မကွေးတိုင်း၊ မြိုင်မြို့နယ် အကြမ်းဖက် စစ်တပ် ၅ ဦးသေဆုံး

ဖေဖော် ၃
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ် အိုရင်းရွာသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော စစ်တပ်များသည် ဇန်နဝါရီ ၃၁ ရက်နေ့က 8+ အညာမြေစစ်ဆင်ရေးအဖွဲ့၏ တပ်စခန်းကို ဝင်ရောက်စီးနင်းစဉ် ထောင်ထားသော သေတ္တာမိုင်း ပေါက်ကွဲမှုကြောင့် စစ်သား ၅ ဦး သေဆုံးခဲ့ကာ အချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့က တပ်စခန်းမှ ဖောက်ခွဲရေးပစ္စည်းများ၊ ယူနီဖောင်းများနှင့် ထုတ်လုပ်ရေးပစ္စည်း ခန့်မှန်း ငွေကျပ်သိန်း ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာဘုန်းကြီးကျောင်းမှ ဆန်အိတ်များကို လည်း ကားလေးစီးဖြင့် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ် လက်ပံရွာရှိ စစ်တပ်အထိုင်စခန်းနှင့် ပျူစောထီးခေါင်းဆောင် အောင်ကြီး၏ နေအိမ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တို က်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖ (Bago District People’s Defense Organization) က ထုတ်ပြန် သည်။ ထိုနေရာတွင် စစ်တပ်နှင့် ပျူစောထီးအင်အား ၄၀ ခန့်ရှိနေပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို အတိအကျ မသိရသေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပိုမိုမြင့်တက်

ဖေဖော် ၃
The Kaladan Post
စစ်ကိုင်းတိုင်း အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေပြီး တိုက်ပွဲမရှိဘဲ အရပ်သား နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိကြောင်း သတင်းရင်းမြစ်များက ပြောဆို သည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက် ညနေ ၃:၃၅ ဝန်းကျင်တွင် တန့်ဆည်မြို့နယ် အနောက်ခြမ်း ကော်တတ်ကျေးရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၀၀ ဟု ယူဆရသော ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာ အတွင်း နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကာ ဒဏ်ရာရရှိသူ အချို့ ရှိသော်လည်း သေဆုံးသူ မရှိကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်တွင်လည်း ယင်းမာပင်မြို့နယ် အလောင်းတော်ကဿပနယ်မြေ အနီးတဝိုက် ကျေးရွာများကို ဂျက်ဖိုက်တာ၊ စစ်တပ်လေထီး၊ Gyrocopter များဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အလားတူ ကနီမြို့နယ် တောင်ပိုင်း ကျေးရွာများကိုလည်း ဖေဖော်ဝါရီ ၁ ရက်က Y-12 ဗုံးကျဲ လေယာဉ်၊ ဂျက်ဖိုက်တာ၊ လေထီး၊ Gyrocopter များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု အတိအကျ မသိရသေးဘဲ ကျေးရွာနေ ပြည်သူအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုများသည် နောက်ပိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ကျေးရွာများအတွင်း နေအိမ်များကိုပါ ပစ်မှတ် ထားလာသည့်အတွက် အလှူပွဲရာသီ ပွဲလမ်းသဘင်များ ကျင်းပရာတွင် ဘောက်စ်၊ စပီကာ အသံများ ကန့်သတ်ဖွင့်လှစ်ရန်နှင့် လေကြောင်းအန္တရာယ်ကို အမြဲသတိထားရန် ဒေသခံများက သတိပေးထား သည်။

ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက် စစ်တပ် ၂၀ ခန့်သေဆုံး

ဖေဖော် ၃
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ စစ်ရေးအရ အရေးပါသော ကိုးတောင် ဘို့ အထိုင်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၃၀ ရက် နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးရင်းမြစ်က ပြောဆိုသည်။ ထိုစခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ပျူစောထီးများ စုစုပေါင်း ၂၀၀ ကျော် တပ်စွဲထားခဲ့ပြီး တိုက်ပွဲသည် ၄ ရက်ကြာ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှု ၁၀ ကြိမ်ကျော်နှင့် လက်နက်ကြီး ပစ်ကူ မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်သားများ မခုခံနိုင်တော့ဘဲ စခန်းမှ ဆုတ်ခွာထွက်ပြေးခဲ့ကြ သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်း ၂၀ ခန့်ရှိခဲ့ပြီး အရှင်ဖမ်းမိသူများလည်း ရှိကာ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဤတိုက်ပွဲတွင် AA အပြင် ကောလင်းခရိုင်တပ်ရင်း (၁-၅)၊ ပကဖနှင့် KB2 ကန့်ဘလူတပ်ရင်းတို့ ပါဝင်ခဲ့သည်ဟု သတင်းရင်းမြစ် ကဆိုသည်။ စခန်းသိမ်းပြီးနောက် ကောလင်းမြို့နယ်အတွင်း ရှိနေသော စစ်တပ်စစ်ကြောင်းများလည်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

လောင်းလုံးမြို့ပေါ် ထွေ/အုပ်ရုံးတွင် အစည်းအဝေးထိုင် စစ်သားများ တိုက်ခိုက်ခံရ

ဖေဖော် ၃
The Kaladan Post
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်း လောင်းလုံးမြို့ပေါ် ထွေ/အုပ်ရုံး အတွင်း အစည်းအဝေး ပြုလုပ်နေသော စစ်သားများနှင့် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ များက ၄၀ မမ ဗုံး ၆ လုံး ဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာ တပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် သံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F)၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နှင့် Dawei Defence Team (DDT) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်တပ်ဘက်မှ ထိခိုက်မှု ရှိခဲ့သော်လည်း အရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် ဇန်နဝါရီ ၂၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က လောင်းလုံးမြို့ပေါ်မှ ထွက်လာသော စစ်ကြောင်းသည် ညှင်းမော်ရွာသို့ ချီတက်စဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲ ၁၅ မိနစ် ခန့် ကြာမြင့်ပြီး စစ်သား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မျိုးဆက်တစ်ခုလုံး ဆုံးရှုံးမည့် စိုးရိမ်‌ရေမှတ်ရောက်ရှိဟု သံအမတ်ကြီး ပြော

ဖေဖော် ၃
The Kaladan Post
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအမြဲကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သော အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အလေးအနက်ထည့်သွင်း ပြောကြားခဲ့သည်။ သံအမတ်ကြီးက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေမှုကြောင့် မြန်မာနိုင်ငံသည် ဆိုက်ဘာရာဇဝတ်မှု၊ အွန်လိုင်းလိမ်လည်မှု ကွန်ယက်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပျော်စံရာ ဗဟိုချက် ဖြစ်လာကြောင်း ထောက်ပြခဲ့သည်။ မြန်မာပြည်သူများသည် နှစ်များစွာ အလကားဆုံးရှုံးခဲ့ရပြီး ယခု အခါ မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့် အရေးအထိ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း အလေးအနက်ထုတ်ဖော်ပြောကြားခဲ့သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ် ယနေ့တိုင် ပျက်ကွက်နေဆဲ ဖြစ်ကြောင်း ဝမ်းနည်းစွာ ဖော်ပြခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဖြစ်စဉ်သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆက်နွယ်မှု ပြတ်တောက်ပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များကို အကောင်းဆုံး ပြသပေးနေသည့် သာဓကတစ်ရပ်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် ပြည်သူများကြီးလေးသော လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း၊ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအလုံးအရင်းလိုက် နေရပ်စွန့်ခွာနေရပြီး လူသားစာနာအရေးပေါ် အခြေအနေ ဖြစ်ပေါ်နေကြောင်း ရှင်းလင်းခဲ့သည်။ နောက်ဆုံးတွင် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်တည်ဆောက်ရန် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ခြင်း လမ်းစဉ်မှလွဲ၍ အခြားရွေးချယ်စရာ မရှိကြောင်း အလေးအနက်ထည့်သွင်း ပြောကြားခဲ့သည်။

