စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က လူငယ် ၂၀၀ ကျော် ပေါ်တာဆွဲဖမ်းဆီးပြီး နမခ သို့ ပို့ဆောင်
မတ် ၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အချက်အချာကျသော နေရာများနှင့် ရပ်ကွက်များတွင် စစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၈ ရက်အထိ ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းကာ လူငယ် ၂၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းဆုံများ၊ ရထားဘူတာ၊ ကားဂိတ်၊ စစ်ကိုင်းတံတားဂိတ်၊ စစ်ကိုင်းနှာပေါက်နှင့် တပ်မ ၃၃ အနီးရှိ ရပ်ကွက်များတွင် ဧည့်စာရင်းစစ်ဆေး ခြင်း၊ လမ်းသွားလမ်းလာများကို ပိတ်ဆို့ ရှာဖွေခြင်းများ ပြုလုပ်ခဲ့ပြီး အသက် ၂၅ မှ ၃၅ နှစ်ဝန်းကျင် အမျိုးသားလူငယ်များကို အဓိက ပစ်မှတ်ထားဖမ်းဆီးခဲ့ကာ မိသားစုနှင့် တွေ့ဆုံခွင့်မပေးဘဲ ငွေကြေး ဖြင့် ပြန်ရွေးယူခွင့်လည်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံ လူငယ်များကို တပ်မ ၃၃ မှတစ်ဆင့် ၁၀ ဘီးကားများ၊ သံပြားကာကားများနှင့် မိုးကာအုပ်တွဲကားများ ပါဝင်သော ယာဉ်တန်းဖြင့် မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိ စစ်ကိုင်းမြို့အတွင်း စစ်တပ်၏ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာသဖြင့် လူငယ်များ သွားလာရ ခက်ခဲနေသည့်အပြင် စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေပြီး မတ်လအတွင်း ဖွင့်လျှစ်မည့် အပတ်စဉ် ၂၃ အတွက် လူငယ်တွေကို အသည်းအသန်ရှာဖွယ်ဖမ်းဆီးနေကြောင်း သတင်းရင်းမြစ်က သုံးသပ်ထားသည်။

စစ်တပ်စစ်ကြောင်းကို တစ်လကျော် တိုက်ခိုက်ခဲ့ရပြီး စစ်သား ၁၀ ဦး သေဆုံးကာ
မတ် ၁
The Kaladan Post
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ဇန်နဝါရီ ၁၆ ရက်မှ စတင်ကာ အင်အား ၁၈၀ ခန့်ရှိ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တစ်လကျော်ကြာ လိုက်လံ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။ ရှပ်ပုံကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ ၁၀ ကြိမ်ကျော်အတွင်း စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အထိနာခဲ့သော စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ကာ ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၂ ဦး သေဆုံး၊ ရွာတွင်းနေအိမ် ၆၀ ကျော် မီးလောင်ပျက် စီးခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း ပြောဆိုသည်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းက အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တန်းရှင်း ဘုန်းကြီးကျောင်း၊ သင်္ကန်းတော စေတီကုန်းနှင့် ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ တိုက်ပွဲများအတွင်း မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း(PDF) ဘက်မှ ရဲဘော် ၇ ဦး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဘက်မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ ၁ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်လာကာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း မြိတ်ခရိုင်အမှတ်(၁) က ပြောဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း(PDF)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း ၇ နှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရာတွင် ဆက်လက်နေထိုင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို တိကျစွာ လိုက်နာရန် မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက အသိပေး ထားသည်။

