စစ်တပ်ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အကြမ်းဖက်မှု ပိုဆိုးရွားစေကြောင်း ကုလသမဂ္ဂ မဟာမင်းကြီး ပြောဆို

ဖေဖော် ၂
The Kaladan Post
မြန်မာနိုင်ငံ အာဏာသိမ်းမှု ၅နှစ်ပြည့်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စစ်တပ်က ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် နိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေး များကို လေးစားမှု မရှိဘဲ အကြမ်းဖက်မှုနှင့် လူမှုအသိုက်အဝန်း ကွဲပြားမှုများကိုသာ ပိုမို ဆိုးရွားစေခဲ့ ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလိုက်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သော အစိုးရကို စစ်တပ်က အာဏာလုယူပြီးနောက် မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် မှု ဆယ်စုနှစ်ဝက်ကို ဆုံးရှုံးခဲ့ရပြီး ပြည်သူများအပေါ် နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုများ ပိုမို နက်ရှိုင်း လာခဲ့သည် ဟု ၎င်းက ပြောဆိုခဲ့သည်။ မဲပေးရန် သို့မဟုတ် မဲမပေးရန် ကြောက်ရွံ့မှုကြောင့်သာ ရွေးချယ်ခဲ့ရခြင်းသည် နိုင်ငံတကာ အာမခံထားသော နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့် လုံးဝ ဆန့်ကျင်နေကြောင်း ထောက်ပြခဲ့သည်။ ရွေးကောက်ပွဲကို မြို့နယ် ၃၃၀ အနက် ၂၆၃ မြို့နယ်တွင် သာ ကန့်သတ်ကျင်းပခဲ့ပြီး ပဋိပက္ခဒေသများနှင့် နေရပ်စွန့်ခွာရသူများ၊ ရိုဟင်ဂျာကဲ့သို့ လူနည်းစုများ ပါဝင်ခွင့် ဆုံးရှုံးခဲ့ရသည်။ စစ်တပ်က ရွေးကောက်ပွဲ ဆန့်ကျင်သူများကို ဖမ်းဆီး ၄၀၄ ဦး ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၄၉ နှစ်အထိ ချမှတ်ခဲ့သည်။ Volker Türk က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းဝိုင်း အနေဖြင့် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် လူ့အခွင့်အရေး လေးစား ရေးအတွက် ကြိုးပမ်းမှုများ ပိုမို အားဖြည့်ရန် တိုက်တွန်းခဲ့သည်။

နွေဦးတော်လှန်ရေး ညီညွတ်ရေး ပိုမိုခိုင်မာစေရန် NUCC ကြိုးပမ်းမည်ဟု ပြောဆို

ဖေဖော် ၂
The Kaladan Post
ဖေဖော်ဝါရီ ၁ ရက်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင် ဦးမောင်မောင်အေးက နွေဦးတော်လှန်ရေး ၅ နှစ်ပြည့်အချိန်တွင် တော်လှန်ရေးအင်အားစုများအကြား ပိုမိုညီညွတ်သော စုစည်းမှု ပေါ်ပေါက်ရေး အထူးလိုအပ်နေကြောင်း ပြောဆိုသည်။ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေများ ပြောင်းလဲ နေသည့်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို လက်ရှိအခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်အောင် ချိန်ညှိရန်လိုအပ်ပြီး အဖွဲ့အစည်းများ၏ ကိုယ်ပိုင်ရပ်တည်ချက်နှင့် မူဝါဒ ကွဲပြားမှုများကြောင့် စုစည်းရန် အခက်အခဲများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။ တော်လှန်ရေး ဦးဆောင်မှုတစ်ရပ်ကို အသွင်အပြင်သာမက အနှစ်သာရအားဖြင့်ပါ စုစည်းနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NUCC က ပြောဆိုသည်။ စစ်ရေးတွင် တပ်ပေါင်းစု (SRA) ကဲ့သို့ စုစည်းမှုများ ကျယ်ပြန့်စေရန်နှင့် နိုင်ငံရေးတွင် အင်အားစုအားလုံး ပါဝင်နိုင်သော ပလက်ဖောင်း ပိုမိုကျယ်ပြန့်စွာ ပေါ်ပေါက်ရေး ဆောင်ရွက်နေ ကြောင်း သိရသည်။ ထို့အပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန်နှင့် စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပူးပေါင်း ဆန့်ကျင်ရန် တိုက်တွန်းထားသည်။

ကလေးအကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူများ သွေးသစ္စာသီချင်း သံပြိုင်ဆိုကာ ဆန္ဒထုတ်ဖော်

ဖေဖော် ၂
The Kaladan Post
စစ်ကောင်စီ အာဏာသိမ်းမှု ၅ နှစ်ပြည့်နေ့ ဖြစ်သည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင် (မော်လိုက်အကျဉ်းထောင်) အတွင်း နိုင်ငံရေးအကျဉ်းသူများက သွေးသစ္စာ သီချင်း သံပြိုင်သီဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော် မတီက ထုတ်ပြန်သည်။ ဆန္ဒပြသူ အကျဉ်းသား ၂၀၀ နီးပါးပါဝင်ခဲ့ပြီး ဖောင်းပြင်မြို့မှ အကျဉ်းသူ မခင်နွဲ့လှိုင်က ဦးဆောင်ခဲ့ကြောင်း သိရသည်။ တောင်းဆိုချက်များမှာ “အမှုကြီး ၉ မှု ပယ်ဖျက်သိမ်း ဖျက်ရေး၊ အကျဉ်းသား/အကျဉ်းသူ တန်းတူ အချိုးရရှိရေး၊ အာဏာရှင်အဖွဲ့အစည်း မှန်သမျှ ကျရှုံးရေး” ဟူသော အချက်သုံးချက်များ ဖြစ်ကြောင်း သိရသည်။ ထိုတောင်းဆိုချက်များကို လာမည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နောက်ဆုံးထား လက်ခံဆောင်ရွက်ရန် တိုက်တွန်းထားပြီး မဆောင်ရွက် ပါက နှစ်ဆန်း ၂ ရက်တွင် တစ်နိုင်ငံလုံး အကျဉ်းထောင်များတွင် သပိတ်နေ့ လုပ်ဆောင်မည်ဟု ကြေညာထားသည်။ ဆန္ဒပြမှုအပြီး ဦးဆောင်သူ ၁၅ ဦးကို စစ်ကောင်စီ ထောင်အာဏာပိုင်များက တိုက်ပိတ်ထားကြောင်း သိရပြီး အကျဉ်းသူများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေး စိုးရိမ်ရသဖြင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က အရေးပေါ် သတိပေးထား သည်။ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၏ အသက်အန္တရာယ် လုံခြုံရေး၊ ညှင်းပန်းနှိပ်စက်မှု ပပျောက်ရေး၊ အလျင်အမြန် လွတ်မြောက်ရေး အတွက် စစ်ကောင်စီကို ထိရောက်သော ဖိအားပေးမှုများနှင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန် ကော်မတီက တိုက်တွန်းထားသည်။

ကရင်ပြည်နယ်တွင် စစ်တပ်က အင်အားများဖြည့်တင်းကာ ယာဉ်တန်းများနှင့် လေကြောင်းထောက် ပံ့မှု ပြုလုပ်နေ

ဖေဖော် ၂
The Kaladan Post
ကရင်ပြည်နယ်အတွင်း စစ်တပ်က ယခုရက်ပိုင်းအတွင်း တပ်အင်အားများ၊ တင့်ကားများ၊ လက်နက် ကြီးများနှင့် ဟော်ဝီဇာ လက်နက်များ ဖြည့်တင်းမှုများ ဆက်တိုက်ဆောင်ရွက်နေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထုတ်ပြန်ကြသည်။ ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီကျော်အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီးများ တင်ဆောင်လာသော ယာဉ်အစီးရေ ၁၀ စီးကျော်ပါ ယာဉ်တန်းသည် သထုံမြို့မှ ဘားအံမြို့ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့သူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီ ၃၁ ရက်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့နှင့် DKBA (ဗိုလ်ဘိ ဦးဆောင်သော တပ်ဖွဲ့) ပူးပေါင်း ယာဉ်အစီး ၄၀ ကျော်ပါ ယာဉ်တန်းဖြင့် ဘားအံမှ ကော့ကရိတ်ဘက်သို့ ချီတက်ခဲ့ပြီး ကျုံဒိုးမြို့တွင် စစ်ယာဉ် ၂၀ ခန့် ရပ်နားထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း KNU တပ်မဟာ (၅) နယ်မြေ ဖာပွန် ဗျူဟာကုန်း ခမရ ၃၄၀ နှင့် ၃၄၁ တို့သို့ ထောက်ပို့ လေယာဉ် ၅ စီးဖြင့် ပစ္စည်းထုပ်များ ချပေးခဲ့ပြီး အနီးပတ်ဝန်းကျင်ကို ဗုံးကြဲချမှုများ ပြုလုပ်ခဲ့ကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ မြဝတီမြို့တွင် အခြေစိုက်သော ဗိုလ်စောချစ်သူ ဦးဆောင်သည့် BGF မှ အသွင်ပြောင်းလိုက်သော KNA အဖွဲ့ကို စစ်တပ်က ဇန်နဝါရီ ၂၅ ရက်နောက်ဆုံးထား ထွက်ခွာရန် သတိပေးခဲ့ပြီး စခန်း ၂ ခုကို ဗုံးကြဲချမှု များရှိခဲ့သဖြင့် တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း ကရင်ပြည်နယ်အတွင်း လောင်းကစားနှင့် ငွေလိမ် လုပ်ငန်းများကို လက်ခံခွင့်ပြုထားသော KNA သည် စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်ဟု ဒေသခံများက သုံးသပ်ထားသည်။

ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်က စစ်တပ် တပ်စခန်း ၇ ခု သိမ်းပိုက်ရရှိ

ဖေဖော် ၂
The Kaladan Post
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် အင်းတော်ကြီးဒေသများတွင် ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ တပ်က ဖေဖော်ဝါရီ ၁ ရက်က ထိုးစစ်ဆင်လာမှုကြောင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်နှင့် အင်းတော်ကြီးဒေသများတွင်မူ KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ဝိုင်းမော်မြို့နယ် အနောက်ဘက်ခြမ်း တွင် ၂၀၂၅ နှစ်ကုန်ပိုင်းက စစ်တပ် ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရသော နေရာ ၃ ခုခန့်ကို ဖေဖော်ဝါရီ ၂ ရက် မနက် ၅ နာရီခန့်တွင် တန်ပြန်ထိုးစစ်ဆင်ကာ ပြန်လည်ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အင်းတော်ကြီးဒေသတွင် စစ်မျက်နှာ နှစ်ခု ဖွင့်ကာ ထိုးစစ်ဆင်ခဲ့ပြီး အင်းတော်ကြီးအိုင် အနောက်ဘက် လုံးတုံရွာဘက်နှင့် အရှေ့ဘက် ဟဲပါးစစ်မျက်နှာတွင် ကာကင်း (စခန်း) ၂ ခုစီ ရရှိခဲ့ကြောင်း သိရသည်။ ယနေ့ စစ်ရေး အခြေအနေ ကောင်းမွန်နေပြီး ဝိုင်းမော်ဘက်တွင် ယခင်က လက်လွှတ်ခဲ့ရသော နေရာ များ အားလုံး ပြန်ရရှိခဲ့သဖြင့် စစ်ကောင်စီ တပ်များ ရှေ့မတိုးနိုင်တော့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဆားလင်းကြီးတွင် စစ်တပ် ကြေးနီတင်ကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

ဖေဖော် ၂
The Kaladan Post
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီ ၅၂ ခန့်က ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသော ကြေးနီတင်ဆောင်သည့် တွဲကား ၂၇ စီး၊ သံပြားကာကား ၈ စီးနှင့် ၁၂ ဘီးကား ၁ စီး ပါဝင်သော ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း CHINDWIN FIGHTER GROUP (CFG) က အသိပေးထားသည်။ အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY (BHA)၊ MONYWA DYNAMITE.STF နှင့် CHINDWIN FIGHTER GROUP (CFG) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင် စစ်ကောင်စီ စစ်သား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တွဲကား ၁ စီး ပျက်စီးသွားကာ မုံရွေး တန်ပို စစ်တပ်အထိုင်တပ်စခန်းအနီး ရပ်တန့်ထား ခဲ့ကြောင်း BHA တာဝန်ရှိသူက ပြောကြားသည်။ တိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်ရှိ စစ်တပ်၏ ခမရ-၁၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန (နေပြည်တော် PDF) ဗျူဟာအမှတ် (၁၉) တပ်ရင်း (၉၀၁) နှင့် NSA31 (လူ့ဘောင်သစ်) အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဒုံးကျည်များ တပ်ရင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းမြို့တွင် လိုင်စင်မဲ့ကားများ လိုက်ပို့နေသော ရဲအုပ်လင်မယားနှင့် ရဲတပ်သား ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး

ဖေဖော် ၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အဝင်အနီးတွင် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီခန့်က တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် စစ်ဆေးရေး ပြုလုပ်နေစဉ် လိုင်စင်မဲ့ ကားများ လိုက်လံ ပို့ဆောင်နေသော ရဲအုပ် အောင်မျိုးဦး လင်မယားနှင့် ရဲတပ်သား အောင်မြင့်ဦး တို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးနေစဉ် ရဲအုပ် အောင်မျိုးဦး လင်မယားက လက်နက်ငယ်ဖြင့် ပြန်လည် ပစ်ခတ်လာသဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ရဲအုပ်လင်မယား ၂ ဦးနှင့် ရဲတပ်သား ၁ ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မင်းကွန်းတိုက်နယ် (ပလဖ) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ထို့အပြင် အဆိုပါ အဖွဲ့များက M-16 သေနတ် ၁ လက်၊ ကျည်ဆန် ၅၀ တောင့်နှင့် လိုင်စင်မဲ့ ကား ၃ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ် (ပလဖ)၊ ပြည်သူ့စစ်သည် တော် အထူးပြောက်ကျားတပ်ဖွဲ့၊ မတ္တရာမြို့နယ် တိုက်နယ် ၆ နဂါးနီလှုပ်ရှားတပ်ဖွဲ့ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဝက်လက်မြို့နယ်တွင် စစ်တပ် Jammer ကားကို ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီး

ဖေဖော် ၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဇန်နဝါရီလအတွင်း စစ်တပ်စစ်ကြောင်းထိုးလှုပ်ရှားမှုများ အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်အသုံးပြုသည့် Jammer (ဂျန်မာ) ကားတစ်စီးကို ထိမှန်ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ မတ္တရာမြို့နယ်မှ တဆင့် အင်အား ၁၀၀ နီးပါး၊ FAW ကားနှစ်စီး၊ လက်နက်ခဲယမ်း အပြည့်ပါ ကားတစ်စီးဖြင့် ရှိမ်းမကားရွာသို့ ရောက်ရှိတပ်စွဲခဲ့သော စစ်ကြောင်းသည် အင်ဒေါင်း၊ မင်းရွာတောင်၊ ကမ်းဖြူ စသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကမ်းဖြူကျေးရွာတွင် တစ်ပတ်ခန့် တပ်စွဲနေခဲ့ကြသည်။ ထို့အပြင် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကမ်းဖြူကျေးရွာရှိ စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ Jammer ကားထိမှန်ပျက်စီးခဲ့ပြီး ယာဉ်မောင်းစစ်သား ၁ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်တပ်က လက်တုံ့ပြန်အနေဖြင့် ကမ်းဖြူရွာ သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကြောင်းသည် ဇန်နဝါရီ ၂၈ ရက်တွင် စဉ့်ကူးမြို့နယ်ဘက် သို့ သံခွန်ဖြင့် ကူးပြောင်းခဲ့ပြီး ထုံးဘိုရွာ၊ ရှပ်ကွဲရွာမှ အခြားစစ်ကြောင်းနှင့် ပူးပေါင်းကာ နောက်ဆုံး ရွှေဘိုမြို့နယ် မခေါက်ရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်းသိရသည်။ တိုက်ပွဲများအတွင်း စစ်တပ်ဘက် မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ စစ်ကြောင်းထိုးမှုများကြောင့် သစ်ဆိမ့်၊ ငါးပတ်ချောင်း၊ ရှားကွဲ၊ ထုံးဘို၊ ကမ်းဖြူ စသည့် ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၅၆၆ ဦး ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်း သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံး

ဖေဖော် ၂
The Kaladan Post
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ဘုရားကြီးကုန်းကျေးရွာသို့ ဇန်နဝါရီ ၂၃ ရက်နေ့က စစ်တပ် စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၆ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Ayar Daung အဖွဲ့မှ တာဝန်ရှိသူ ကိုရှိန်းက ပြောဆိုသည်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိခြင်း မရှိဘဲ အင်အားချင်း မယှဉ်နိုင်သဖြင့် တိုက်ပွဲ အချိန်တိုခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင် ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ် ပူးပေါင်းအဖွဲ့များနှင့် Ayar Daung အဖွဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။