အရှေ့တီမောနိုင်ငံက မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှု စွဲချက်ဖြင့် စတင်အမှုဖွင့်လှစ်

ဖေဖော် ၃
The Kaladan Post
အရှေ့တီမောနိုင်ငံ တရားရေးအာဏာပိုင်များက မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များကို ချင်းပြည်နယ်တွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများအတွက် စုံစစ်ဆေးမှုများကို စတင်လက်ခံ အမှုဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ တီမောနိုင်ငံက မြန်မာရှိ စစ်ဗိုလ်ချုပ်များကို တရားဥပဒေအရ အရေးယူမှု စတင်လုပ်ဆောင်ခဲ့သည်မှာ ပထမဆုံး ဖြစ်ရပ်ဖြစ်ကြောင်း၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇန်နဝါရီလကုန်တွင် မြို့တော် ဒီလီတွင် တင်သွင်းခဲ့သော အမှုဖိုင်ကို စုံစမ်းစစ်ဆေးရန် အရှေ့တီမောအစိုးရက အကြီးတန်း အစိုးရ ရှေ့နေ တစ်ဦးကို ခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် CHRO က ကြေညာခဲ့သည်။ CHRO အမှုဆောင်ဒါရိုက်တာ Salai Za Uk က ဤလုပ်ရပ်ကို ကြိုဆိုကြောင်း၊ ချင်းလူမျိုးများသာမက မြန်မာ ပြည်သူအားလုံးအတွက် တရားမျှတမှု ရရှိရေးကို ရည်ရွယ်ကာ တီမောနိုင်ငံ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တီမောနိုင်ငံ၏ သမိုင်းနောက်ခံနှင့် လွတ်လပ်ရေးရယူရာတွင် ခံစားခဲ့ရသော ဒုက္ခများကြောင့် မြန်မာပြည်သူများအပေါ် စစ်အာဏာရှင်က နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက်မှုများကို အထူး နားလည်မှုရှိကြောင်း ဆိုသည်။ CHRO တင်သွင်း သော အမှုဖိုင်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လူ ၁၀ ဦး သတ်ဖြတ်မှု၊ ခရစ်ယာန်သင်းအုပ်ဆရာ ၄ ဦး သတ်ဖြတ်မှု၊ ဆေးရုံ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှု၊ ဘုရားကျောင်း များနှင့် အရပ်ဘက်အဆောက်အအုံများ တိုက်ခိုက်မှုများ အပါအဝင် ခိုင်လုံသော အထောက်အထား များ ပါဝင်ကြောင်း သိရသည်။ MAP ဒါရိုက်တာ Chris Gunness က ဤအမှုမှာ မြန်မာပြည်သူများ အတွက် တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ ရရှိရေး ရှည်လျားသော ခရီးတွင် အရေးကြီး သော အဆင့်တစ်ခုဖြစ်ကြောင်း၊ အခက်အခဲများရှိသော်လည်း အင်အားကြီး သတင်းစကား ပို့လိုက် ခြင်း ဖြစ်ပြီး အာဏာရှင်နှင့် အကြမ်းဖက်မှုကို ဆန့်ကျင်ရာတွင် တာဝန်ယူမှု မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဖားကန့်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၆ ဦး KIA-KPDF ထံ အလင်းဝင်

