‌NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ကျန်းမာရေးအကြောင်းပြ ရာထူးမှ နုတ်ထွက်

ဖေဖော် ၂၂
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ သည် ကျန်းမာရေး မကောင်းမွန်မှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် မိမိဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ ဒေါ်ကြည်ပြာနှင့် ခင်ပွန်း ဦးညီညီမင်း တို့အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဝန်ထမ်းဟောင်း ၁၉ ဦး (တွဲဖက်အတွင်းဝန် ၂ ဦး၊ ညွှန်ကြားရေးမှူး နှင့် အဖွဲ့ဝင်များ) က အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု၊ ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု စသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်မှစ၍ ယာယီတာဝန်ရပ်ဆိုင်း ခံခဲ့ရသည်။ ၃ လကြာ စုံစမ်းစစ်ဆေးမှုပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် စုံစမ်းစစ်ရေးအဖွဲ့က တင်ပြချက်ထုတ်ပြန် ခဲ့ပြီး NUG ဘက်က အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု စသည့် စွပ်စွဲချက်များအတွက် လုံလောက်သော သက်သေ မတွေ့ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့သော် ဆက်ဆံရေး အားနည်းချက်များနှင့် မိသားစုဝင် များကို ခန့်အပ်မှု ပြဿနာများအပေါ် ပြင်းထန်စွာ သတိပေးခဲ့ပြီး ဦးညီညီမင်း၏ တာဝန်ကိုလည်း ရပ်ဆိုင်းခဲ့သည်။ ဒေါ်ကြည်ပြာက စုံစမ်းစစ်ဆေးမှုအတွင်း ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ စွပ်စွဲချက်အများ စု မမှန်ကန်ကြောင်း ရှင်းလင်းပြီးဖြစ်ကြောင်း နုတ်ထွက်စာတွင် ဖော်ပြထားသည်။ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသဖြင့် နုတ်ထွက်ခဲ့သော်လည်း တော်လှန်ရေး အောင်မြင်သည်အထိ တတ်နိုင်သမျှ ဆက်လက် ပါဝင်ကြိုးစားမည်ဟု ဒေါ်ကြည်ပြာက ပြောဆိုသည်။ သို့သော် စုံစမ်း စစ်ဆေးမှု ရလဒ်အပေါ် မကျေနပ်မှုများရှိနေပြီး CDM ကျန်းမာရေးကွန်ရက်အပါအဝင် အချို့ အဖွဲ့အစည်းများက ထပ်မံ အရေးယူရန် တောင်းဆိုကာ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းမည်ဟု ထုတ်ပြန်ထားသည်။

KIA နယ်မြေတွင် တိုက်ပွဲမရှိဘဲ စစ်တပ်က ၅ နေရာကျော်ကို ဗုံးကြဲပြီး အရပ်သား ၂ ဦး သေဆုံး

ဖေဖော် ၂၂
The Kaladan Post
ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ တပ်မဟာနယ်မြေများ နှင့် အရပ်သားကျေးရွာများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် တစ်နေ့ တည်း နေရာ ၅ ခုထက်မနည်း ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်များ က ထုတ်ပြန်သည်။ ဖားကန့်ခရိုင် KIA တပ်မဟာ ၉ နယ်မြေ (ကံဆီး၊ အနန့်ပါ ဒေသ) တွင် ဗုံး ၄ လုံး ကျဲချခဲ့ပြီး၊ မိုးညှင်းခရိုင် KIA တပ်မဟာ ၈ နယ်မြေ ယန်ကျေးရွာတစ်ဝိုက်တွင် Yak-130 တိုက်လေယာဉ် ဖြင့် ဗုံးကြဲခဲ့သည်။ ထို့ပြင် မိုးကောင်းမြို့နယ် KIA တပ်မဟာ ၂ နယ်မြေသို့ ဗုံး ၅ လုံးခန့်၊ မံဝိန်းကြီးခရိုင် KIA တပ်မဟာ ၅ နယ်မြေ အင်ဘာပါကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု၊ ဝိုင်းမှော်ခရိုင် KIA တပ်မဟာ ၃ နယ်မြေ ဆဒုံးမြို့ပေါ်သို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကျဲချခဲ့ကြောင်း သိရသည်။ ယင်းတိုက် ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဖော်ပြထားပြီး အထူးသဖြင့် ဖေဖော်ဝါရီ ၁၈ ရက်ညက မံစီမြို့နယ် ထိုင်ရာယန်ကျေးရွာသို့ တိုက်ပွဲမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ နေအိမ်နှင့် ဆိုင်ခန်းပေါ်တိုက်ရိုက်ကျရောက်ပေါက်ကွဲ၍ အရပ်သား ၂ ဦး (ဒေါ်အေးမာ နေအိမ်အတွင်း) ပွဲချင်းပြီး သေဆုံးခဲ့ကာ နောက်ထပ် ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း KIA က အတည်ပြုထားသည်။


