——————————-
၁။ စကစက လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်၍ ပြည်သူ ၂ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
——————————————————————————
မေ ၂၁
The Kaladan Post
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းနှင့် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် Y-12 လေယာဉ်ဖြင့် ဗုံးသီး ၃၉ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပေါက်ဆိန်ကုန်းရွာမှ ဦးမှိုင်းနှင့် အမျိုးသားတစ်ဦး သေဆုံးပြီး သင်တောရွာမှ ဒေါ်စီပု ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ ထို့ပြင် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းများက သင်တောရွာသို့ ဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးနေသဖြင့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။ မြေပြင်အခြေအနေ အသေးစိတ်ကို အတည်ပြုရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၂။ ပြည်ခရိုင် သိမ်ကုန်းတာဝါတိုင်စခန်းအား PDF တပ်များ အပြီးသတ်သိမ်းပိုက်
———————————————————————–
မေ ၂၁
The Kaladan Post
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းအား ၂၀၂၅ မေလ ၁၉ တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃၆၀၁၊ ၃၆၀၂ နှင့် ပြည်ခရိုင် ပကဖ အဖွဲ့တို့၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ မေလ ၁၇ တွင် စစ်ကောင်စီစစ်ကူ ၇၀ ခန့်အား PDF တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။ မေလ ၁၈ ညပိုင်းတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး PDF တပ်များက စခန်းအား သိမ်းပိုက်ခဲ့သည်။ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ပြည်မြို့မှတစ်ဆင့် ရခိုင်ရိုးမနှင့် မကွေးတိုင်းသို့ ပို့ဆောင်နေကြောင်း သိရသည်။ သိမ်ကုန်းစခန်းမှ စစ်ကောင်စီတပ်သည် ပြည်သူများအား ပေါ်တာဆွဲခြင်း၊ ကျေးရွာများမီးရှို့ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ PDF ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာသွားရပြီး ဒေသခံများအား လေကြောင်းအန္တရာယ် သတိထားရန် တိုက်တွန်းထားသည်။
၃။ မိတ္တီလာပျူစောထီးခေါင်းဆောင် ဇော်ယုထွန်း စစ်ကောင်စီထံမှ ဖမ်းဆီးခံရ
———————————————————————–
မေ ၂၁
The Kaladan Post
၂၀၂၅ မေလ ၁၅ တွင် မိတ္တီလာမြို့ရှိ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ စစ်တပ်ထောက်ခံသူ၊ မဘသအဖွဲ့ဝင်နှင့် စစ်မှုထမ်းဟောင်းဖြစ်သူ ဇော်ယုထွန်းသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သတင်းပေးအဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၂၂ တွင် ပျူစောထီးခေါင်းဆောင်ဖြစ်လာကာ မြို့လုံခြုံရေးနှင့် တိုးဂိတ်တာဝန် ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးဝေဖြိုးနှင့် ပဋိပက္ခဖြစ်ပွားပြီး စစ်မှုထမ်းဆက်ကြေး ကောက်ခံမှုကို ၎င်း၏ လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်သည်။
၄။ ဘုရင့်နောင်တပ်မြို့ စစ်ကောင်စီတိုက်ခိုက်ရေးကျောင်း ဒုံးပစ်တိုက်ခိုက်ခံရမှု
———————————————————————–
မေ ၂၁
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ စစ်ကောင်စီ၏ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို Brave Warriors for Myanmar (BWM) ဦးဆောင်မှုဖြင့် MKCDF၊ ACPLF နှင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ တို့ ပူးပေါင်းကာ ၁၀၇ မမ ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဒုံး ၄ လုံး ပစ်မှတ်ထိမှန်ခဲ့ပြီး ကျောင်းအုပ်ကြီးနေအိမ်၊ ကားဂိုဒေါင်၊ အရာရှိအိပ်ဆောင်များ၊ ဗဟိုကင်းအိပ်ဆောင်နှင့် လက်နက်တိုက် ထိခိုက်ပျက်စီးခဲ့သည်။ ဗိုလ်မှူး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့သည်။ စစ်သည် ၂ ဦး၊ ဒုတပ်ကြပ် ၂ ဦးနှင့် ကင်းသား ၃ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mountain Knights – Civilian Defense Force ၏ ထုတ်ပြန်ချက်အရ သိရသည်။
၅။ တမူးမြို့နယ်၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု တပ်သား ၂ ဦးသေဆုံး
——————————————————–
မေ ၂၁
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာ၌ တပ်စွဲထားပြီး ပြည်သူများကို အကြောင်းမဲ့ စစ်ဆေးရမ်းကားနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ZO NATIONAL UNION/Zo Army မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Zo Army ၏ ထုတ်ပြန်ချက်အရ သိရသည်။
