၁။ ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

————————————————————————-

မေ ၁၄

The Kaladan Post

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မေလ ၁၂ ရက်တွင် လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က လုံခြုံရေးအရ ရွာအမည်ဖော်ပြခြင်းမပြုဘဲ ပြည်သူများအား လုံခြုံရေးဂရုပြု၍ သွားလာရန် သတိပေးထားသည်။

 

၂။ ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စကစ ဗုံးကြဲ ပြည်သူ ၂ ဦးသေဆုံး

—————————————————————————-

မေ ၁၄

The Kaladan Post

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ဟဲန္နရွာစာသင်ကျောင်းကို စစ်တပ်က မေလ ၁၂ ရက် မွန်းလွဲတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၃ လုံးကျဲ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။ အလားတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲရွာကို စစ်တပ်က ည ၁၀:၅၉ ခန့်တွင် လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့သော်လည်း ထိခိုက်မှုမရှိ။ ထို့ပြင် ဟိုပန်နောက်ရွာကိုလည်း လက်နက်ကြီး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

 

၃။ မိုးကုတ်နှင့် နောင်ချိုမြို့များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှု နေအိမ်များ ပျက်စီး

—————————————————————————–

မေ ၁၄

The Kaladan Post

မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တို့ကို စစ်ကောင်စီ တပ်က မေလ ၁၃ ရက်ညပိုင်းတွင် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့ကို မေလ ၁၃ ရက် ည ၉:၃၀ တွင် နယ်မြေ ၁၀ စျေးရပ်ကွက်သို့ ဗုံးကြဲချခဲ့ရာ နေအိမ် ၇ လုံး ပျက်စီးခဲ့ပြီး မိုးကုတ်မြို့တွင်လည်း မေလ ၁၃ ရက် ည ၁၁:၄၉ တွင် ရွှေလိပ်ပြာအနီးသို့ ဗုံးကြဲချခဲ့သည်။

မန်တုံနှင့် မိုင်းငေါ့တွင် မေလ ၁၂ ရက် ညတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး (၃) ဦးဒဏ်ရာရပြီး နေအိမ် (၂၇) လုံး ပျက်စီးခဲ့သည်။ မိုင်းငေါ့မြို့ တာလုံရပ်ကွက်ရှိ စာသင်ကျောင်းအနီးတွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံး ကြဲချခဲ့သည်။

စစ်ကောင်စီက မေလ ၆ မှ ၃၁ ရက်ထိ အပစ်ရပ်ရေး ကြေညာထားသော်လည်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေကြောင်း TNLA က ဖော်ပြသည်။

၄။ ကြို့ပင်ကောက်တွင် ပြည်သူ ၂ ဦးသတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း တော်လှန်ရေးတပ်ဖွဲ့ထံမှ ပစ်ခတ်ခံရပြီး သေဆုံး

————————————————————————

မေ ၁၄

The Kaladan Post

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်းသည် မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် အလယ်ကုန်းကျေးရွာအနီး မောင်းနှင်လာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ ရဲဘော်များက စောင့်ကြိုပစ်ခတ်ခဲ့သည်။ မာန်ဟိန်းသည် အနီးနေအိမ်ထဲသို့ ထွက်ပြေးဝင်ရောက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့က လိုက်လံဝင်ရောက်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မာန်ဟိန်းထံမှ G3 ကျည် ၂၀ တောင့်၊ စကားပြောစက် ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် ငွေသား ၆၀၀ ကျပ် သိမ်းဆည်းရရှိခဲ့သည်။ ၎င်းသည် ပြည်သူ ၂ ဦးကို ဆိုင်ကယ်ရပ်မပေးဟုဆိုကာ သတ်ဖြတ်ခဲ့သည့်အပြင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေးသမားများ၏ အချက်အလက်စုံစမ်းခြင်း၊ ပြည်သူထံမှ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် အရေးယူခံရခြင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့က ပြည်သူများအား စစ်တပ်နှင့် ဒေါက်တိုင်များအနီးသို့ သွားလာနေထိုင်ခြင်းမပြုရန်နှင့် စစ်တပ်ဒေါက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်မည် ဖြစ်ကြောင်း သတိပေးထားသည်။

 

၅။ ထိုင်း-မြန်မာနယ်စပ်အနီး တာလယ်ဗျူဟာစစ်စခန်း KNLA ပူးပေါင်းတပ်များက သိမ်းပိုက်

———————————————————————-

မေ ၁၄

The Kaladan Post

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခမရ ၂၄ တာလယ်ဗျူဟာစစ်စခန်းကို KNLA ပူးပေါင်းတပ်များက မေလ ၁၃ ရက်ညနေ ၆:၁၀ ဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ မေလ ၁၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံခဲ့သော်လည်း စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သိမ်းပိုက်မှုအတွင်း စစ်သားအလောင်း ၁၀ လောင်းရရှိပြီး ၂၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည်။ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် အနီးကျေးရွာမှ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၁၂၀ ကျော် ထိုင်းနိုင်ငံ မယ်လကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မေလ ၉ ရက်တွင် တခေါ်ဘီခွီးစခန်းကို သိမ်းပိုက်ပြီးနောက် ယခုတာလယ်စခန်းကို ထပ်မံသိမ်းပိုက်ခြင်းဖြစ်ပြီး KNU တပ်မဟာ ၇ သည် မတ်လမှစ၍ စစ်ကောင်စီ၏ စခန်း ၅ ခုကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် မော်ဖိုးကေ၊ မယ်လနှင့် နော်တရာစစ်စခန်းများကို ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိကြောင်း သိရသည်။