ဖေဖော် ၃
The Kaladan Post
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေကြောင်းသိရသည်။ ဖေဖော်ဝါရီ ၃ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောဆိုသည်။ ထို တပ်သားများမှာ ခမရ (၃၈၁) တပ်ရင်းမှ ဖြစ်ပြီး စစ်သုံ့ပန်းများမဟုတ်ဘဲ ဘက်ပြောင်းခိုလှုံသူများ အဖြစ် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။ ထို့အပြင် မနေ့က တိုက်ပွဲအတွင်း တပ်ခွဲမှူး ဗိုလ်မှူး ဇာနည်အောင် သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ တိုက်ပွဲ ဆက်လက်ပြင်းထန် နေရာ မနေ့က စာသင်ကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ယနေ့တွင်လည်း နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့က ဗျူဟာကုန်းမှ လက်နက်ကြီးများ မကြာခ ဏ ပစ်ခတ်နေပြီး အရပ်သားနေအိမ်များနှင့် ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထို့ပြင် စစ်ကြောင်းများက မရှီကထောင်ရပ်ကွက်နှင့် ယူမာကျေးရွာ ဘက်ရှိ လမ်းသွယ်များတွင် မိုင်းများ ထောင်ထားကြောင်း သိရသည်။ ဖားကန့်ရှိ စစ်တပ်စစ်ကြောင်း များတွင် ရှမ်းနီ (SNA)၊ ပြည်သူ့စစ်အဖွဲ့များအပြင် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးခံရပြီး သင်တန်းဆင်း သူများလည်း ပါဝင်နေကြောင်းသိရသည်။ KIA နှင့် KPDF တို့က စစ်မှုထမ်းသင်တန်းဆင်းများအား လက်နက်ချ လူထုဘက်ပူးပေါင်းရန် တိုက်တွန်းထားပြီး၊ လက်နက်နှင့်အတူ အလင်းဝင်ပါက ဆုကြေးငွေနှင့် ဂုဏ်ပြုဆောင်ရွက်မည်ဟု ကမ်းလှမ်းထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဖလမ်းမြို့ စစ်ကူလာသော စစ်တပ်ကို ချင်းပူးပေါင်းတပ်များ တိုက်ခိုက် စစ်သား ၃၂ ဦး သေဆုံး

ဖေဖော် ၃
The Kaladan Post
ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) မနက်ပိုင်းတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ မနက် ၉ နာရီခန့်က စတင်ကာ ဇောင်လေးကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားသည့် စခန်းကုန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်များက အတည်ပြုသည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၂ ဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် အနည်းဆုံး ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ချင်းပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းများ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ တိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းမှာ ဇန်နဝါရီ ၂၀ ရက်နေ့က ကလေးမြို့မှ သိုင်းငင်းသို့ ချီတက်လာခဲ့ပြီး ဖလမ်းမြို့ကို စစ်ကူပေးရန် ဆက်လက်ချီတက်ရာမှ သိုင်းငင်းနှင့် ဖလမ်းကြားရှိ ဇောင်လေးကျေးရွာအနီးတွင် ခြေကုတ်ယူ တပ်စွဲထားသော အဖွဲ့ ဖြစ်ကြောင်း သိရှိရသည်။

ဘီးလင်းမြို့နယ် တောင်စွန်းနယ်မြေရဲစခန်း နယ်ထိန်း ရဲဒုတပ်ကြပ် အရက်ဆိုင်တွင် ပစ်ခတ်ခံရ ပွဲချင်းပြီး သေဆုံး

ဖေဖော် ၃
The Kaladan Post
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ဇော်မင်းထွန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းတွင် ဘီးလင်းမြို့ပြ အာဠာဝ တော်လှန်ရေးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ကော့ကမယ်ကျေးရွာ အရက်ဆိုင်တွင် အရက်သောက်သုံး နေစဉ် အိမ်စီးကားဖြင့် ရောက်ရှိနေသော ရဲဒုတပ်ကြပ် ဇော်မင်းထွန်းနှင့် ဒုရဲအုပ် ဖုန်းမြင့်နိုင်တို့ကို တော်လှန်ရေးရဲဘော်များက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဇော်မင်းထွန်းမှာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ဖုန်းမြင့်နိုင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ဘီးလင်းမြို့ပြ အာဠာဝ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ရဲဒုတပ်ကြပ် ဇော်မင်းထွန်းထံမှ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အလောင်းကို ကောက်ယူသွားပြီး ဆိုင်ရှင်နှင့် အရက်သောက်သုံးသူအချို့ကို ဖမ်းဆီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။