၁။ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ စိန်ကန့်လန့်-မြို့ချောင်းရှိ စစ်ကောင်စီတပ်စခန်းအား မီးရှို့ဖျက်ဆီး

———————————————

မေ ၁၂

The Kaladan Post

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်တည်ထောင်ခဲ့သော ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဟိုင်းယုလမ်းဆုံ စစ်ကောင်စီတပ်စခန်းအား သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ၂၀၂၅ ခုနှစ် မေလ ၁၁ ရက်တွင် သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူများ၏ ကားများကို ချောဆွဲပြီး တပ်စခန်းသို့ တက်လာနေသည်ဟု သတင်းရရှိသဖြင့် တိုက်ခိုက်ရန် ရောက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် တပ်စခန်းအား ပြန်လည်အခြေချ၍မရအောင် ဝင်ရောက်မီးရှို့ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတပ်စခန်းတွင် စစ်ကောင်စီးတပ်ဖွဲ့ဝင် ၃၀ ကျော် နေထိုင်ခဲ့ပြီး ၎င်းတို့အားလုံး တပ်ဆုတ်ထွက်ပြေးကာ မင်းလှမြို့နယ်အခြေစိုက် ခလရ ၁ တပ်ရင်း၌ ခံစစ်ပြင်ထားသည်ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူ တစ်ဦးက The Kaladan Post သို့ ပြောဆိုသည်။

၂။ ဝင်းကံနှင့် ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်

———————————————————————

မေ ၁၂

The Kaladan Post

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဝင်းကံ နှင့် ကရဝေးဆိပ်ရွာ များသို့ အာဏာသိမ်းစစ်ကောင်စီမှ တိုက်ပွဲမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

မေလ ၁၀ရက် ဝင်းကံရွာကို ညနေ ၄ နာရီခန့်တွင် Y-12 လေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲချခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ကျွမ်းပြီး ၂ လုံး ဗုံးစထိမှန်ပျက်စီးပြီး စောဖိုးလင်းလင်း (၃၁ နှစ်၊ နဖူး၊ ပေါင်၊ လက်မောင်းထိခိုက်) နှင့် စောနေတိုး (၁၈ နှစ်၊ နားထင်ကွဲပြဲ) တို့ဒဏ်ရာရရှိခဲ့ကြကြောင်း၊ နောက်ထပ် မေလ ၁၁ ရက် နံနက် ၁၀:၄၀ တွင် Jet Fighter ၂ စီးဖြင့် ပေါင် ၅၀၀ နှင့် ၂၀၀ ဗုံး ၁ လုံးစီကြဲချခဲ့ရာ နေအိမ် ၂ လုံး ထပ်မံပြိုကျပျက်စီးပြီး ၁၀ လုံးခန့် ထိခိုက်ပျက်စီးပြီး ဦးမောင်နိုင် (၅၃ နှစ်၊ လက်ကောက်ဝတ်ကြေမွ) နှင့် မောင်မြင့်မြတ်ထွေး (၁၃ နှစ်၊ ကျောပြင်ထိခိုက်) တို့ထပ်မံ ဒဏ်ရာရရှိခဲ့ကြကြောင်း၊ ကရဝေးဆိပ်ရွာအား မေလ ၁၀ရက်နေ့ ညနေ ၄:၁၈ တွင် စစ်ကောင်စီ (အမှတ်-၄၄) ခြေမြန်တပ်မမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ တောင်ထန်းခြံတွင် ဒေါ်ခင်အေး (၆၆ နှစ်) ဦးခေါင်းထိမှန်သေဆုံးကာ ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီသည် တိုက်ပွဲမရှိဘဲ ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ အပြစ်မဲ့ပြည်သူများနှင့် ၎င်းတို့၏ နေအိမ်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။

၃။ ခမရ ၅၉၈ တပ်ရင်းကို PDF နှင့် KNLA ထိန်းချုပ်ထားဆဲ၊ စစ်ကောင်စီ ပြန်ရရန် ကြိုးပမ်းနေဟု SOF တပ်မှူးပြော

—————————————————————

မေ ၁၂

The Kaladan Post

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေတောက်ရှိ ခမရ ၅၉၈ တပ်ရင်းကို PDF နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များက မေလ ၈ တွင် သိမ်းပိုက်ခဲ့ပြီး၊ လက်နက် ၈၃ လက်၊ ခဲယမ်း၊ ဂျန်မာစက်များ သိမ်းဆည်းရရှိသည်။ စစ်သုံ့ပန်း ၆ ဦး၊ ပူးပေါင်းလာသူ ၄ ဦး၊ မိသားစုဝင် ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး၊ စစ်ကောင်စီဘက်မှ အလောင်း ၃၀ ခန့် ချေမှုန်းနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၅၀ ခန့် တပ်ရင်းအနီး ပုန်းခိုနေပြီး၊ ဝေါမြို့နယ်မှ တပ်ကူ ၁၀၀ ခန့်က ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသော်လည်း PDF နှင့် KNLA ၏ ပြင်းထန်ခုခံမှုကြောင့် အောင်မြင်မှုမရှိ ဟု SOF ကအသိပေးထားသည်။

စစ်ကောင်စီက တပ်ရင်းပြန်ရဟု ဓာတ်ပုံအဟောင်းများဖြင့် သတင်းအမှားဖြန့်ထား သော်လည်း တော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တပ်ရင်းအဆောက် အအုံများ ပျက်စီးနေသည်ကို တွေ့ရှိရသည်။

