၁။ ဒမငယ်ရဲကင်းစခန်း သိမ်းပိုက်မှု၊ စစ်ကောင်စီ ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
မေ ၂
The Kaladan Post
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို ယနေ့ မေလ (၂) ရက် နံနက် (၃:၅၀)နာရီချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။ တစ်နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၂ ဦးသေဆုံးပြီး ကျန်တပ်ဖွဲဝင်များ ထွက်ပြေးခဲ့သည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးပြုလုပ်ရာ G3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၃ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၉ လုံး၊ ပလတ်စတစ်နင်းမိုင်း ၅ လုံး၊ ယာဉ်ဖျက်မိုင်း ၄ လုံးနှင့် G3 ကျည် ၁၂၀ တောင့်ကို သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ နှင့် ၆) နှင့် နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲဘက်တွင် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
“ရန်သူ ၂ ဦးသေဆုံးပြီး ကျန်တပ်ဖွဲဝင်များ ထွက်ပြေးသွားခဲ့တယ်။ လက်နက်ခဲယမ်းများကို အောင်မြင်စွာ သိမ်းဆည်းနိုင်ခဲ့ပြီး ကျွန်ုပ်တိုဘက်တွင် ထိခိုက်မှုမရှိပါ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားကြောင်း သတင်းရရှိသည်။
၂။ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှု စစ်အာဏာရှင်သက်ဆိုးရှည်စေမှု မဖြစ်သင့်ဟု NUG ယာယီသမ္မတ ပြောကြား
မေ ၂
The Kaladan Post
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တရုတ်နိုင်ငံ၏ ရန်သူမဟုတ်ဘဲ၊ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုသည် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမှု မဖြစ်သင့်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီလ ၂၉ ရက်က ပြုလုပ်သော NUG ၏ ၁၃/၂၀၂၅ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယာယီသမ္မတက “တရုတ်၏ ကြားဝင်ဖျန်ဖြေမှုသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမှု မဖြစ်သင့်ဘဲ၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် မူများအပေါ်အခြေခံရန် လိုအပ်သည်” ဟု ထောက်ပြသည်။ တရုတ်နိုင်ငံက NUG အပေါ် ထင်ကြေးများဖြင့် ချည်းကပ်ထင်မြင်နေမှုကို ပြန်လည် တည့်မတ်ရန် လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။
NUG သည် တရုတ်၏ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ဘဲ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒရှိကြောင်း ယာယီသမ္မတက ရှင်းပြသည်။ “NUG သည် တရုတ်အတွက် ဆူးညှောင့်ခလုတ်မဟုတ်ဘဲ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်” ဟု ၎င်းက တရုတ်ထံ သတင်းစကားပါးခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး၊ အာဆီယံပဋိညာဉ် တွင် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမပြုရန် မူပါရှိကြောင်း ၎င်းက ထည့်သွင်းပြော ကြားသည်။ တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုကို မငြင်းပယ်သော်လည်း၊ ပိုမိုကျယ်ပြန့်သည့် ချည်းကပ်မှုများဖြင့် ဆောင်ရွက်မှသာ ရေရှည်အကျိုးရှိမည်ဟု ၎င်းက ယူဆသည်။ လက်ရှိ တရုတ်၏ လုပ်ရပ်များသည် မြန်မာ့အရေးကို ယာယီသက်သာစေရုံ “ဆေးမြီးတို” သဖွယ်ဖြစ်နေသည်ဟုလည်း ၎င်းက ဝေဖန်သည်။
ထို့ပြင်၊ တရုတ်က MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးရန် ဝင်ရောက်စွက်ဖက်မှုအပေါ် မြန်မာပြည်သူနှင့် တော်လှန်ရေးအင်အားစုများက စစ်အုပ်စုကို ထောက်ခံသည့်လုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချထားသည်။
၃။ ကျောက်ထုတိုက်နယ်တွင် စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
မေ ၂
The Kaladan Post
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်တစ်ခုတွင် အကြမ်းဖက်စစ်တပ်က မေ ၁ ရက် ည ၁၀:၅၀ ခန့်က Yak-130 နှင့် MIG-29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပြည်သူထိခိုက်မှုမရှိသော်လည်း ဖုန်းလိုင်းပြတ်တောက်မှုကြောင့် ဆက်သွယ်ရေးခက်ခဲ နေသည်ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောသည်။
လက်ရှိ ယောနယ်ဒေသတွင် စစ်တပ်က ဖုန်းလိုင်းဖြတ်တောက်ထားပြီး နေ့စဉ် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ တော်လှန်ရေးအင်အားစုများက ပြည်သူများအား လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများလိုက်နာရန်နှင့် ဗုံးခိုကျင်းများ တူးထားရန် တိုက်တွန်းထားသည်။
