက်လက်တည်ဆောက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။