သစ်မြို့နယ်တွင် ကပစ ၁၇ ကင်းစခန်းစီနင်းခံရပြီး စစ်သား ၅ ဦး သေဆုံး

ဖေဖော် ၂၂
The Kaladan Post
မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ကပစ ၁၇ ကင်းစခန်းတစ်ခုကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ရဲဘော် များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ခဲယမ်းလိုအပ်ချက်ကြောင့် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့သစ်မြို့နယ် PDF က ထုတ်ပြန်ထားသည်။ ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညပိုင်းက ရဲအချင်းချင်း စကားများရန်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ နယ်ထိန်းရဲ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ သေဆုံးသွားသော နယ်ထိန်းရဲ၏ ရုပ်အလောင်းကို ညတွင်းချင်း သဂြိုလ်ခဲ့ကြောင်း သိရှိရပြီး ရဲစခန်းအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် အပြင်သို့ သတင်း မပေါက်ကြားခဲ့သော်လည်း ဒေသခံများက သေနတ်သံများ ကြားခဲ့ကြောင်း ဖော်ပြထားသည်။

ရေးမြို့နယ်တွင် ရေးဘီလူးတပ်ရင်းက စီးနင်းတိုက်ခိုက် ခမရ ၅၉၁ စစ်သား ၄ ဦး သေဆုံး

ဖေဖော် ၂၂
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၉၁) တပ်ရင်းမှ ကင်းပတ် ထွက်လာသော စစ်သား ၇ ဦးကို ရေးဘီလူးတပ်ရင်း ရဲဘော်များက မီတာ ၁၀၀ အကွာတွင် စောင့်ဆိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးက ထုတ်ပြန်သည်။ နံနက် ၈ နာရီတွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ပွင့်အဆင့် ဗိုလ်လေးဝင်းစိုး အပါအဝင် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ပြောဆိုသည်။ တိုက်ပွဲအတွင်း ရေးဘီလူးဘက်မှ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ဆံ ၁၀၀ ကို သိမ်းဆည်း ရယူနိုင်ခဲ့ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ၎င်း ဖြစ်စဥ်အပြီး စစ်တပ်ဘက် မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၁ ဦး သေဆုံးကာ နောက်ထပ် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


ဖလမ်းမြို့နယ်တွင် စီးနင်းတိုက်ခိုက်ရပြီး စစ်သား ၂ ဦး သေဆုံးကာ ၁ ဦး အရှင်ဖမ်းမိ

ဖေဖော် ၂၂
The Kaladan Post
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်တပ်ကို ချင်းပြည်တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်တပ် တပ်သား တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့များက လိုက်လံ ရှာဖွေနေဆဲ ဖြစ်ကြောင်း၊ ထိုစစ်သား လာရောက်အလင်းဝင်ခြင်း သို့မဟုတ် ဖမ်းဆီးရမိပါက သက်ဆိုင်ရာတော်လှန် ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖလမ်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသဖြင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်ရေးအခြေအနေ အလွန်တင်းမာနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဗန်းမော်မြို့တွင် စစ်တပ် ခလရ ၂၃၆ ကာကင်းစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်

ဖေဖော် ၂၂
The Kaladan Post
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၃၆) တပ်ရင်း ကာကင်းစခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရသည်။ ယခင်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့များက ခလရ ၂၃၆ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက အင်အားဖြည့်တင်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KIA ဘက်က ခေတ္တဆုတ်ခွာပေးခဲ့ရသည်။ လက်ရှိ ဗန်းမော်မြို့တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး အပြန်အလှန်ထိုးစစ်များဖြင့် ကြာရှည်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ ကချင်ဒေသတွင် တိုက်ပွဲမရှိသော KIA ထိန်းချုပ်နယ်မြေများကို စစ်တပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် KIA တပ်မဟာ ၅ ခု နယ်မြေအတွင်း နေရာ ၅ ခုထက်မနည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်း SOF တပ်တွင်း ရဲဘော်လိုအပ်ချက်များနှင့် စစ်ရေးရည်မှန်းချက်များ ဆွေးနွေးမှုအောင်မြင်