၄။ ရေဖြူတွင် စစ်ကောင်စီတပ်ဖွဲဝင်နှစ်ဦးသေဆုံး၊ တော်လှန်ရေးတပ်များ ထားဝယ် အထူးစီးပွားရေးဇုန်အနီး စခန်းချရန်ပြင်ဆင်နေသူများကို တိုက်ခိုက်
မေ ၂
The Kaladan Post
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ လဲရှောင်ကျေးရွာအနီးတွင် ထားဝယ်အထူးစီးပွားရေးဇုန်လည်ပတ်ရန်အတွက် စခန်းချရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်ဖွဲဝင်များကို တော်လှန်ရေးပူး ေပါင်းတပ်များက ဧပြီလ ၂၇ ရက် နံနက် ၆:၃၀ ခန့်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနတပ်ခွဲ-၇ (LPF) ထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲသည် အင်အား ၇၀ ခန့်ဖြင့် လဲရှောင်ရွာအနီးတွင် တပ်စွဲထားပြီး ရေနက်ဆိပ်ကမ်းအနီး စခန်းချရန် ပြင်ဆင်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲဝင်များထံတွင် ထိခိုက်ဒဏ်ရာမရှိခဲ့ပေ။ အပြန်အလှန်ပစ်ခတ်မှုမှာ ၆ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲသည် ညအတွင်း ရေနက်ဆိပ်ကမ်းဘက်သို ဆုတ်ခွာသွားခဲ့သည်။
တိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်၊ ဒေါနတပ်ခွဲ-၇ (LPF) အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သတင်းရင်းမြစ်၊ ဒေါနတပ်ခွဲ-၇ (LPF)
ဓာတ်ပုံ၊ ဒေါနတပ်ခွဲ-၇ (LPF)
၅။ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ အပစ်ရပ်စဲရေးကို တစ်လထပ်တိုး
မေ ၂
The Kaladan Post
မတ်လ ၂၈ ရက်က အင်အားပြင်း ငလျင်ဒဏ်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA), တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA) တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် အပစ်ရပ်စဲရေးကာလကို မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လထပ်မံတိုးမြှင့်လိုက်ကြောင်း မေလ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများသည် တစ်လကျော်ကြာသည်အထိ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ နောက်ဆက်တွဲလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် အချိန်ထပ်မံလိုအပ်နေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဖော်ပြထားသည်။
ယင်းသုံးဖွဲ့သည် မတ်လ ၂၈ ရက်က ငလျင်ဖြစ်ပွားပြီးနောက် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ အပစ်ရပ်စဲရေးကြေညာခဲ့ဖူးပြီး၊ ယခုတွင် ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ အပစ်ရပ်စဲရေးကာလအတွင်း မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်လိုအပ်သည့် တုံ့ပြန်မှုများမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ၎င်းတို့က ကတိပြုထားသည်။
သို့သော် ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့များသည် နေရာအများအပြားတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များ ဆင်နွှဲခဲ့ပြီး၊ တစ်လနီးပါးအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၂ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဤအပစ်ရပ်စဲရေးသည် ငလျင်ဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးမည်ဟု မျှော်လင့်ရသည်။
၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့သော ပြည်သူများအား ထောက်ပံ့ကူညီ
မေ ၂
The Kaladan Post
၂၀၂၅ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ အကြမ်းဖက် စစ်ကောင်စီ၏ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာ ခဲ့ရသော သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာရှိ အိမ်ထောင်စု များအား ၂၀၂၅ ခုနှစ် ၊ ဧပြီလ(၂၇)ရက်နေ့တွင် တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း Mandalay PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ၊ ဧပြီလအတွင်း သိပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူ (၅၀)ဦး ဝန်းကျင် အသက်ဆုံးရှုူံးခဲ့ပြီး (၈၀)ဦး ဝန်းကျင်ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
စစ်ကောင်စီသည် ငလျင်ဘေးသင့်ပြည်သူများ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် တစ်ဘက်သ၊တ် အပစ်ရပ်ကြေညာသည့် ကာလာတွင် ယခုလို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ကျုးလွန်နေမှုသည် ငြိမ်းချမ်းရေး အလိုမရှိကြောင်း သက်သေဖြစ်သည်ကို ဖော်ပြခြင်းပင်ဖြစ်သည်။
