——————————-
၁။ ဖားကန့် တံတားညီနောင်အနီး တိုက်ပွဲပြင်းထန်
——————————————-
မေ ၁၈
The Kaladan Post
ကချင်ပြည်နယ်၊ ဖားကန့်-နန့်ယား-ကာမိုင်းလမ်းပိုင်းရှိ တံတားညီနောင်အနီးတွင် ၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက်ပိုင်းက စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ စစ်ကောင်စီတပ်မှ စစ်သားနှင့် ပြည်သူ့စစ်အင်အား ၆၀၀ ခန့်၊ တင့်ကား ၂ စီးနှင့် ဒရုန်းများအသုံးပြုထားသော်လည်း ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်းများကို KIA နှင့် KPDF က သိမ်းဆည်းရရှိခဲ့သည်။ စစ်ကောင်စီသည် ဖားကန့်မြို့နှင့် အဆိုပါလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင်နေသော်လည်း KIA နှင့် KPDF က နယ်မြေအများစုကို ထိန်းချုပ်ထားဆဲဖြစ်သည်။
၂။ တောင်သာနှင့်ပုလဲမြို့နယ်တွင် စကစလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများဖြစ်ပေါ်
——————————————————————————-
မေ ၁၈
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိခိုက်သေဆုံးမှုမရှိသော်လည်း နေအိမ် ၂ လုံးပျက်စီးပြီး နွား ၁ ကောင်သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်ကောင်စီတပ်က မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ၆ တန်းကျောင်းသား မောင်ဖုန်းမင်းသန့်၊ ၁၂ တန်းကျောင်းသူ မကြယ်ဇင်ဦး၊ ဒေါ်မရီနှင့် မသင်းမြတ်သူ စုစုပေါင်း ၄ ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိပြီး အချို့မှာ စိုးရိမ်ရကြောင်း ဒေသနေပြည်သူများက ပြောကြားသည်။
၃။ ဟားခါးမြို့တွင် စစ်သားတစ်ဦးဖမ်းဆီးခံရ၊ စစ်သားနှစ်ဦးနှင့်ရဲတစ်ဦး CDF-Hakha ထံ လက်နက်ဖြင့်အလင်းဝင်
————————————————————————–
မေ ၁၈
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၅ နှင့် ၁၇ ရက်တို့တွင် ဟားခါးမြို့၌ စစ်ကောင်စီစစ်သားတစ်ဦးကို CDF-Hakha က ဖမ်းဆီးခဲ့ပြီးနောက် စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်ကာ CDF-Hakha ထံ အလင်းဝင်လာခဲ့သည်။ CDF-Hakha က အလင်းဝင်သူများကို နွေးထွေးစွာကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်ကာ လုံခြုံသောနေရာသို့ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်သို့ ပြောင်းလာလိုသူများကို အမြဲကြိုဆိုမည်ဖြစ်ကြောင်း မေလ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
၄။ ဘုတလင်မြို့ အထကကျောင်းရှိ စကစကို တိုက်ခိုက်ချေမှုန်း
——————————————————-
မေ ၁၈
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် ၆ နာရီမှ ၉:၃၀ နာရီအထိ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ အထကတန်းကျောင်းဝင်းအတွင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဘုတလင်မြို့နယ်ပကဖနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိ သေးကြောင်း ဘုတလင်မြို့နယ်ပကဖ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး မြို့တွင်းစစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ၎င်းက ဆိုသည်။
၅။ တောင်ငူစကစလေတပ်စခန်းကို ၁၀၇ မမ ဒုံးဖြင့် တိုက်ခိုက်
——————————————————
မေ ၁၈
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် (၁း၄၈) နာရီတွင် ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းကို Brave Warriors for Myanmar (BWM) ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ လုံး ထိမှန်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံး၊ ပျက်စီးမှုများရှိနိုင်ကြောင်း ပြောကြားသည်။ ဤစခန်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိကပါဝင်နေသဖြင့် BWM Mission 37 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဤစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင် မြောက် ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
၆။ ရွှေဘိုမြို့နယ်တွင် စကစကြောင်းထိုးပြီး ပြည်သူများဖမ်းဆီးခံရ၍ ထောင်နှင့်ချီထွက်ပြေး
————————————————————————-
မေ ၁၈
The Kaladan Post
၂၀၂၅ခုနှစ် မေလ ၁၄ ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးကာ တခွန်တိုင်ရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများအပါအဝင် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး လက်နက်ကြီးပစ်ခတ်မှု၊ ပစ္စည်းဖျက်ဆီးမှုများကြောင့် တခွန်တိုင်၊ ညောင်ကန်၊ ကြောင်ပန်းကန်အပါအဝင် ရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဆေးဝါး၊ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောကြားသည်။
၇။ စကစဂိတ်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံး
——————————————————-
မေ ၁၈
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၅ ရက် ညနေ ၃ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းရှိ စစ်တပ်ဂိတ်စခန်းကို Myingyan Black Tiger (MBT) တပ်ဖွဲ့၊ နဂါးမင်း (PDF) အဖွဲ့နှင့် တော်လှန်ရေး (ပခုက္ကူ) တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ၃၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး စစ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက စခန်းသိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း စစ်ကူရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ဗိုလ်မိုက်ခဲက ပြည်သူများအား စိတ်ဓာတ်မကျရန်နှင့် MBT တပ်ဖွဲ့၏ ရှေ့ဆက်တိုက်ပွဲဝင်မည့် ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။
၈။ ကမ္မမြို့ရပ်ကွက်ဆေးခန်းကို စစ်တပ်က ဗုံးကြဲ
——————————————-
မေ ၁၈
The Kaladan Post
၂၀၂၅ ခုနှစ် မေလ ၁၈ ရက် နံနက် ၆ နာရီ ၁၇ မိနစ်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနောက်ဘက် ဂျိုးပျံရပ်ကွက်ရှိ ရပ်ကွက်ဆေးခန်းတစ်ခုကို စစ်ကောင်စီတပ်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းအဆောက်အအုံပျက်စီးကာ အနီးရှိ ထန်းပင်တစ်ပင်လည်း ထက်ဝက်ခန့် ပြတ်ထွက်သွားသည်။ ဆိပ်ဖြူတကိုယ်တော်ကျားဇိုးက ဆေးခန်းမှာ ကြာရှည်ပိတ်ထားခဲ့ရပြီး ဒဏ်ရာရသူတစ်ဦးမှာ ဦးခေါင်းပေါက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ စစ်ကောင်စီက မေလအတွင်း အပစ်ရပ်ရေး ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။