ဖေဖော် ၂၂
The Kaladan Post
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ က ပဲခူးတိုင်းအတွင်းရှိ SOF တပ်စခန်းတစ်ခုတွင် တပ်တွင်း တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း SOF က သတင်းထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် SOF တပ်ဖွဲ့မှူး၊ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ခွဲမှူး၊ လက်ရုံးအဖွဲ့ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ရဲဘော်မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ ပြီး ဆွေးနွေးချိန် ၃ နာရီ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း PDF စစ်ရေးရည်မှန်းချက် များ၊ စစ်ရုံးချုပ်နှင့် အဆင့်ဆင့် ညွှန်ကြားချက်များ၊ SOF ရှေ့လုပ်ငန်းစဉ်များကို တပ်ဖွဲ့မှူးက ကနဦး ရှင်းလင်းပြီး တပ်တွင်း အုပ်ချုပ်ရေး၊ ထောက်ပံ့ရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ အထွေထွေ လိုအပ်ချက် များကို ရဲဘော်များနှင့် ခေါင်းဆောင်များ အပြန်အလှန် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ SOF ရဲဘော်များ သည် လက်ရှိ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်း စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးများ၊ နယ်မြေကာကွယ် ရေး၊ စိုးမိုးနယ်မြေ ချဲ့ထွင်ရေးအပြင် KNU တပ်မဟာ (၅) ဖာပွန်စစ်ဆင်ရေးများတွင် ရှေ့တန်း တာဝန် များကို မနားတမ်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ဆက်လက်၍ COC နှစ်ရပ်နှင့်အညီ ခိုင်မာသော တပ်စုဖွဲ့စည်းရေး၊ စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SOF က အသိပေးထားသည်။


ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးတွင် စစ်တပ်က လေကြောင်းဗုံးကြဲမှု ၅ ကြိမ်ဆက် တိုက်ခိုက်

ဖေဖော် ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်း သဖန်းဆိပ်ဆည်အနီးတစ်ဝိုက်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်မှ ၃ နာရီအထိ စစ်ကောင်စီ လေတပ်က တိုက်ပွဲမရှိဘဲ တိုက်လေယာဉ် ၁ စီး နှင့် Gyrocopter ၃ စီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဒေသခံ ကျေးရွာနေပြည်သူများမှာ လေကြောင်း အန္တရာယ်ကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။ အလားတူ ဖေဖော်ဝါရီ ၁၈ ရက် နေ့ကလည်း စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက် ခြမ်း ရွာကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် နောင်ဦးကျေးရွာတို့ကို တိုက်ပွဲမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှု မရှိသော်လည်း အထက်တန်းကျောင်းဆောင်နှင့် တိုက်နယ် ဆေးရုံ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောဆိုသည်။

စစ်တပ်က အမျိုးသမီး အသက် ၁၈-၂၇ နှစ်ကို ပစ်မှတ်ထား စစ်မှုထမ်းစာရင်း အတင်းကောက်ယူနေ

ဖေဖော် ၂၂
The Kaladan Post
စစ်ကိုင်းတိုင်း မုံရွာ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့အပါအဝင် မြို့များစွာကို စစ်တပ်က ဇန်နဝါရီလ ဆန်းပိုင်းမှ စတင်ကာ အမျိုးသမီးများကို စစ်မှုထမ်းရန် စာရင်းအတင်းအဓမ္မ ကောက်ယူနေကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။ အထူးသဖြင့် တောင်ကြီးမြို့ ဈေးပိုင်း၊ ကန်အောက်၊ ဟော်ကုန်း ရပ်ကွက်များတွင် ဖေဖော်ဝါရီလအတွင်း အိမ်တိုင်ရာရောက် စာရင်းကောက်ယူနေပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အိမ်ထောင်မရှိသေးသည့် လူငယ်အမျိုးသမီးများကို အဓိက ပစ်မှတ် ထားကြောင်း သိရသည်။ အစိုးရဝန်ထမ်းနှင့် အိမ်ထောင်သည်များကို ချန်လှပ်ထားလေ့ရှိကြောင်း ဖော်ပြထားသည်။စာရင်းကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဦးဆောင်လုပ်ဆောင်နေပြီး လူမှုကွန်ရက်ပေါ်တွင် သတင်းမတင်ရန်၊ မပေါက်ကြားစေရန် ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အမျိုးသမီးအထိ ချဲ့ထွင်အသုံးချလာနေပြီ ဟု ဒေသခံများက စိုးရိမ်နေကြသည်။