PDF နှင့် KNLA သည် ကွမ်းဆိပ်၊ ကျိုက်ဒေးသုတ်၊ ညောင်ခြေတောက်နှင့် ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး စစ်ကောင်စီနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟု SOF က ထုတ်ပြန်ထားသည်။

၄။ စစ်ကောင်စီတပ်သား ကိုသက်အောင် KNLA တပ်ရင်း(၈)ထံ လက်နက်ချအလင်းဝင်

—————————————————————–

မေ ၁၂

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉ တပ်ရင်းမှ တပ်သား ကိုသက်အောင် (ခ) ကိုသက် (ကိုယ်ပိုင်အမှတ် ပစ ၁၃၅၅၉၆) သည် ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့ရှိ ပြဒါးစခန်းမှ ထွက်ပြေးလွတ်မြောက်ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၈)ထံသို့ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်အတောင့် ၁၀၀ တို့နှင့်အတူ လက်နက်ချအလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုသက်အောင်သည် ယခင်က YBS ကားမောင်းသမားတစ်ဦးဖြစ်ပြီး ဆန္ဒမပါဘဲ စစ်မှုထမ်းရန် မတရားဖမ်းဆီးခံရသူဖြစ်သည်။ ၎င်းအား KNLA တပ်ရင်း(၈)နှင့် မြို့နယ်တာဝန်ရှိသူများက ဆုတော်ငွေ ၁၀ သိန်းကျပ်တိတိ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချအလင်းဝင်ရန် ဖိတ်ခေါ်တိုက်တွန်းအသိပေးထားသည်။

၅။ ဂန့်ဂေါမြို့၊ လယ်မရွာပြည်သူများအား စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖမ်းဆီးမှု

—————————————————————————

မေ ၁၂

The Kaladan Post

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာသို့ ခလရ ၅၀ နှင့် အမြှောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ (အင်အား ၁၀၀ ခန့်) သည် မေလ ၁၂ ရက် မနက် ၁ နာရီခန့်တွင် ဝင်ရောက်ခဲ့ပြီး ည ၂ နာရီခန့်မှ သေနတ်ပစ်ခတ်မှုများ စတင်ခဲ့ပြီး သတ်ဖြတ်ခံရသူများမှာ ကိုကျော်စန်းခိုင် (၂၄ နှစ်)၊ ကိုသက်ပိုင်ဦး (၂၃ နှစ်)၊ ကိုအောင်ကြည်မင်း (၃၉ နှစ်)၊ ကိုနေလင်းဦး (၂၅ နှစ်)၊ ကိုညီလေး (၂၇ နှစ်)၊ ကိုဂျွန်ကိုဝင်း (၁၉)နှစ် ကိုကျော်မြတ်သူ (၁၉ နှစ်)၊ မောင်သီဟလင်း (၁၅ နှစ်၊ ၉ တန်း)၊ မောင်မျိုးသီဟ (၁၅ နှစ်၊ ၉ တန်း)၊ မောင်လျှံထွန်း (၁၂ နှစ်၊ ၇ တန်း)၊ မောင်မှိုင်းဝေ (၁၃ နှစ်) စုစုပေါင်းပြည်သူ ၁၁ ဦးအား ညှင်းပန်းနှိပ်စက်ပြီး သေနတ်ပစ်ခတ်၊ ဓားထိုးသတ်ဖြတ်ခဲ့ပြီးနောက် ပြည်သူ ၃၀ ဦးကျော် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၀ ဦးခန့် နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်ဖမ်းဆီးခံပြည်သူများအား ဂန့်ဂေါမြို့ ခလရ ၅၀ သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းစစ်ကြောင်းတွင် ပြည့်ဝရွာမှ ပျူစောထီးအဖွဲ့ဝင်များ (စိန်ဘိုတင့်၊ ဖိုးတောနှင့် ထွန်းထွန်းအောင်) ပါဝင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

၆။ ရေးမြို့နယ်နှင့် ညောင်လေးပင်တို့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

————————————————————————-

မေ ၁၂

The Kaladan Post

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မေလ ၁၀ ရက်နံနက်က နှစ်ကရင်ကူးတို့ဆိပ်သို့ စစ်ကောင်စီတပ်ဖွဲ့ (အင်အား ၁၀၀ ခန့်) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ဒုအရာခံဗိုလ် နေမျိုးထိုက် (ခ) ခေါင်းဖြူ အပါ အဝင် စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲမှာ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့သည်။

ပဲခူးတိုင်း၊ ညောင်လေးပင်တွင် မေလ ၁၁ ရက်နံနက် ရွှေကျင်မှ ညောင်လေးပင်သို့ ထွက်ခွာလာသော စစ်သား ၂ ဦးပါ ဒိုင်နာကားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၇၀၃) တပ်ရင်းက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ထို့ပြင် စစ်ကူတပ်ကို စနိုက်ပါဖြင့် ထပ်မံတိုက်ခိုက်ရာ စစ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့သည်။

ဒေသခံပြည်သူများထံမှ သတင်းအချက်အလက်များအား ကောင်းမွန်စွာရရှိထားတာကြောင့် တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ရစဉ်။

၇။ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီအကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ

—————————————————————

မေ ၁၂

The Kaladan Post

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်၊ မနက် ၉:၄၀ ခန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အနောက်ဘက်ခြမ်း၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုသို့ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ထုတ် ပြန်ချက် အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူအချို့နှင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာရရှိမှု၏ အတိအကျအခြေအနေကို လက်ရှိတွင် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်များကို အထူးသတိထားရန်နှင့် ဘေးကင်းလုံခြုံရေး အစီအမံများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။