မိုးကုတ်-မိုးမိတ်ဒေသတွင် ယခုနှစ် အတွင်း စစ်ကောင်စီ စစ်သား ၂၁ ဦး သေဆုံးဟု NUG ပြော
မတ် ၁
The Kaladan Post
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်-မိုးမိတ်ဒေသအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက အကြမ်းဖက်စစ်တပ်ရဲ့ အရေးကြီး ပစ်မှတ်များနှင့် အုပ်ချုပ်ထောက်ပံ့မှု ရပ်ဝန်းများကို အထူးစစ်ဆင်ရေး ဖော်ဆောင် တိုက်ခိုက်နေကြောင်း၊ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း တိုက်ပွဲကြီးငယ် ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ထုတ်ပြန် သည်။ မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ ဦးဆောင်မှုဖြင့် PDF တပ်ရင်းတပ်ဖွဲ့များက စစ်တပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များနှင့် ဖမ်းဆီးရမိသူများ ရှိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဆေးဝါး စောင့်ရှောက်မှု ပေးကာ စနစ်တကျ ထိန်းသိမ်းထားကြောင်း MOD က ဆိုသည်။ တိုက်ပွဲများအပြင် PDF တပ်ဖွဲ့များသည် နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုပါ ဆောင်ရွက်နေရာ ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို ဖော်ထုတ် ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ စီရင်နိုင်ရန် လွှဲပြောင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် စစ်ဆင်ရေးများအတွင်း ထိခိုက် ကျဆုံးခဲ့ရသူများနှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူများကို ဦးညွတ်အလေးပြုကြောင်း၊ တော်လှန်ရေး တာဝန်များကို အောင်မြင်မှုရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခလယ်လွီထူခရိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံသူ အကျဉ်းသူ/သား ၂၉ ဦး လွတ်ငြိမ်းခွင့်ရရှိ
မတ် ၁
The Kaladan Post
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ အမိန့်ဖြင့် ခလယ်လွီထူခရိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၂၄ ဦးနှင့် အကျဉ်းသူ ၅ ဦး စုစုပေါင်း ၂၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း KNU က ဖေဖော်ဝါရီ ၂၅ ရက်နေ့ တရားဝင် ထုတ်ပြန်ထားသည်။ ဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁/၂၀၂၆ အရ KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ အကျဉ်းဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူများကို ကော်သူးလေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈ (ခ၊ ဂ) အရ လွတ်ငြိမ်းသက်သာခွင့်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မုဒိမ်းလူသတ်မှု၊ မုဒိမ်းမှုနှင့် ထောင်ဒဏ် ၇ နှစ်အထက် မူးယစ်ဆေးဝါးမှု ကျူးလွန်သူများမှာ လွတ်ငြိမ်း ခွင့်တွင် အကျုံးမဝင်ဘဲ ကျန်ရှိသော စည်းကမ်း လိုက်နာသည့် အကျဉ်းသားများကို ထောင်ဒဏ် တစ်နှစ်လျှင် ၃ လနှုန်းဖြင့် ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့ကြောင်း ဆိုထားသည်။ ယခု လွှတ်ပေးချက်မှာ အပြီးသတ် ပြစ်ဒဏ်မှ လွတ်မြောက်ခြင်း မဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ လွတ်မြောက်လာသူများအနေဖြင့် ပြင်ပလောကတွင် ကောင်းမွန်စွာ နေထိုင်ရမည်ဖြစ်ပြီး နောက်ထပ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ယခင်ပြစ်ဒဏ်နှင့် အသစ်ကျူးလွန်သည့် ပြစ်ဒဏ်တို့ကို တစ်ပေါင်းတည်း ကျခံရမည်ဖြစ်ကြောင်း သိရသည်။ ထောင်ဒဏ် ကျန်ရှိနေသေးသူများအနေဖြင့် လည်း စည်းကမ်း လိုက်နာ၍ ကောင်းမွန်စွာ နေထိုင်ပါက နောင်တွင် လွတ်ငြိမ်းခွင့်နှင့် အခြားအခွင့် အရေးများ ထပ်မံ ရရှိနိုင်မည်ဖြစ်ကြောင်း၊ လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူများကို မိမိတို့၏ အမှားများမှ သင်ခန်းစာ ယူကာ သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်ကြရန် တာဝန်ရှိ သူများက တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