၇။ ချောက်နှင့်ပုလောမြို့အဝင်များတွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ပြုလုပ်
မေ ၂
The Kaladan Post
မကွေးတိုင်း၊ ချောက်မြို့အဝင်နှင့် တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်တိုတွင် စစ်ကောင်စီတပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ချောက်မြို့အဝင် မိုးပေါက်ကန်ဂိတ်တွင် စစ်ကောင်စီက ခရီးသည်တင်ယာဉ်များပေါ်မှ လူငယ်များကို မှတ်ပုံတင်နှင့် ဖုန်းများ စစ်ဆေးပြီး မသင်္ကာသူများကို ဖမ်းဆီးကာ စစ်မှုထမ်းရန် ခေါ်ဆောင်သွားသည်။ ဧပြီလ ၂၈ ရက်က ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အလားတူ ပုလောမြို့အဝင် ကျောက်စုဂိတ်တွင် မေလ ၁ ရက် နံနက်ပိုင်း၌ လူငယ် ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၁၁ ဦးကို မြိတ်မြို့ရှိ စစ်သင်တန်းကျောင်းသို ပိုဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူများမှာ အမှတ် ၄ ရပ်ကွက်မှ လူငယ်များဖြစ်ပြီး ၎င်းတို၏ ဆိုင်ကယ်များကိုလည်း သိမ်းဆည်းခဲ့ြကသည်။
ထိုပြင် ထားဝယ်မြို့အဝင်ဂိတ်များတွင်လည်း လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ရှိနေကြောင်း တနင်္သာရီတိုင်းမ်သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“စစ်ကောင်စီ၏ ဤလုပ်ရပ်များသည် အင်အားဆုံးရှုးမှုများကို ဖြည့်တင်းရန် ကြိုးပမ်းမှုဖြစ်သည်”ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
၈။ ခလယ်လွီထူခရိုင်၊ မူးမြိုနယ်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များမှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်
မေ ၂
The Kaladan Post
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြိုနယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ ခြေကုတ်ယူထားသည့် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း (နိုကလော်) နှင့် တောင်စုကျေးရွာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက် နံနက် ၁း၀၀ နာရီတွင် တက်ရောက်သိမ်းပိုက်ပြီး ရှင်းလင်းနိုင်ခဲ့သည်။
ဤတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုရင်းမှူးတစ်ဦးနှင့် အရန်ခံဗိုလ်တစ်ဦး ကျဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူများစွာရှိကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။ စစ်ကောင်စီတပ်များ၏ တပ်စွဲထားမှုကြောင့် ဒေသခံကျေးရွာများမှ ပြည်သူများသည် ၎င်းတို၏ပိုင်ဆိုင်မှုများကို ထားခဲ့ကာ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေရပြီး များစွာသော ဒုက္ခများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
ဤစစ်ဆင်ရေးသည် အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကို တွန်းလှန်ရန် KNLA နှင့် ပူးပေါင်းတပ်များ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပြီး၊ ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် လွတ်လပ်မှုကို ပြန်လည်ရရှိရန် ရည်ရွယ်သည်။
ရင်းမြစ်: ကရင်အမျိုးသားအစည်းအရုံး (KNU) ထုတ်ပြန်ချက်
၉။ ကျားသစ်နက်တပ်မတော် (BLA) သင်တန်းဆင်းပွဲ ယင်းမာပင်ခရိုင်တွင် ကျင်းပ
မေလ ၂
The Kaladan Post
ယင်းမာပင်ခရိုင်အမှတ် (၁၁) တပ်ရင်း၊ ကျားသစ်နက်တပ်မတော် (BLA) အဖွဲ့သည် ၃ လကျော်ကြာ ပြုလုပ်ခဲ့သော သင်တန်းတစ်ခုအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး၊ အဆိုပါ သင်တန်းဆင်းပွဲသည် BLA ၏ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် စစ်ရေးစွမ်းရည်မြှင့်တင်မှုတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်သည်။ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပခဲ့ကြောင်း BLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရန် The Kaladan Post မှ BLA ထံသို့ Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ သင်တန်းနဲ့ ပတ်သက်သော အချက်အလက်များအား ပြန်လည်ဖြေကြား ခွင့်မရှိဟု ပြန်လည်ဖြေကြား သွားပါသည်။
အဆိုပါသင်တန်းဆင်းပွဲသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု များကို ပြသသည့် သက်သေတစ်ခုဖြစ်သည်။









