ဂန့်ဂေါမြို့တွင် ခရီးသွား ချင်းအမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီး
ဖေဖော် ၅
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် နေ့လည် ၂ နာရီခန့်က ခလရ ၅၀ တပ်လမ်း ဆုံ စစ်ဆေးရေးဂိတ်တွင် ချင်းပြည်နယ်မှ ဂန့်ဂေါမြို့သို့ လိုင်းကားဖြင့် လာရောက်နေသော ချင်းလူမျိုး အမျိုးသမီး ၂ ဦး (အသက်အရွယ် သုံးစမ်းဆဲ) ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စစ်ဆေးရေးအတွင်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခလရ ၅၀ တပ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံ သတင်းရင်းမြစ် များက ပြောသည်။ ထို့အပြင် ယနေ့ ညနေပိုင်းတွင် ခလရ ၅၀ တပ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် သစ္စာဖောက်ကောင် ရန်ကုန်သား ခေါ် ကျော်မင်းလှိုင် လမ်းပြဦးဆောင်ဖြင့် တပ်မြောက်ဖက် မဖေးချောက်ထဲသို့ စစ်ကြောင်းထိုးလာခဲ့သည်ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကြောင်းသည် ယခုအချိန်ထိ တပ်ပြန်ဝင်ရောက်ခြင်း မတွေ့ရသေးဘဲ မဖေးချောက်တွင် ညအိပ်စခန်းချနေနိုင်ကြောင်း သိရှိရသည်။ နယ်ဝေးအထိ စစ်ကြောင်း တိုးချဲ့မှု မရှိသော်လည်း အနီးနားကျေးရွာများရှိ ပြည်သူများ အနေဖြင့် ကြိုတင်သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရင်းမြစ်က သတိပေးထားသည်။

ကလေးငယ်များ၏ ပညာရေးနှင့် အနာဂတ်ကို အကာအကွယ်ပေးရန် နိုင်ငံတကာကို NUG တိုက်တွန်း
ဖေဖော် ၅
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မနေ့က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားမှု အစီအစဉ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် စာသင်ကျောင်းများကို စစ်ရေးအရ အသုံးပြုခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူစာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ထောက်ပြခဲ့သည်။ နွေဦးတော်လှန်ရေး (၅)နှစ်အတွင်း စစ်ကောင်စီ၏ ရက်စက်မှုများ တနှစ်ထက်တနှစ် ပြင်းထန်လာပြီး အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ရွာများမီးရှို့ရုံသာမက ရေတွင်း၊ ရေကန်၊ စာသင်ကျောင်း၊ ဆေးရုံများကိုပါ စနစ်တကျ ဖျက်ဆီးလျက်ရှိသည်ဟု ဆိုသည်။ နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေး အပါအဝင် ကလေးငယ်များ၏ အနာဂတ် ကာကွယ်ရေး အစီအမံများကို တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်ရန်နှင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုရန် ဦးနေဘုန်းလတ်က တိုက်တွန်းသည်။ ထိုသို့ အသိအမှတ်ပြုပါက ပြည်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်ရုံသာမက ဒေသတွင်း ငွေကြေးလိမ်လည် မှု၊ မူးယစ်ဆေးဝါး ပြဿနာများ ပိုမို ဆိုးရွားလာမည်ဟု သတိပေးခဲ့သည်။ NUG အနေဖြင့် နိုင်ငံရေး၊ စစ်ရေး ပိုမို အားကောင်းသော စုဖွဲ့ဦးဆောင်မှုနှင့် ကွပ်ကဲမှုများ တည်ဆောက်ကာ တော်လှန်ရေး အောင်မြင်အဆုံးသတ်ရန် အစွမ်းကုန် ကြိုးစားသွားမည်ဟု ကတိပြုခဲ့သည်။ PDF နှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက တနိုင်ငံလုံး စစ်မျက်နှာစုံတွင် စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၂၀၂၅ အထိ မြို့နယ် ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားကာ နောက်ထပ် ၄၁ မြို့နယ်ကို ဝိုင်းဝန်း ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးခဲ့သည်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို စစ်တပ် လေကြောင်းဗုံးကြဲ အရပ်သား ၁ ဦး သေဆုံး
ဖေဖော် ၅
The Kaladan Post
ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသော ခမရ (၃၂၁) တပ်ရင်းအနီး ရွှေညောင်ပင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက ဆိုသည်။ တိုက်ခိုက်မှုကြောင့် ကားဝပ်ရှော့နေအိမ်တွင် ကားကြီး ၁ စီး၊ ကားသေး ၁၄ စီး၊ ဆိုင်ကယ် ၁၅ စီး မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို လိုင်ဇာသို့ ဆေးကုသရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ရွှေညောင်ပင်ရွာသည် လိုင်ဇာသို့ သွားလာရာ လမ်းပေါ်တွင် တည်ရှိပြီး စားသောက်ဆိုင်များ နှင့် လူစည်ကားသော နေရာဖြစ်ကြောင်း ဝိုင်းမော်မြို့ခံ သတင်းရင်းမြစ်က ပြောသည်။ ဝိုင်းမော်မြို့နယ် လမြန်နှင့် မိုင်းနားဒေသများတွင် စစ်ကောင်စီနှင့် KIA အကြား တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီ တပ်ဖွဲ့ အထိနာခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် KIA က စစ်ကောင်စီ စခန်းအချို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ တိုက်ပွဲတွင် အထိနာနေသော စစ်ကောင်စီတပ်က ယနေ့ စစ်ရေးနှင့် မသက်ဆိုင် သော အရပ်သားနေထိုင်ရာ ရွှေညောင်ပင်ကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ဖားကန့်တိုက်ပွဲများတွင်လည်း စစ်ကောင်စီ အရာရှိများအပါအဝင် ထိခိုက်သေဆုံးမှုများ ရှိနေသည့် အခြေအနေတွင် လက်နက်ကြီး ရမ်းပစ်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။

ရေးမြို့နယ် ခမရ(၅၉၁) တပ်ရင်းတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး
ဖေဖော် ၅
The Kaladan Post
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စကခ(၁၉) လက်အောက်ခံ ခမရ(၅၉၁) တပ်ရင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် နံနက် ၅ နာရီခန့်တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲဟာ နာရီဝက်ခန့် (သို့မဟုတ် မိနစ် ၃၀ ခန့်) ကြာမြင့်ခဲ့ပြီး စစ်ဆပ်ဘက်မှ စစ်သား ၄ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Ramonnya Mon Army က ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဘက် က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ ဘက်တွင် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော် တပ်ရင်း (၉၀၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) နှင့် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) အမှတ်(၈၀၀၁) တပ်ရင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ကချင်တော်လှန်ရေးတပ်ဖွဲ့များနှင့် တည်ဆောက်မည် NUG ဆို
ဖေဖော် ၅
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ ရောက်ရှိသည်အထိ မဟာမိတ် ကချင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ဆုံးခန်းတိုင် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ဖေဖော်ဝါရီ ၅ ရက် ကျရောက်သော ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။ လွန်ခဲ့သော ၆၅ နှစ်တာကာလအတွင်း ပင်လုံကတိကဝတ်များနှင့်အညီ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ရင်း အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် ကချင်အမျိုးသားများ၏ အာဇာနည်သူရဲကောင်းများ၊ မိသားစု ဝင်များ၊ စစ်ပွဲကြောင့် အိုးအိမ်စွန့်လွှတ်ခဲ့ရသော စစ်ဘေးရှောင်ပြည်သူများအတွက် ထိုက်တန်သော တရားမျှတမှု ပြန်လည်ရရှိစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG က ဆိုသည်။ လွန်ခဲ့သော ၆၅ နှစ်တာကာလအတွင်း ပင်လုံကတိကဝတ်များနှင့်အညီ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးတို့အတွက် တိုက်ပွဲဝင်ရင်း ကချင်အမျိုးသားတို့၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရမှုများ၊ နစ်နာဆုံးရှုံးမှုများအပေါ် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ လက်ရှိ မြန်မာ့နွေဦးတော်လှန် ရေးတွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) သည် ရှေ့တန်းမှ ဦးဆောင်ပါဝင်နေပြီး ခိုင်မာသော မူဝါဒရှိသည့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူကြောင်း NUG က ဖော်ပြခဲ့သည်။ ထို့ပြင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင် လူမျိုးများနှင့် မြန်မာပြည်သူများ၏ မျှော်လင့်ချက်အတိုင်း ပန်းတိုင်သို့ ရောက်ရှိစေရန် မနားမနေ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မိန့်ခွန်းသဝဏ်လွှာတွင် ကတိပြုခဲ့သည်။ ကချင်အမျိုးသားများသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို ဖဆပလ အစိုးရနှင့် ဗိုလ်နေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရတို့က အကောင်အထည်ဖော်မပေးခဲ့သဖြင့် ဆုံးရှုံးခဲ့ရသော လွတ်လပ်ခွင့်နှင့် အခြေခံအခွင့်အရေးများအတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက် ကိုရင်တစ်ပါးအပါအဝင် အရပ်သား ၅ ဦး သေဆုံး