အုတ်ဖိုမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ဂျေကြီး(ခ)ဂျေမောင်အပါအဝင် ၂ ဦး သေဆုံး
မတ် ၁
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရှမ်းရွာနေ ပျူစောထီး ခေါင်းဆောင် ဂျေကြီး(ခ)ဂျေမောင် နှင့် တပည့်ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို UGF (OKPO) က မတ်လ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ခွဲကျော်ခန့်တွင် ပျူစောထီးများ တင်ဆောင်လာသော ဖောကားကို သာလိကာရွာထိပ်တွင် သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြို့ပြပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို ရဲဘော်များက ရှောင်တခင် စစ်ဆေး ရန် ရပ်တန့်ရန် ညွှန်ကြားခဲ့ရာ ကားရပ်မပေးဘဲ သေနတ်ဖြင့် ပစ်ခတ်လာသဖြင့် နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပစ်ခတ်မှုအတွင်း ပျူစောထီးခေါင်းဆောင် ဂျေကြီး(ခ)ဂျေမောင်နှင့် ပျူစောထီး ၁ ဦး နေရာတွင် သေဆုံးခဲ့ပြီး ကျန်ပျူစောထီးများ ထွက်ပြေးသွားကြသည်။ ထို့နောက် လိုက်ပါလာသော ဖောကား ၁ စီး၊ သေနတ်အတို ၁ လက်၊ G3 ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် မိုဘိုင်းဖုန်း ၂ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့ပြပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသော စစ်သား၊ ရဲနှင့် ပျူစောထီးများအပြင် ၎င်းတို့၏ ထောက်တိုင်များကိုပါ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် ထိုသူများအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေး ထားသည်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံ၍ လွှတ်တော်များ ခေါ်ယူကျင်းပမည်ဟု NLD ပြောဆို
မတ် ၁
The Kaladan Post
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ၏ ကြားကာလ သတ္တမအကြိမ်မြောက် အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Zoom အွန်လိုင်း ပလက်ဖောင်းမှတစ်ဆင့် ကျင်းပခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။ အစည်းအဝေးတွင် သဘာပတိအဖွဲ့ ဝင် ၁ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီ ဝင်များ၊ အရံဗဟိုကော်မတီဝင်များ စုစုပေါင်း ၅၁ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး၊ အထူးဧည့်သည်တော် ၉ ဦး အပါအဝင် စုစုပေါင်း ၉၉ ဦး တက်ာ ရောက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်၏ တရားဝင်တည်ရှိ မှုအပေါ် အခြေခံ၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များကို ခေါ်ယူ ကျင်းပရန် အပါအဝင် ဆုံးဖြတ်ချက် ၁၃ ချက်ကို ကန့်ကွက်သူ မရှိ အတည်ပြု ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေး လမ်းစ ရရှိနိုင်မည် မဟုတ် ကြောင်း မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ရန် ပါဝင် ကြောင်း သိရသည်။ ထို့အပြင် ပါတီအင်အား ကျစ်လစ်ခိုင်မာရေးအတွက် အဆင့်ဆင့် ပါတီအမှုဆောင် များ၏ ထိရောက်သော ဦးဆောင်မှုဖြင့် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန် လည်း ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ NLD ပါတီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိကာ လွှတ်တော်ကိုယ်စား လှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသော်လည်း စစ်တပ်က အာဏာသိမ်းခဲ့ရာ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံနေရဆဲ ဖြစ်သည်။

