—————————————————————————————-
ဇွန် ၃
The Kaladan Post

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ချင်းပြည်နယ်အား စစ်ကောင်စီမှ နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်ထားမှုကြောင့် ချင်းပြည်သူအများစုသည် အိန္ဒိယနိုင်ငံဘက်မှ သွင်းကုန်များကို အဓိကအားထားရသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ချင်းပြည်နယ်သို့ လောင်စာဆီ ရောင်းဝယ်ခွင့်ကိုပင် စစ်ကောင်စီမှ ပိတ်ပင်ထားခြင်းကြောင့် အခက်အခဲများစွာကို အိန္ဒိယနယ်စပ် ဘက်မှတစ်ဆင့် ဖြေရှင်းနေရပြီး ကုန်သွယ်ရေးသမားအများစုသည်လည်း အိန္ဒိယနိုင်ငံမှ အခြေခံကုန် ပစ္စည်းများကို နေ့စဉ်များပြားစွာ သွင်းယူနေကြရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံဘက်ကို စီးပွားရေးအရဖြစ်စေ၊ သွင်းကုန်များအရဖြစ်စေ မီခိုနေမှု မြင့်မားလာခြင်းသည် ချင်းပြည်နယ်အပြင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအထိ ကျယ်ပြန့်လာသည်။
သို့သော် လက်ရှိအချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း များစွာ ရေကြီးမှုနှင့် လမ်းပြိုမှုတို့ကြောင့် ပိတ်ဆို့နေပြီး ကုန်သွယ်ရေးသမားများ အခက်အခဲ ကြီးစွာ ကြုံတွေ့နေကြရသည်။ ၂၀၂၅ ခုနှစ် မေလ ၂၀ ရက်နေ့ခန့်မှ စတင်ကာ ယနေ့အထိ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးပြီး ချောင်းများ ရေကြီးနေသဖြင့် အိန္ဒိယနှင့် မြန်မာကြား ပြေးဆွဲနေသော ကုန်တင် ကားများ ပိတ်မိနေကြောင်း ဆလိုင်း ခမ်ကျူးမှ The Kaladan Post သို့ ပြောကြားခဲ့သည်။
၎င်းပိတ်မိနေသော ကားများသည် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုတည်းတွင်ပင် ကား ၂၀ နီးပါး ရှိသည်ဟု ၎င်းက ဆိုသည်။ “ဒီနှစ် မိုးရေက မထင်မှတ်ရဘူး၊ တကယ့်ကို များတယ်။ ပြီးခဲ့တဲ့နှစ်က ခရီးသည်များ နားနေတဲ့ အဆောင် (တဲ) အထိ ရေတက်လာတယ်။ ပြီးတော့ လမ်းတွေလည်း အတော်လေး ပျက်စီးသွားတယ်။ ယခုလည်း မိုးရွာသွန်းနေဆဲဖြစ်ပြီး မိုးရေချိန်လည်း သိသိသာသာ မြင့်တက်လျက်ရှိတယ်”ဟု ၎င်းက ဆိုသည်။


လက်ရှိအချိန်တွင် မီဇိုရမ်ပြည်နယ်မြို့တော်မှ နယ်စပ်အထိ ပုံမှန်အခြေအနေတွင် ၆ နာရီခန့်သာ မောင်းရသော လမ်းခရီးကို ၃ ရက်ကြာ မောင်းနှင်နေကြရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုကြသည်။
ဤသို့သော အခြေအနေများကြောင့် ချင်းပြည်နယ်အတွင်း ကုန်စျေးနှုန်းများ မတန်တဆ တက်လာခြင်း၊ ကုန်ပစ္စည်းပြတ်တောက်ခြင်းများလည်း ဖြစ်ပေါ်လာနိုင်သည့် အနေအထားသို့ ရောက်ရှိနေဟု စိုးရိမ်မှုများလည်း ရှိနေသည်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် တရားဝင်ကုန်သွယ်ရေးစခန်း တစ်ခုသာရှိပြီး နောက်ထပ် ဖွင့်လှစ်ရန် စီစဉ်ထားသော ပလက်ဝမြို့နယ်ဖြတ်ကာ အိန္ဒိယ၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံဆက်သွယ်ရေး လမ်းမကြီးအပါအဝင် ထန်တလန် နယ်စပ်ကုန်သွယ်ရေးလမ်းများအား တရားဝင်ကုန်သွယ်ရေး လမ်းကြောင်း တိုးချဲ့ရန် အစီအစဉ် ရှိသော်လည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စီမံကိန်းအများစု ရပ်တန့်နေသည်။ သို့သော် နယ်စပ်ကုန်သွယ်မှု အများစုသည် ရွာချင်းဆက်သွယ်ထားသော လမ်းများမှတစ်ဆင့် ဖြစ်ပြီး နယ်စပ်ရွာတိုင်းနီးပါးတွင် ဆက်သွယ်ထားသည့် လမ်းများရှိသည်။ လက်ရှိအချိန်တွင် ကုန်သည်အများစုသည် ထိုလမ်းများကို အသုံးပြုကာ ကုန်သွယ်ကြရသည်။
သို့သော် တရားဝင်ကုန်သွယ်ရေးလမ်းများကို အိန္ဒိယအစိုးရဘက်မှ ယာယီပိတ်လိုက်၊ ပြန်ဖွင့်လိုက်နှင့်သာ ရှိနေသောကြောင့် ကုန်သွယ်ရေးသမားအများစုသည် ချင်း-မီဇို ရွာချင်းဆက်လမ်းများကို အားထားကြရသည်။ ယခုနှစ် မိုးရာသီအတွင်း မိုးများနေပြီး ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် မြို့ကြီးများတွင် မြေပြိုမှုများကြောင့် လူသေဆုံးမှုများ ရှိနေသလို အိုးအိမ်ပျက်စီးမှုလည်း များပြားနေသည်။ ထို့အပြင် လက်ရှိ ကုန်သွယ်ရေး လမ်းတွင် ပိတ်မိနေသူများသည် ၉ ရက်ခန့် ရှိနေပြီဖြစ်ကာ မိုးဆက်လက်ရွာသွန်းပါက ယခုနှစ် မိုးတွင်းကာလအတွင်း ကုန်သွယ်မှု လုံးဝရပ်တန့်သွားနိုင်သည့် အနေအထား ဖြစ်သည်။