၆။ ဖားကန့်မြို့နယ် တံတားညီနောင်တွင် စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်မှု
——————————————————————–
မေ ၂၁
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ အင်အား ၆၀၀ ကျော်နှင့် တင့်ကား ၂ စီးပါ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လဝါး-ကာမိုင်း-နန့်ယား-ဖားကန့်လမ်းပိုင်း၊ တံတားညီနောင်အနီးတွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အများအပြား ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ စစ်ကောင်စီက နေ့စဉ် ဂျက်ဖိုက်တာလေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် ဖားကန့်တပ်မကုန်းမှ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ကူပေးသော်လည်း KIA နှင့် KPDF ၏ ပြင်းထန်သော ခုခံတိုက်ခိုက်မှုကြောင့် ဖားကန့်မြို့သို့ ရောက်ရှိခြင်းမရှိသေးဘဲ ဆုံးရှုံးမှုများ ကြီးမားနေသည်။
စစ်ကောင်စီသည် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့ကို ပြန်လည်ထိန်းချုပ်ရန် ၂၈ ရက်ကြာ အသေခံစစ်ကြောင်းထိုးနေသော်လည်း KIA နှင့် KPDF ၏ နယ်မြေစိုးမိုးမှုနှင့် ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တံတားညီနောင်အနီးတွင် ရပ်တန့်နေရသည်။
၇။ စကစလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး
—————————————————————————
မေ ၂၁
The Kaladan Post
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်တစ်ဆိုင်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်၏ တံတားဦးလေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် ထမင်းဆိုင်အတွင်း ထမင်းစားနေသည့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ TRIPLE-R တပ်ဖွဲ့မှ PDF ရဲဘော် ၄ ဦး (ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ်၊ ရဲဘော်မွန်းနှင့် ရဲဘော်လင်းယုန်) နှင့် ဆိုင်ရှင်သားအမိ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့အပြင် မေလ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ဖျသီးရွာအနီးကိုလည်း စကစက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ We Love Myaing အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဘာတိုက်ပွဲမှမရှိဘဲ လေကြာင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ” ဟု ပြောကြားခဲ့သည်။
၈။ ငါန်းဇွန်မြို့သာရဲစခန်း ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
——————————————————————
မေ ၂၁
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက် ည ၉ နာရီခန့်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း၊ ငါန်းဇွန်ပကဖ တို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ 3.5kg ဗုံး ၂ လုံးနှင့် 5kg ဗုံး ၁ လုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးများသည် ကင်းပုန်းဝပ်နေသော စစ်သားအုပ်စုနှင့် စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ သေဆုံးသူများကို စခန်းအတွင်း မြေကျင်းတူးသင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရာရသူများကို စခန်းအတွင်း ဆေးကုသထားသည်။ မေလ ၂၀ ရက်နံနက်တွင် စစ်ကား ၃ စီးဖြင့် အင်အားထပ်ဖြည့်ခဲ့ကြောင်း သိရသည်။
၉။ ကလေး-သိုင်းငင်းလမ်းမကြီး ယာယီပိတ်ပင်
——————————————
မေ ၂၁
The Kaladan Post
၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်၊ နေ့လယ် ၁၁ နာရီမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀-၂၅၀ ခန့်ဖြင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာမှုကြောင့် ကလေး-သိုင်းငင်းလမ်းမကြီးကို ယာယီပိတ်ပင်ထားသည်။ အဆိုစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စကစအင်အား ၂၀၀-၂၅၀ ဝန်းကျင်ဖြင့် ၂၀၂၅ခုနှစ်၊ မေလ ၁၈ရက်နေ့တွင် ချင်းတောင်ဘက်သို့ စတင်စစ်ကြောင်းထိုးလာတာ ဖြစ်ကြောင်း CDF Civic Defence Militia – CDM Siyin မှ ပြောရေးဆိုခွင့်ရှိသူက The Kaladan Post သို့ပြောဆိုသည်။ Civic Defence Militia (CDM Siyin) ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် လမ်းပြန်ဖွင့်မထားမချင်း အသုံးမပြုရန်နှင့် ပိတ်ပင်ထားစဉ် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးထားသည်။ CDF နှင့် PDF Zoland အဖွဲ့များသာ လက်ရှိရောက်ရှိနေပြီး CC/CB မဟာမိတ်များကို အကြောင်းကြားထားပြီးဖြစ်ကာ ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာရန် တိုက်တွန်းထားသည်။