ရှမ်းလက်နက်ကိုင်အဖွဲ့များသည် လူထုကာကွယ်ပေးမှု ပျက်ကွက်နေဟု ရှမ်းလူငယ်များ ပြောဆို
မတ် ၁
The Kaladan Post
ယနေ့ မတ်လ ၁ ရက် ကျရောက်သော “ရှမ်းလူငယ်နေ့” (Tai Youth Day) အထိမ်းအမှတ်အဖြစ် ရှမ်းလူငယ်များက ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော SSPP/SSA နှင့် RCSS/SSA တို့သည် ရှမ်းလူထု၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူမှုဘဝ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသော်လည်း ယနေ့အချိန်တွင် ထိရောက်သော ကာကွယ်မှု မပေးနိုင်ကြောင်း ဝေဖန် ထားသည်။ ရှမ်းလူထုအပေါ် အဓိက တာဝန်များ ပျက်ကွက်နေမှုမှာ လုံးဝ မဖြစ်သင့်ကြောင်း၊ ရှမ်းလက်နက်ကိုင်အဖွဲ့များအနေဖြင့် လူနေမှုဘဝ လုံခြုံရေးနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကို အဓိကထား ကာကွယ်စောင့်ရှောက်ရန် အလေးအနက်တိုက်တွန်းထားသည်။ စစ်အာဏာသိမ်းပြီး နောက် ရှမ်းလက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီကို တိုက်ခိုက်ခြင်း မရှိဘဲ အချင်းချင်း ပဋိပက္ခ များသာ ဖြစ်ပွားခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလမှ ယခုအချိန်အထိ ရှမ်းလူမျိုးများသည် စစ်ဘေး ဒဏ်အပြင် နေအိမ်ပျက်စီး၊ နေရပ်စွန့်ခွာ၊ လယ်ယာသိမ်းဆည်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူး၊ အွန်လိုင်း လိမ်လည်မှု၊ စစ်သားစုဆောင်း၊ ယဉ်ကျေးမှုပျက်စီး၊ ပညာရေးနိမ့်ကျ၊ လူငယ်အနာဂတ်မရေရာ စသည့် ပြဿနာများစွာ ရင်ဆိုင်နေရကြောင်း ရှမ်းလူငယ်များ က ပြောဆိုထားသည်။ ရှမ်းသံဃာတော်များ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် လည်း ရှမ်းလူထု၏ ဒုက္ခများအပေါ် တသားတည်း ရပ်တည်ကာ ကာကွယ်စောင့်ရှောက်ရန်၊ မတရား ဖိနှိပ်မှုများကို မျက်ကွယ်မပြုရန်၊ ပူးပေါင်း ဖြေရှင်းရန် အလေးအနက်တိုက်တွန်းထားသည်။ ရှမ်းလူထု အပေါ် မတရားအနိုင်ကျင့်ဖိနှိပ်မှုမှန်သမျှကို မျက်ကွယ်မပြုဘဲ အခြေခံရပိုင်ခွင့်များ၊ အကျိုးစီးပွားများ ကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန်နှင့် လူမှုဘဝ လုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

မင်းတုန်းမြို့နယ်တွင် စစ်တပ်က ကုန်သွယ်ရေးကားများရပ်နားသည့်နေရာအား လေကြောင်း ဗုံးကြဲသဖြင့် အရပ်သား ၂၁ ဦး သေဆုံး
မတ် ၁
The Kaladan Post
မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပြောင်းရွာအနီး ကုန်သွယ်ရေးကားများ ရပ်နားနေသည့် နေရာကို စစ်တပ် လေတပ်က ယနေ့ (မတ်လ ၁ ရက်) နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ခိုက်မှု တွင် ပေါင် ၂၀၀ ဗုံးများအပြင် ရော့ကက်များဖြင့်ပါ ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁၅ ဦး ရှိကာ ဖောကားများ ၈ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ သေဆုံးသူများ၏ ရုပ်အလောင်းအချို့ကို ရှာဖွေရေး ဆက်လက် ဆောင်ရွက်နေရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ၂၀၂၁ ခုနှစ် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၃,၄၃၆ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၁၀ ဦး သေဆုံးခဲ့ကြောင်း Spring Revolution database က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုဖြစ်ရပ်သည် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