ဖေဖော် ၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် မြို့မြောက်ဘက် သစ္စေးကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိနေကြောင်း သိရသည်။ ဘုန်းကြီးကျောင်း ဆောင်အဆောက်အအုံ အများစု ပျက်စီးခဲ့သလို ကျောင်းဝင်းအတွင်းရှိ ကားဝပ်ရှော့ဆိုင်များနှင့် ကားများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး တယ်လီဂရမ်အကောင့်များတွင်မူ ဤတိုက်ခိုက်မှုကို ဗန်းမော်မြို့သို့ စစ်ကူသွားမည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြထားသော် လည်း ဒေသခံများက စစ်ရေးပစ်မှတ်မဟုတ်သော ဘုန်းကြီးကျောင်းကို တိုက်ရိုက်ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ငြင်းဆိုထားသည်။

လောင်းလုံးမြို့အတွင်းရှိ စစ်ကောင်စီ (စရ-ဖ) ရုံး Drop Bomb ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခံရ
ဖေဖော် ၅
The Kaladan Post
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ရှိ လောင်းလုံး (စရ-ဖ) ရုံးတွင်းမြို့ပြစစ်ဆင်ရေးအတွက် စစ်ကောင်စီ တပ်ဖွဲ့များက စစ်ကြောင်းမှ သတင်းတန်းပေးနေသော ပစ်မှတ် ၂၅ ဦးကို Drop Bomb ဗုံး ၂ လုံးဖြင့် လေကြောင်းတိုက်ခိုက် ခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ က ထုတ်ပြန်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက် မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိနေသော်လည်း အသေးစိတ်အချက်အလက်များကို ထိုအချိန်အထိ အတိအကျ မသိရှိရသေးကြောင်း L.L.B.F က ဆိုသည်။ မြို့ပြစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.B.F)၊ ကျောင်းသားတော်လှန်ရေး (S.R.F) နှင့် Dawei Defence Team (D.D.T) တို့မှ ပူးပေါင်း လက်ခံတိုက်ခိုက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရှမ်း-ကချင် စည်းစည်းညီညွတ်မှု ထိန်းသိမ်းရန်နှင့် ကျားဖြန့်ကို ဝိုင်းဝန်း တိုက်ဖျက်ရန် KIO ဥက္ကဋ္ဌ တိုက်တွန်း
ဖေဖော် ၅
The Kaladan Post
ယနေ့ ဖေဖော်ဝါရီ ၅ ရက် ကချင်တော်လှန်ရေးနေ့ ၆၅ နှစ်မြောက် အခမ်းအနားတွင် ကချင်လွတ်လပ် ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အွန်လိုင်း ငွေလိမ်လုပ်ငန်းဖြစ်သော “ကျားဖြန့်” လုပ်ငန်းများကို ရပ်ရွာအတွင်း မရှိအောင် လူထုတစ်ရပ်လုံး ဝိုင်းဝန်း ကာကွယ်ရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းခဲ့သည်။ ဗိုလ်ချုပ်ကြီး အင်ဘန်လက “ကျားဖြန့်” လုပ်ငန်းများသည် လက်ရှိ အလွန်သတိထားရမည့် ငွေကြေးလိမ်လည်မှု ပုံစံဖြစ်ကြောင်း ထို့အပြင် ပက်ဂျာဆန် (ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့) လုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်ရန်လည်း အလေးပေး တိုက်တွန်းခဲ့သည်။ ရှမ်းနှင့် ကချင်လူမျိုးနှစ်မျိုးအကြား ဘိုးဘေးစဉ်ဆက်ဆက် အတူယှဉ်တွဲ နေထိုင်ခဲ့သော လှပသော သမိုင်းကို စစ်အာဏာရှင်စနစ်ကြောင့် ပြိုကွဲမသွားစေရန်၊ ချစ်ခြင်းမေတ္တာနှင့် ပူးပေါင်း ပြန်လည်တည်ဆောက်ကြရန်လည်း ဗိုလ်ချုပ်ကြီးက တိုက်တွန်းခဲ့သည်။ မှားယွင်းသော သတင်းများကြောင့် အယုံလွယ်မှားယွင်းမှု မဖြစ်အောင် သတိထားကြရန်လည်း သတိပေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါအနီး တော်လှန်ရေးတပ်ဖွဲ့ သတင်းထောက်လှမ်းလာသော ပျူစောထီး ၂ ဦး ဖမ်းဆီး
ဖေဖော် ၅
The Kaladan Post
မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီး တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုသတင်းများကို စုံစမ်းထောက်လှမ်း နေသော ပျူစောထီး ၂ ဦးကို Black Dragon Force တပ်ဖွဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဖမ်းဆီးခံရသူ နှစ်ဦးမှာ ခလရ ၅၀ တပ်ရင်းမှ ဗိုလ်မုတ်ဆိတ် နောက်လိုက်ပျူစောထီးများဖြစ်ပြီး တစ်လလျှင် ငွေကျပ် ၅ သိန်း လစာဖြင့် အလုပ်လုပ်နေသူများဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ တစ်ဦးမှာ ပျူစောထီး အတည်ဖြစ်ပြီး ကျန်တစ်ဦးကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း Black Dragon Force တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အဆိုပါ ဖမ်းဆီးမှုကို Black Dragon Force တပ်ဖွဲ့နှင့် ဒေသကျေးရွာ ပကဖ အဖွဲ့အစည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
